ကြေမွ သွားခဲ့ရသော တရုတ်ပြည်၏ အိမ်မက်များ(48)

by Hla Soewai - Nov 16 2026

#အလင်းမဲ့ အရုဏ်ဦး - အာဏာရှင် လက်သစ် စနစ် ၏ ကန့်သတ်ချက်များ

 

 ၁၉၉၂ ခုနှစ် တိန့်ရှောင်ဖိန် ၏ တောင်ပိုင်းခရီးစဉ်အပြီး ဆယ်စုနှစ်တခုအတွင်းမှာပင် ကျန်ဇီးမင်း ဦးဆောင်သော စုပေါင်းခေါင်းဆောင်မှုသည် တိန့်ရှောင်ဖိန်၏ အာဏာရှင် လက်သစ် စနစ် သဘောတရားကို အာဏာရအစိုးရ ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ဘက်စုံလွှမ်းခြုံနိုင်သော မဟာဗျူဟာတရပ်အဖြစ် အောင်မြင်စွာ ပြောင်းလဲနိုင်ခဲ့သည်။

 

ထိုမဟာဗျူဟာ၏ ပင်မဒေါက်တိုင်များမှာ -

စွမ်းဆောင်ရည်အပေါ် အခြေခံသည့် တရားဝင်အာဏာစက်တည်ဆောက်ခြင်း။

အာဏာ၏ ထိရှလွယ်သော ဟန်ချက်ညီမှုအပေါ် အခြေခံသည့် စုပေါင်းခေါင်းဆောင်မှု။

တရုတ် တို့၏ မျိုးချစ်စိတ်ဓာတ်ကို မြှင့်တင်ပေးခြင်းဖြင့် ပြည်သူ့ထောက်ခံမှုကို တိုးချဲ့ခြင်း။

သီးခြားရွေးချယ် နှိပ်ကွပ်ခြင်း နှင့်

လူမှုအသိုင်းအဝိုင်းမှ အထက်တန်းလွှာ အရင်းရှင်များကို စည်းရုံးသိမ်းသွင်းခြင်း တို့ ဖြစ်ကြသည်။

 

ခြုံငုံသုံးသပ်ရပါက ကွန်မြူနစ်ပါတီသည် ၁၉၉၀ ပြည့်လွန်နှစ်များအတွင်း သိသာထင်ရှားသော လိုက်လျောညီထွေ ပြုပြင်ပြောင်းလဲနိုင်စွမ်းကို ပြသနိုင်ခဲ့ပြီး ထိုမဟာဗျူဟာသစ်သည်လည်း ပါတီအတွက် များစွာအကျိုးသက်ရောက်မှု ရှိခဲ့သည်။

 

သဘောတရားရေးရာအရ ပါတီသည် ၎င်း၏ သမိုင်းတစ်လျှောက် မည်သည့်အချိန်နှင့်မျှ မတူအောင် အယူအဆပိုင်းတွင် ပို၍တစ်သားတည်း ဖြစ်ခဲ့သည်။ တီယန်မင် ဖြိုခွင်းမှုအပြီး ထိပ်ပိုင်းခေါင်းဆောင် များ အတွင်း လစ်ဘရယ်သမား များကို ဖယ်ရှားနိုင်ခဲ့သည်။ 

 

တရုတ်ပြည်၏ ဂိုဘာချော့ဗ် ကဲ့သို့သောသူမျိုး ထိပ်ပိုင်းသို့ ရောက်ရှိလာမည်ကို အစဉ်အမြဲ စိုးရိမ်ခဲ့သည့် ပါတီသည် ကွန်ဆာဗေးတစ် နည်းပညာကျွမ်းကျင်သူများ၏ လွှမ်းမိုးမှုအောက်တွင် လစ်ဘရယ်ယိုင်သော အယူအဆရှိသူများကို အာဏာမရအောင် ပိတ်ပင်ခဲ့သည်။

 

တချိန်တည်းမှာပင် ဈေးကွက်ပြုပြင်ပြောင်းလဲရေးကို ဆန့်ကျင်သည့် အစွန်းရောက် ကွန်ဆာဗေးတစ်များသည်လည်း ဘေးဖယ်ခြင်း ခဲ့ရသည်။ အကြောင်းမှာ ၎င်းတို့၏ သဘောတရားရေးရာ ပုံသေကားချပ်ဝါဒသည် "ပါတီ၏ ရေရှည်တည်တံ့မှုမှာ စီးပွားရေးအဆင်ပြေစေမည့် ပေါ်လစီများဖြင့် ဖော်ဆောင်နိုင်သည့် စွမ်းဆောင်ရည်အပေါ် အခြေခံသော တရားဝင်အာဏာစက် အပေါ်၌သာ မူတည်သည်" ဟု ပါတီ၏ ယူဆချက်နှင့် မကိုက်ညီသောကြောင့်ဖြစ်သည်။

 

 နိုင်ငံရေးအပိုင်းတွင် သဘောတရားရေးရာ တသားတည်းဖြစ်မှုသည် ထိပ်ပိုင်း ခေါင်းဆောင်များ အကြား တည်ငြိမ်မှုကို ရရှိစေခဲ့သည်။ ၁၉၈၀ ပြည့်လွန်နှစ်များနှင့် နှိုင်းယှဉ်ပါက ကျန်စီမင်း ခေတ်နှင့် ဟူကျင်ထောင်း ခေတ်တို့တွင် ဟူယောင်ပန်း၊ ကျောက်ကျိယန် နှင့် ၎င်းတို့၏ ရင်းနှီးသော လုပ်ဖော်ကိုင်ဖက်များကို ဖယ်ရှားရှင်းလင်းခြင်းဖြင့် အဆုံးသတ်ခဲ့ရသည့် ပြင်းထန်သော သဘောတရားရေးရာ အငြင်းပွားမှုမျိုး မရှိခဲ့ ဆိုသည်မှာ သိသာထင်ရှားသည်။

 

ထိပ်သီးခေါင်းဆောင်များအကြား ပဋိပက္ခများ ရှိခဲ့သည်မှာ သေချာသော်လည်း ယင်းတို့သည် သဘောတရားရေးရာကြောင့် မဟုတ်ဘဲ ပုဂ္ဂိုလ်ရေးနှင့် အာဏာလုပွဲများကြောင့်သာ ဖြစ်သည်။ ထို့ထက်ပို၍ အရေးကြီးသည်မှာ ထိုကဲ့သို့သော ပဋိပက္ခများကို ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်ပြီး ယင်းကို ဲကျန်ဇီးမင်းခေတ်အတွင်း ပေါ်လစ်ဗျူရို အဖွဲ့ဝင် တဦးတည်းသာ အဂတိလိုက်စားမှုစွပ်စွဲချက်ဖြင့် ထောင်ဒဏ်ချမှတ်ခံခဲ့ရသည့် အချက်က သက်သေပြနေသည်။

 

၁၉၉၀ ပြည့်လွန်နှစ်များအတွင်း ပါတီ၏ နီယို-အာဏာရှင်စနစ် ဘက်သို့ ကူးပြောင်းချိန်သည် အတိုင်းထက်လွန် အချိန်ကိုက် ကံကောင်းခဲ့သည်ဟု ဆိုနိုင်သည်။ စီးပွားရေးအရကြည့်လျှင် ၁၉၈၀ ပြည့်လွန်နှစ်များ၏ ပြုပြင်ပြောင်းလဲမှုများသည် ဈေးကွက်စီးပွားရေးစနစ်၏ အခြေခံအုတ်မြစ်များ ဖြစ်သော စိုက်ပျိုးရေးကဏ္ဍကို ပုဂ္ဂလိကပိုင်ပြုလုပ်ခြင်း၊ လျင်မြန်စွာကြီးထွားလာသော ပုဂ္ဂလိကကဏ္ဍနှင့် ကမ္ဘာ့စီးပွားရေးနှင့် ချိတ်ဆက်မှုများကို တည်ဆောက်ပေးခဲ့ပြီး ဖြစ်သည်။

 

ကျေးလက်မှ မြို့ပြသို့ အစုလိုက်အပြုံလိုက် ရွှေ့ပြောင်းနေထိုင်မှုနှင့်အတူ လူငယ်လူရွယ် အချိုးအစားများပြားမှု (၁၉၉၀ ပြည့်နှစ်တွင် လူဦးရေ၏ ၉၀ ရာခိုင်နှုန်းနီးပါးမှာ အသက် ၅၉ နှစ်အောက် ဖြစ်သည်) တို့သည် နောက်ပိုင်း ဆယ်စုနှစ်နှစ်စုအတွင်း စီးပွားရေး တိုးတက်မှုကို အစဉ်မပြတ် မောင်းနှင်ပေးသည့် အားကောင်းသော တွန်းအား ဖြစ်လာခဲ့သည်။

 

အမေရိကန်နှင့် တရုတ်အကြား တင်းမာမှု အနည်းငယ်ရှိခဲ့သော်လည်း အခြေအနေသည် အတော်အတန် အေးဆေးတည်ငြိမ်ခဲ့သည်။ စစ်အေးတိုက်ပွဲ အပြီးတွင် ဘီဂျင်းစိုးရိမ်ခဲ့သကဲ့သို့ ဝါရှင်တန်က တရုတ်ကို ပိတ်ဆို့ထိန်းချုပ်ရန် ကြိုးပမ်းမည့်အစား အမေရိကန်သည် တရုတ်အား ကမ္ဘာ့စီးပွားရေးအတွင်း ပေါင်းစည်းပါဝင်လာစေမည့် ကမ္ဘာ့ရွာဖြစ်တည်မှု ကို မြှင့်တင်ပေးခဲ့သည်။ ထို့ကြောင့် တရုတ်နိုင်ငံသည် အနောက်ဘက်အုပ်စု၏ ဈေးကွက်များ၊ ရင်းနှီးမြှုပ်နှံမှု အရင်းအနှီးများနှင့် နည်းပညာများကို မကြုံစဖူး လွတ်လပ်စွာ ရယူသုံးစွဲခွင့် ရှိသွားခဲ့သည်။

 

၎င်းတို့၏ အာဏာကို ပြည်တွင်းမှ ခြိမ်းခြောက်လာနိုင်သည့် အန္တရာယ်များမှ ကာကွယ်ရန် ပါတီက အသုံးပြုခဲ့သော နည်းလမ်းများသည် ထင်မှတ် မထားလောက်အောင် ထိရောက်မှုရှိခဲ့သည်။ ပါတီက မြှင့်တင်ပေးခဲ့သည့် မျိုးချစ်စိတ်ဓာတ်သည် လူထုထောက်ခံမှု အရင်းအမြစ်သစ်တခုကို ဖန်တီးပေးနိုင်ခဲ့သည်။ လူမှုအသိုင်းအဝိုင်းမှ လူထုထက်တန်းလွှာများကို စည်းရုံးသိမ်းသွင်းနိုင်ခဲ့ခြင်းကြောင့် ပါတီ၏ အခြေခံစက်ဝန်းကို ကျယ်ပြန့်စေခဲ့ပြီး ပါတီအရာရှိများ၏ ပညာအရည်အချင်းနှင့် ကျွမ်းကျင်မှုပိုင်းဆိုင်ရာ အရည်အသွေးများကို တိုးတက်စေခဲ့သည်။

 

ထို့အပြင် ပိုမိုဆန်းသစ် သိမ်မွေ့လာသည့် နိုင်ငံရေးအရ ဖိနှိပ်ချုပ်ချယ်မှု နည်းဗျူဟာများကြောင့် ပါတီသည် မိမိအာဏာကို ခြိမ်းခြောက်ရန် ခေါင်းပြူထွက်လာသည့် အန္တရာယ်များကို ထိန်းချုပ်နိုင်ခဲ့သည်။ ၁၉၉၀ ပြည့်လွန်နှစ်များအတွင်း စောင့်ကြည့်ထောက်လှမ်းခြင်း၊ ခြိမ်းခြောက်ခြင်း၊ ထောင်ဒဏ်ချမှတ်ခြင်းနှင့် ပြည်နှင်ဒဏ်ပေးခြင်းတို့ဖြင့် ဒီမိုကရေစီလိုလားသော လှုပ်ရှားမှုကို ကြီးမားသည့် အန္တရာယ်တခု အဖြစ် ရောက်မလာအောင် လျှော့ချနိုင်ခဲ့သည်။

 

ပါတီ၏ ဖိနှိပ်ချုပ်ချယ်ရေး ယန္တရားများတွင် ရင်းနှီးမြှုပ်နှံခဲ့မှုသည်လည်း များစွာ အကျိုးအမြတ်ဖြစ်ထွန်းခဲ့ကြောင်းကို တိဘက် နှင့် ရှင်ကျန်း တို့ရှိ တိုင်းရင်းသားလူနည်းစုများ၏ လှုပ်လှုပ်ရွရွ ဖြစ်လာမှုများကို နှိမ်နင်းနိုင်ခဲ့ခြင်း၊ ဖာလွန် ဂေါင်း အဖွဲ့ကို ပိတ်ပင်နိုင်ခဲ့ခြင်းနှင့် ၁၉၉၀ ပြည့်လွန်နှစ်များ အကုန်တွင် ဒေဝါလီခံခဲ့ရသော နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ (SOEs) မှ အလုပ်သမားများကို အစုလိုက်အပြုံလိုက် အလုပ်ထုတ်ခံရပြီးနောက် ဖြစ်ပေါ်လာသည့် အလုပ်သမား ဆန္ဒပြမှုများကို ထိန်းချုပ်နှိမ်နင်းနိုင်ခဲ့ခြင်းတို့က သက်သေပြနေသည်။

 

သို့သော်လည်း ၁၉၉၀ ပြည့်လွန်နှစ်များအတွင်း ကျန်ဇီးမင်း ၏ ဦးဆောင်မှုအောက်တွင် တည်ဆောက်ခဲ့သော နီယို-အာဏာရှင်စနစ် ယန္တရား ၌ မွေးရာပါ ချို့ယွင်းချက်များ ရှိနေခဲ့ပြီး ယင်းတို့မှာ ဟူကျင်ထောင်း ခေတ်အတွင်း ပိုမိုထင်ရှားလာသလို ပို၍လည်း ပြင်းထန် ဆိုးရွားလာခဲ့သည်။

 

ထိပ်သီး ခေါင်းဆောင် များ၏ လုံခြုံရေးသည် တတိယအဖွဲ့အစည်းက အာမခံစောင့်ရှောက်ပေးနိုင်သည့် စည်းမျဉ်းစည်းကမ်းများ၊ စံနှုန်းများဖြင့် ရရှိခဲ့ခြင်းမဟုတ်ဘဲ ပြိုင်ဘက်များအကြား ထိရှလွယ်သော အာဏာဟန်ချက်ညီမှုပေါ်တွင်သာ အခြေခံခဲ့သည်။ ပါတီနှင့် အစိုးရယန္တရားအတွင်း အသီးသီး ကျယ်ပြန့်သော အာဏာစက်များ အမြစ်တွယ် သလို ရှိကြသည့် ထိပ်သီးခေါင်းဆောင်များသည် ပါတီအကြီးအကဲနှစ်ဦးဖြစ်သည့် ကျန်ဇီးမင်းနှင့် ဟူကျင်ထောင်းတို့အား တဦးတည်း အာဏာရှင် အဖြစ် ရောက်မသွားအောင် ကာကွယ် ပေးနိုင်ခဲ့သည်။ 

 

သို့သော် ရှီကျင့်ဖျင်သည် ၎င်းအာဏာရလာပြီး မကြာမီ ၂၀၁၂ ကုန်ပိုင်းတွင် တဦးတည်း အာဏာရှင် အဖြစ် ပြောင်းလဲပစ် နိုင်ခဲ့သည်။

 

အဖွဲ့အစည်းဆိုင်ရာ ထိန်းကျောင်းကန့်သတ်ချက်များသည် ဒီမိုကရေစီနိုင်ငံများ၌ပင် ကြာရှည် ထိန်းသိမ်းရန် ခက်ခဲလှ သည်။ တရုတ် နိုင်ငံ အဖို့မူ ၎င်းတို့ ထိပ်သီး ခေါင်း‌ ဆောင် များ၏ လုံခြုံရေးသည် အခြေခံကျသော အာဏာဟန်ချက်ညီမှု ပျက်ပြားသွားသည်နှင့်တပြိုင်နက် ချက်ခြင်းလို ပျောက်ကွယ်သွားမည်မှာ သေချာလှပေသည်။