ဧရာမပင်လယ်လှိုင်းကြီးတခုက လှိုင်းစီး နေသူများကို ၎င်းတို့ စီး နေသည့် ဘုတ်ပြား ပေါ်ကနေ ရေအောက်ထဲ ဆွဲနှစ်လိုက်သည့် အခါ ဘယ်နေရာကို ရောက်နေမှန်းတောင် မသိတော့ဘဲ အရပ်မျက်နှာလည်း ပျောက်ဆုံးသွားတတ်သည်။ ထို အခြေအနေကို “အဝတ်လျှော်စက်ထဲ ရောက်သွားသလို” ဟု ခေါ်ကြသည်။
နိုဝင်ဘာလ ၃ ရက်နေ့တွင် ဒေါ်နယ်ထရမ့်နှင့် ၎င်း၏ ရီပတ်ဘလစ်ကန်ပါတီတို့လည်း အလားတူအဖြစ်မျိုး ကြုံတွေ့ခဲ့ရသည်။ အမေရိကန်မဲဆန္ဒရှင် သန်းပေါင်းများစွာ၏ ပြင်းထန်သည့် တုန့်ပြန်မှု ကြောင့် ထွက်ပေါ်လာသည့် ရွေးကောက်ပွဲရလဒ်လှိုင်းလုံးကြီးသည် ၎င်းတို့ကို အရှိန်ပြင်းပြင်းနှင့် ရိုက်ခတ်သွားခဲ့ခြင်း ဖြစ်သည်။ ထို အနေအထား ကြောင့် အမေရိကန်သည် မည်မျှအထိ ပြောင်းလဲသွားခဲ့ပြီ ဆိုသည်ကို သူတို့ကိုယ်တိုင် လည်း ယခုထိ နားလည်သဘောပေါက်နိုင်ခြင်း မရှိသေးပေ။
ယခု ရွေးကောက်ပွဲရလဒ်သည် လက်ရှိသမ္မတတဦးကို ဆန့်ကျင် လာချိန်တွင် ပြုလုပ်ခဲ့သည့် ပုံမှန်ကြားဖြတ်ရွေးကောက်ပွဲတခုတွင် ဖြစ်လေ့ရှိသည့် မဲအပြောင်းအလဲမျိုး မဟုတ်ကြောင်း ထင်ရှားနေပြီဖြစ်သည်။ ယင်းသည် လွန်ခဲ့သည့် နှစ်ပေါင်း ၅၀ ကျော်က ဝါးတာဂိတ် အရှုပ်တော်ပုံနောက်ပိုင်း အကြီးမားဆုံး နိုင်ငံရေး လှိုင်းဂယက်ကြီး တခု ပင် ဖြစ်သည်။
ဒီမိုကရက်တစ်ပါတီသည် ကွန်ဂရက်လွှတ်တော်၏ လွှတ်တော်နှစ်ရပ်စလုံးကို ထိန်းချုပ်နိုင်ခဲ့ပြီ ဖြစ်သည်။ တချိန်က ရီပတ်ဘလစ်ကန်ပါတီအတွက် လှည့်ကြည့်စရာ မလို အောင် စိတ်ချလုံခြုံသည် ဟု ယူဆထားသည့် မဲဆန္ဒနယ်များ ကိုပါ အနိုင်ရရှိခဲ့ပြီး တောင်ကယ်ရိုလိုင်းနားပြည်နယ်မှသည့် တက္ကဆက်ပြည်နယ်အထိ အပြာရောင်များ ဖြစ်ကုန်သည်။
ဤ အခြေ အနေကို ရိပ်စား မိခြင်း မရှိ သေးသူများ အတွက်လာမည့်ရက်များအတွင်း နောက်ထပ် အရေးကြီးသည့် သင်ခန်းစာနှစ်ခုကို သင်ယူကြရပေလိမ့်မည်။
ပထမသင်ခန်းစာသည်က ယခု အောင်မြင်မှုသည် ဒီမိုကရက်တစ်ပါတီအတွက် အောင်ပွဲတခုသာမက အမေရိကန်ဒီမိုကရေစီစနစ်အတွက်ပါ အောင်ပွဲတခုဖြစ်သည် ဆိုခြင်းပင်။ မဲဆန္ဒရှင်များအား အမြဲတမ်း မိမိဘက်မှာ ရှိနေမည့် လူများဟု သဘောထား၍ မရပေ။ ၎င်းတို့ မကျေမ နပ် နှင့်ဒေါသထွက်လာပြီဆိုက ကာလရှည်ကြာ ထောက်ခံအားပေးလာခဲ့သည့် နိုင်ငံရေးပါတီများကိုပင် ကျောခိုင်းဆန့်ကျင်သွားနိုင် ခြင်း ဖြစ်သည်။
ဒုတိယသင်ခန်းစာသည်က နိုင်ငံရေးပါတီနှစ်ရပ်စလုံးသည် နိုင်ငံရေး ချဉ်းကပ်မှုပုံစံသစ်တခုကို ရှာဖွေဖို့ လိုအပ်လာပြီဆိုခြင်းပင်၊ ထို နိုင်ငံရေးပုံစံသစ်သည် မိမိတို့၏ မဲဆန္ဒရှင်များကို ဒေါသထွက်အောင် လှုံ့ဆော်ပေးဖို့ အချိန်ကုန်ခံနေမည့် အစား ၎င်းတို့အတွက် အမှန်တကယ် အလုပ်ဖြစ်မြောက်အောင် လုပ်ဆောင်ပေးဖို့ကို ပိုမိုအာရုံစိုက်သင့် ခြင်းပင် ဖြစ်သည်။
နိုင်ငံရေးလှိုင်းလုံးကြီးသည် အမေရိကတဝန်းလုံးကို ဖြတ်ကျော်ရိုက်ခတ်သွားခဲ့ပြီ ဖြစ်သည်။ ရွေးကောက်ပွဲ မဲရေတွက်မှု မပြီးပြတ်သေးသည့် မဲဆန္ဒနယ်အချို့ ကျန်ရှိနေသေးသော်လည်း ဒီမိုကရက်တစ်ပါတီသည် အထက်လွှတ်တော်တွင် အမတ်နေရာ ၅၄ နေရာ (တသီးပုဂ္ဂလ အမတ်နှစ်ဦးအပါအဝင်) နှင့် အောက်လွှတ်တော်တွင် အမတ်နေရာ ၂၆၀ ခန့် ရရှိထားပြီဖြစ်သည်။ ယခင်ကအထက်လွှတ်တော်မှာ ၄၇ နေရာ၊ အောက်လွှတ်တော်မှာ ၂၁၄ နေရာသာ ရှိခဲ့သည်။ (ယနေ့ နိုဝင်ဘာ ၁၁ တွင် မစ္စစ္စပီ သည် ၁၉၈၀ နောက်ပိုင်း ပထမ ဆုံးအကြိမ် အဖြစ် လူမည်း အမျိူးသား စကော့ ကော်လွန်း သည် အထက်လွှတ်တော် အမတ် အဖြစ် ရွေးချယ်ခံရ၍ ၅၄ နေရာအစား ၅၅ နေရာ ဖြစ်သွားခဲ့သည်။)
အောက်လွှတ်တော်ရွေးကောက်ပွဲတွင်လည်း ဒီမိုကရက်တစ်ပါတီသည် ပြည်သူများ၏ တိုက်ရိုက်မဲစုစုပေါင်း (Popular Vote) ကို ၁၃ ရာခိုင်နှုန်းအသာနှင့် အနိုင်ရရှိဖို့ ရှိနေသည်။ ထို့အပြင် ပြည်နယ်အုပ်ချုပ်ရေးမှူးရာထူးများတွင် လည်း အနည်းဆုံး ငါးနေရာ ထပ်မံအနိုင်ရရှိခဲ့သည်။
ကန်ဆက်စ်ပြည်နယ် တွင် တော့ ရုစ်ဘဲလ်၏ New Deal ခေတ်ကတည်းက ပထမဆုံးအကြိမ် ဒီမိုကရက်တစ်ပါတီ အထက်လွှတ်တော်အမတ်တဦး ရွေးကောက်တင်မြှောက်ခံခဲ့ရသည်။
တက္ကဆက်ပြည်နယ်တွင် လည်း ဒီမိုကရက်တစ်ပါတီသည် နှစ်ပေါင်း ၄၀ နီးပါးအတွင်း ပထမဆုံးအကြိမ် အထက်လွှတ်တော်အမတ်နေရာတနေရာကို အနိုင်ရရှိခဲ့သလို သုံးကြိမ်ဆက်တိုက် ရွေးကောက်တင်မြှောက်ခံထားရတဲ့ ပြည်နယ်အုပ်ချုပ်ရေးမှူးကိုလည်း ရာထူးမှ ဖယ်ရှားနိုင်ခဲ့သည်။
ဈေးနှုန်းများကို လျှော့ချမည်၊ စစ်ပွဲများတွင် ဝင်ရောက်ပါဝင်ခြင်းမှ ရှောင်ကြဉ်မည်ဟူသော ကတိများဖြင့် သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရသူတဦးက အာဏာရလာပြီးနောက် အကောက်ခွန်စစ်ပွဲကို အရှိန်အဟုန်ဖြင့် ဆင်နွှဲခြင်းနှင့် အီရန်နိုင်ငံကို တိုက်ခိုက်ခြင်းတို့ကို ဆက်လက်လုပ်ဆောင်လာရာမှ ကုန်ဈေးနှုန်းများ မြင့်တက်လာစေခဲ့သည့် အတွက် မဲဆန္ဒရှင်များအနေဖြင့် ထိုသမ္မတအပေါ် နှစ်သက်သဘောကျဖွယ်ရာ မရှိတော့ကြောင်း ထင်ရှားလာခဲ့သည်။
ထို့အပြင် ထိုသမ္မတ၏ မဆုတ်မနစ်သော မိမိကိုယ်ကိုယ် ဂုဏ်ဖော်ဝါကြွားမှုများနှင့် မိသားစုဝင်များ၊ ရင်းနှီးသူမိတ်ဆွေများအတွက် ကိုယ်ကျိုးစီးပွား ရှာဖွေပေးနေမှုများက ပြည်သူတို့၏ စီးပွားရေးအခက်အခဲနှင့် နေ့စဉ်ဘဝဒုက္ခများကို လှောင်ပြောင်သရော်နေသကဲ့သို့ ဖြစ်လာခဲ့၍လည်း မဲဆန္ဒရှင်များ၏ မကျေနပ်မှုသည် ပိုမိုပြင်းထန်လာသည်။
Gallup ၏ စစ်တမ်းကောက်ယူမှုအရ ထရမ့်လက်ထက် အမေရိကန်နိုင်ငံတွင် အရွယ်ရောက်ပြီးသူ ဆယ်ဦးလျှင် ကိုးဦးခန့်က ၎င်းတို့၏ အစိုးရအတွင်း အကျင့်ပျက်ခြစားမှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေသည်ဟု ယူဆကြောင်း သိရသည်။ ယင်းအချိုးအစားမှာ နိုင်ဂျီးရီးယားနိုင်ငံတွင် တွေ့ရှိရသည့် အခြေအနေနှင့်ပင် အကြမ်းဖျင်း တူညီနေသည်။
ထို့ကြောင့် ယခု ထွက်ပေါ်လာသော ရလဒ်သည် သမ္မတအပေါ် မဲဆန္ဒရှင်များက ချမှတ်လိုက်သော နိုင်ငံရေးစီရင်ချက်တရပ်ပင် ဖြစ်သည်။ နိုင်ငံရေးပါတီနှစ်ရပ်စလုံးမှ နိုင်ငံရေးသမားများအနေဖြင့်လည်း မဲဆန္ဒရှင်များက ခေတ်သစ်ပါတီစွဲနိုင်ငံရေး၏ အကျည်းတန်သော လုပ်ရပ်များကို လက်မခံကြောင်း ပြသလိုက်သည့်အချက်ကို ပြန်လည်သုံးသပ်သင့်သည်။
ရီပတ်ဘလစ်ကန်ပါတီသည် မိမိတို့အနိုင်ရနိုင်ခြေ ပိုမိုများပြားစေရန် မဲဆန္ဒနယ်နယ်နိမိတ်များကို ပါတီအကျိုးစီးပွားနှင့်အညီ ပြန်လည်ရေးဆွဲခဲ့သော်လည်း မဲဆန္ဒနယ်အသစ်များတွင် အနိုင်ရရှိမှု တိုးတက်လာခြင်း မရှိခဲ့ပေ။ ဘီလျံနာသူဌေး အီလွန်မတ်စ်ကလည်း တက္ကဆက်ပြည်နယ်ရှိ ရွေးကောက်ပွဲတခုတွင် ၎င်းထောက်ခံသည့် ကိုယ်စားလှယ်လောင်း အနိုင်ရရေးအတွက် ဒေါ်လာသန်း ၁၅၀ ကျော်အထိ အကုန်အကျခံ ထည့်ဝင်ခဲ့သော်လည်း ထိုကိုယ်စားလှယ်လောင်းမှာ အပြတ်အသတ် ရှုံးနိမ့်ခဲ့သည်။
ရီပတ်ဘလစ်ကန်ပါတီမှ ကိုယ်စားလှယ်လောင်းများသည် မွတ်စလင်များနှင့် လိင်ပြောင်းလဲထားသူများအပေါ် လူထု၏ စိုးရိမ်ကြောက်ရွံ့မှုများကို အသုံးချ၍ မဲဆွယ်စည်းရုံးခဲ့ကြသော်လည်း ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့ကြသည်။ အိုဟိုင်းယိုးပြည်နယ်မှ ကိုယ်စားလှယ်လောင်းတဦးမှာလည်း မိမိ၏ ပြိုင်ဘက်ကို ပြင်းပြင်းထန်ထန် ရှုတ်ချပြစ်တင်နေသည့် မိခင်၏ ကြော်ငြာကို ထောက်ခံအားပေးခဲ့သည်။ သို့သော် ထိုကြော်ငြာတွင် မိခင်ဖြစ်သူက ပြစ်တင်ရှုတ်ချနေသူမှာ (သူမ လက်မခံခဲ့ သော်လည်း) အမှန်တကယ် ပထွေး၏ အနိုင်ကျင့်စော်ကားခံခဲ့ရသည့် မိမိ၏ သမီးရင်း ဖြစ်နေခဲ့သည်။ ယင်းဖြစ်ရပ်က ထိုကိုယ်စားလှယ်လောင်း၏ ရှုံးနိမ့်မှုကို အဆုံးအဖြတ်ပေးသည့် အကြောင်းရင်းတခု ဖြစ်လာခဲ့သည်။
ဤရွေးကောက်ပွဲရလဒ်မှ ပေါ်ထွက်လာသည့် သတင်းစကားမှာ ရှင်းလင်းပြတ်သားသည့်အပြင် မျှော်လင့်ချက်လည်း ပေးစွမ်းနိုင်သည်။ မဲဆန္ဒရှင်များသည် နိုင်ငံရေးသမားများအနေဖြင့် အာဏာရရှိရေးအတွက် မက်မောစွာ ကြိုးပမ်းနေခြင်းထက် နိုင်ငံ၏ စီးပွားရေးသာယာဝပြောမှုကို ပိုမိုဦးစားပေးရန် တောင်းဆိုခဲ့ကြခြင်း ဖြစ်သည်။
ရွေးကောက်ပွဲမကျင်းပမီ ပြုလုပ်ခဲ့သော သဘောထားစစ်တမ်းများအရ အမေရိကန်နိုင်ငံသား ၈၀ ရာခိုင်နှုန်းသည် အမေရိကန်နိုင်ငံကို အုပ်ချုပ်နေသည့် ပုံစံနှင့်ပတ်သက်၍ “သိသာထင်ရှားသော ပြောင်းလဲမှုများ” သို့မဟုတ် “အလုံးစုံနှင့် အကြီးအကျယ် ပြောင်းလဲဖြိုဖျက်မှု” တရပ်ကို လိုလားကြကြောင်း ဖော်ပြခဲ့သည်။
မဲဆန္ဒရှင်များသည် ၎င်းတို့၏တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြပြီဖြစ်သည်။ ယခုအခါ နိုင်ငံရေးသမားများကလည်း မိမိတို့၏တာဝန်ကို ထမ်းဆောင်ကြရမည်ဖြစ်သည်။ လတ်တလောတွင် ထိုတာဝန်သည် ရီပတ်ဘလစ်ကန်ပါတီအပေါ် ကျရောက်နေသည်။
ထရမ့်က ပါတီကို ထိန်းချုပ်နိုင်လိုက်မှု နှင့် အတူ ရီပတ်ဘလစ်ကန်ပါတီ၏ အစဉ်အလာတန်ဖိုးများကိုပါ စွန့်ပစ်ခဲ့သည်။ ပါတီအတွင်းရှိ သဘောထားတင်းမာမှုနည်းပြီး အစဉ်အလာကို ထိန်းသိမ်းလိုသည့် နိုင်ငံရေးသမားဟောင်းအများစုမှာ ရာထူးမှ ဖယ်ရှားခံခဲ့ရကြသည်။ အချို့မှာလည်း နိုင်ငံရေးရှင်သန်ရပ်တည်နိုင်ရေးအတွက် မိမိတို့၏ မူဝါဒနှင့် ခံယူချက်များနှင့် အလဲအလှယ်ပြုခဲ့ကြသည်။
အပြောင်းအလဲပြုလုပ်ရန် မဲဆန္ဒရှင်များက တောင်းဆိုခဲ့ခြင်းအားဖြင့် ရီပတ်ဘလစ်ကန်ပါတီကို ဒုတိယအကြိမ် အခွင့်အရေးတရပ် ပေးအပ်လိုက်ခြင်းဖြစ်သည်။ ပါတီဝင်အချို့မှာ ထရမ့်ဘက်တွင် ဆက်လက်ရပ်တည်နေနိုင်ပြီး၊ ထိုသို့ပြုလုပ်ခြင်းကြောင့် အနာဂတ်ရွေးကောက်ပွဲများတွင် ထပ်မံ၍ ပြင်းထန်သော ရှုံးနိမ့်မှုများနှင့် ရင်ဆိုင်ရနိုင်သည့် အန္တရာယ်ကိုလည်း လက်ခံကြရပေမည်။
သို့သော် ပိုမိုရဲရင့်သော ပါတီဝင်များကမူ ထရမ့်၏ လက်စားချေမှုကို ခံရနိုင်သည့် အန္တရာယ်ရှိသော်လည်း မိမိတို့ပါတီအတွင်း အားသစ် အင်သစ်များ ပြန်လည်ဖြည့်တင်းရန် ကြိုးပမ်းကြပေမည်။ အကြောင်းမှာ ထရမ့်သည် လူအများ၏ ချစ်ခင်မှုထက် ကြောက်ရွံ့မှုကို ပိုမိုခံရသူဖြစ်သောကြောင့်ပင်။
အာဏာရှင် ဘုရင်တပါး၏ အင်အား စတင်လျော့ပါးလာသည်နှင့်တပြိုင်နက် ထိုအာဏာသည် မျှော်လင့်မထားလောက်အောင် လျင်မြန်စွာ ဆုတ်ယုတ်ပျောက်ကွယ်သွားတတ်ကြောင်း သူတို့ သိရှိလာနိုင်ပေသည်။
အောင်မြင်မှုကြောင့် အရှိန်တက်ကြွနေသည့် ဒီမိုကရက်တစ်ပါတီဘက်တွင်လည်း အမှားအယွင်းများစွာ ဖြစ်ပေါ်လာနိုင်သည်။ ထိုပါတီ၏ လူထုထောက်ခံမှုမှာ ထရမ့်ကို ထောက်ခံမှုထက် အနည်းငယ်သာ ပိုမိုမြင့်မားနေသည်။
ဒီမိုကရက်တစ်ပါတီ၏ မဲဆွယ်စည်းရုံးရေး အောင်မြင်ခဲ့ခြင်းမှာ လူနေမှုစရိတ်များ လျှော့ချမည်ဟူသော ကတိနှင့် အကျင့်ပျက်ခြစားမှု၊ အရည်အချင်းမပြည့်ဝမှုများကို ထိထိရောက်ရောက် နှိမ်နင်းမည်ဟူသော ကတိတို့ကို တွဲဖက်တင်ပြနိုင်ခဲ့ခြင်းကြောင့် ဖြစ်သည်။ ဤရည်မှန်းချက်နှစ်ရပ်စလုံးသည် အရေးပါလှသော်လည်း ၎င်းတို့အကြား သင့်တင့်မျှတသော ချိန်ညှိမှုတရပ်ကို ထိန်းသိမ်းနိုင်ရန်မှာ လွယ်ကူမည်မဟုတ်ပေ။
ဒီမိုကရက်များအနေဖြင့် အစိုးရအတွင်းရှိ ပုပ်ပွယိုယွင်းမှုများကို လျစ်လျူရှုထားမည်ဆိုပါက ဝါရှင်တန်ရှိ ဖက်ဒရယ်အစိုးရအပေါ် မဲဆန္ဒရှင်များ၏ ယုံကြည်မှုကင်းမဲ့မှုနှင့် စိတ်ပျက်အားငယ်မှုတို့ကို ပိုမိုနက်ရှိုင်းလာစေရုံသာ ရှိပေလိမ့်မည်။ လွှတ် တော် ရှေ့ မှောက်လာရန် ဆင့်ခေါ်စာများ ထုတ်ပြန်ခြင်းနှင့် စွပ်စွဲပြစ်တင်ရေး ဆိုသည့် Impeachments လုပ်ငန်းစဉ်များတွင်သာ ၎င်းတို့၏ ကြိုးပမ်းအားထုတ်မှုအားလုံးကို အချိန်ကုန်ခံသုံးစွဲပြီး ပြည်သူများ၏ ဘဝကို ပိုမိုကောင်းမွန်လာအောင် မဆောင်ရွက်နိုင်ခဲ့ပါက မဲဆန္ဒရှင်များသည် မိမိတို့ကို နောက်တကြိမ် ထပ်မံလှည့်စားခံလိုက်ရပြန်ပြီဟု ခံစားကြရပေလိမ့်မည်။
ထို့အပြင် အစိုးရအဖွဲ့နှင့် အဆက်မပြတ် ထိပ်တိုက်ရင်ဆိုင်နေခြင်းသည် ကျန်းမာရေးစောင့်ရှောက်မှုအတွက် ရန်ပုံငွေများ ပြန်လည်ဖြည့်တင်းပေးခြင်းကဲ့သို့သော ဥပဒေပြုရေးလုပ်ငန်းများကို အတည်ပြုနိုင်ရန်လည်း ပိုမိုခက်ခဲစေမည်ဖြစ်သည်။
ထိုအရာအားလုံး၏ အထက်တွင်မူ မိမိ၏ သမိုင်းဝင်အမွေအနှစ် ကို အစွဲအလမ်းကြီးစွာ ချန်ထားလိုသူ ဘထရမ့်၏ ပုံရိပ်က လွှမ်းမိုးနေဦးမည်ဖြစ်သည်။ အချို့ကမူ ၎င်း၏ သမ္မတသက်တမ်းကျန်ရှိသည့် အချိန်များကို အိမ်ဖြူတော်အတွင်း ဟိုဟိုဒီဒီ လျှောက်သွားရင်း ဂေါက်သီးလုံးများကို ရွှေရောင်သုတ်ခြင်း၊ ကျောက်သားအမျိုးအစားများအကြောင်း ထင်မြင်ချက်ပေးခြင်းတို့ဖြင့်သာ အချိန်ကုန်ဆုံးသွားလိမ့်မည်ဟု မျှော်လင့်နေကြသည်။ သို့သော် ထိုသို့မျှော်လင့်ခြင်းသည် ထရမ့်၏ စွမ်းဆောင်နိုင်စွမ်းကို လျှော့တွက်ရာရောက်ပေသည်။
ပြည်တွင်းရေးရာများတွင်မူ ထရမ့်သည် ၎င်း၏ မိတ်ဆွေများကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်းနှင့် ရန်သူများကို အပြစ်ပေးအရေးယူခြင်းတို့ကို အာရုံစိုက်လာနိုင်သည်။ သမ္မတသက်တမ်း နှစ်နှစ်သာ ကျန်ရှိတော့သည့်အတွက် ၎င်းကိုယ်တိုင်၊ ၎င်း၏ အနီးကပ်အပေါင်းအပါများနှင့် အစွန်း ရောက် ဝါဒစွဲကိုင်သူများသည် အာဏာရရှိထားသည့် အချိန်ကာလအတွင်း မိမိတို့အတွက် အကျိုးအမြတ်များကို တတ်နိုင်သမျှ အများဆုံး သဲ့ယူရန် ကြိုးပမ်းလာနိုင်ကြသည်။ ထိုသို့ရယူခြင်းတွင် အစိုးရ၏ ပံ့ပိုးကူညီမှုဖြင့် အကျိုးအမြတ်များစွာ ရရှိနိုင်သည့် သတ္တုတူးဖော်ရေးလုပ်ငန်းများမှသည် နိုင်ငံအတွင်းမှ ရွှေ့ပြောင်းနေထိုင်သူများကို ပို၍ပင် အစုလိုက်အပြုံလိုက် နှင်ထုတ်ခြင်းအထိ ဖြစ်လာနိုင်သည်။
နိုင်ငံခြားရေးမူဝါဒနှင့်ပတ်သက်၍လည်း သမ္မတသည် ကြီးမားသော အာဏာလုပ်ပိုင်ခွင့်များကို ဆက်လက်ကိုင်စွဲထားဆဲဖြစ်သည်။ ၎င်းအနေဖြင့် အီရန်နိုင်ငံအပေါ် နောက်ထပ် စစ်ရေးတိုက်ခိုက်မှုများ ပြုလုပ်ရန်၊ ယူကရိန်းနိုင်ငံကို ရုရှား၏ သဘောတူညီချက်တစ်ရပ် လက်ခံလာစေရန် ဖိအားပေးအကျပ်ကိုင်ရန်၊ သို့မဟုတ် ကျူးဘားနိုင်ငံကို ကျူးကျော်ရန်ပင် ကြိုးပမ်းလာနိုင်သေးသည်။
အိမ်ဖြူတော်အတွင်းရှိ အရည်အချင်းပိုမိုရှိသော ဝန်ထမ်းများက ရာထူးမှ ထွက်ခွာရန် ပြင်ဆင်လာကြသည့်အခါ အင်အားလျော့နည်းသွားသော အုပ်ချုပ်ရေးယန္တရားသည် သမ္မတ၏ စိတ်အလိုဆန္ဒနှင့် သဘောထားအပြောင်းအလဲများအပေါ် ယခင်ထက်ပင် ပိုမိုမှီခိုလိုက်နာရသည့် အခြေအနေသို့ ရောက်ရှိလာနိုင်သည်။ ထိုသို့ဖြစ်လာပါက အရေးပေါ်အကျပ်အတည်းတရပ် ပေါ်ပေါက်လာသည့်အခါ ထိရောက်စွာ ရင်ဆိုင်ဖြေရှင်းနိုင်ရန် အဆင်သင့်ဖြစ်နေမည်မဟုတ်ပေ။
သို့သော် နိုင်ငံရေးသမားများအနေဖြင့် မိမိတို့၏ တာဝန်ဝတ္တရားများကို အလေးအနက်ထား ဆောင်ရွက်လာနိုင်မည့် မျှော်လင့်ချက်ရောင်ခြည်လေးတခုတော့ ရှိနေသေးသည်။ ကွန်ဂရက်လွှတ်တော်အတွင်းရှိ ရီပတ်ဘလီကန်ပါတီဝင်များသည် ဒီမိုကရက်ပါတီဝင်များနှင့် ပူးပေါင်းဆောင်ရွက်ရန် စဉ်းစားလာနိုင်သကဲ့သို့ ဒီမိုကရက်များကလည်း ရီပတ်ဘလီကန်များနှင့် ပူးပေါင်းဆောင်ရွက်လာနိုင်သည် (ဤသို့ဖြစ်လာမည်ကို စိတ်ကူးကြည့်လိုက်ပါဦး)။
၎င်းတို့သည် ဆိုးရွားပြင်းထန်သော အကျင့်ပျက်ခြစားမှုများကို စုံစမ်းဖော်ထုတ်နိုင်သကဲ့သို့ စစ်ရေးဝန်ကြီး ပီတ် ဟက်ဂ်ဆက် အပါအဝင် အုပ်ချုပ်ရေးအဖွဲ့အတွင်းရှိ အဆင်အခြင်မဲ့ဆုံး ဝန်ကြီးအဖွဲ့ဝင်များကိုပင် စွပ်စွဲပြစ်တင်ရေး လုပ်ငန်းစဉ်များ ဆောင်ရွက်လာနိုင်သည်။
ထို့အပြင် တီထွင်ဆန်းသစ်မှုကို မထိခိုက်စေဘဲ ဆိုးရွားလှသော နောက်ဆက်တွဲအကျိုးဆက်များ မဖြစ်ပေါ်စေရန် ကာကွယ်ပေးနိုင်မည့် ဉာဏ်ရည်တု (Artificial Intelligence – AI) ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကိုလည်း ရေးဆွဲပြဋ္ဌာန်းနိုင်ကြသည်။
ထရမ့်သည် ၎င်းကို လျစ်လျူရှုထားခြင်း သို့မဟုတ် အရေးမပေးဘဲ ချန်လှပ်ထားခြင်းကို နှစ်သက်သူတဦး မဟုတ်ပေ။ ကွန်ဂရက်လွှတ်တော်၏ အခွင့်အာဏာကို နင်းချေဖျက်ဆီးခြင်းထက် လွှတ်တော်နှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် မိမိ၏ သမိုင်းဝင်အမွေအနှစ်ကို ပိုမိုကောင်းမွန်အောင် တည်ဆောက်နိုင်မည်ဟု ၎င်းက ယူဆလာနိုင်သည်။
ဤသို့ ဖြစ်လာနိုင်ခြေ က နည်းနေ သေး ကြောင်း ဝန်ခံရမည် ဖြစ်သည်။ သို့သော် မဲဆန္ဒရှင်များက ပြသခဲ့သည့်အတိုင်း ၎င်းတို့၏ အသံကို လျစ်လျူရှုသော နိုင်ငံရေးသမားများသည် နောက်ဆုံးတွင် အလွန်ခက်ခဲသော အခြေအနေတရပ်နှင့် ရင်ဆိုင်ရနိုင်သည့် အန္တရာယ်ရှိသည်။
(၂၀၂၆ နိုဝင်ဘာ ၅ ရက် အီကောနော်မစ် မဂ္ဂဇင်းတွင် ပါရှိသော Donald Trump’s humiliation offers America an opportunity ဆောင်းပါးကို ပြန်လည် တင်ပြသည်။)