အယ်နီညို အန္တရာယ်သည် နိုင်ငံတွင်း လူမှု စီးပွား မညီမျှ မှု များ ဖေါ်ထုတ်လာ

by Hla Soewai - Nov 16 2026

သမိုင်းတလျောက် လွန်စွာ ဒုက္ခ ပေးလာခဲ့သော အယ်လ်နီညို သည် စတင် စုဖွဲ့လာနေပြီ ဖြစ်သည်။ အမေရိကန် မိုးလေဝသ ခန့်မှန်းသူများက ပုံမှန် မှ လွန်စွာ အားကောင်းလာမည့် ဖြစ်စဉ်သည် ၂၀၂၇ ခုနှစ် အစောပိုင်းအထိ ဆက်လက် ဖြစ်ပွားနိုင်ကြောင်း ခန့်မှန်းထားကြပြီး ဖြစ်သည်။ မြန်မာ့ မိုးလေဝသပညာရှင်များကလည်း ယင်း၏ သက်ရောက်မှုများသည် မတ်လမှ မေလအထိ ကျရောက်တတ်သော ပူပြင်းသည့် ရာသီဥတုကာလအတွင်းအထိ ဆက်လက် ကူးစက်နိုင်ကြောင်း The Conversation ဝက်ဆိုဒ် တွင် အထက်ပါ ခေါင်းစဉ် ဖြင့်ယခုလို သတိပေးထားသည်။»

 

ထိုသို့သော ခန့်မှန်းချက်များသည် အပူချိန် မည်မျှအထိ မြင့်တက်လာမည်ကို အကြမ်းဖျင်း ခန့်မှန်းပေးနိုင်သော်လည်း၊ မည်သူ ရောဂါရမည် သို့မဟုတ် မည်သူ သေဆုံးမည်ဆိုသည်ကိုမူ ကြိုတင် ခန့်မှန်း နိုင်ရိုး မရှိပေ။ ထိုအချက်သည် ရာသီဥတုအပေါ်၌သာမက မိမိကိုယ်ကို ကာကွယ်နိုင်သည့် လူတိုင်း၏ စွမ်းဆောင်ရည်အပေါ်၌လည်း မူတည်နေသည်။

 

သို့သော်လည်း မြန်မာနိုင်ငံတွင် ယေဘုယျအားဖြင့် ကြုံတွေ့နေရသော အခက်အခဲဒုက္ခများသည် လူတိုင်းအတွက် ဘေးအန္တရာယ် ကျရောက်နိုင်ခြေ တူညီနေသည်ဟု မဆိုနိုင်တော့။

 

ပြင်းထန်လာမည့် အပူဒဏ်သည် နှစ်ပေါင်းများစွာ ကြုံတွေ့ နေရသော ပဋိပက္ခများ၊ အိုးအိမ်စွန့်ခွာ ထွက်ပြေးရမှုများနှင့် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု တို့ ကြောင့် လက်ရှိရှိနေပြီးသား မညီမျှမှုများကို ပိုမိုနက်ရှိုင်း စိုးရွားစေမည်ဖြစ်သည်။ 

 

အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်း (IFRC) က အထူးသဖြင့် ပဋိပက္ခများကြောင့် အခြေခံဝန်ဆောင်မှု လိုအပ်ချက်များ ပျက်စီးနေသည့် ဒေသများတွင် ပိုမို ဆိုးရွားလာနိုင် ကြောင်း သတိပေးထားသည်။ 

 

အဘယ်ကြောင့် မြန်မာနိုင်ငံတွင် ပြင်းထန်အပူဒဏ်သည် အထူးပင် အန္တရာယ်ကြီးမားနေရသနည်း

 

လူ့ခန္ဓာကိုယ်သည် အဓိကအားဖြင့် ချွေးထွက်ခြင်းဖြင့် ခန္ဓာကိုယ်အပူချိန်ကို ပြန်လည်အေးမြစေသည်။ အပူချိန်နှင့် စိုထိုင်းဆတို့သည် ဆက်လက်မြင့်တက်နေပါက ထိုအပူလျော့ချသည့် စနစ်၏ ထိရောက်မှု ကျဆင်းသွားပြီး နှလုံးနှင့် ကျောက်ကပ်တို့သည် ပုံမှန်ထက် ပြင်းပြင်းထန်ထန် အလုပ်လုပ်လာကြရသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ပြင်းထန်အပူဒဏ်သည် နှလုံးနှင့် သွေးကြောဆိုင်ရာ ရောဂါများ၊ ဆီးချိုရောဂါ၊ ရင်ကြပ်ပန်းနာ ရောဂါနှင့် ကျောက်ကပ်ရောဂါများကို ပိုမိုဆိုးရွားစေနိုင်ကြောင်း သတိပေးထားသည်။

 

ညဘက် အပူချိန် မြင့်တက် နေခြင်းသည် အထူးပင် အန္တရာယ်ကြီးမားလှသည်။ အကြောင်းမှာ လူ့ခန္ဓာကိုယ်သည် အပူဒဏ်မှ ပြန်လည်သက်သာလာစေရန် ပိုမိုအေးမြသော ပတ်ဝန်းကျင်အခြေအနေကို လိုအပ်သောကြောင့် ဖြစ်သည်။ နေဝင်ပြီးနောက်၌ပင် အပူဒဏ်မှ သက်သာရာမရပါက အပူကြောင့်ဖြစ်သည့် ရောဂါဝေဒနာများ ကျရောက်နိုင်ခြေ ပိုမိုမြင့်တက်လာမည် ဖြစ်သည်။

 

မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးမှုသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပိုမိုဆိုးရွားယိုယွင်းလာခဲ့သည်။ အဲကွန်း မဖြစ်မနေ ဖွင့်လာရ၍ လျှပ်စစ်ဓာတ်အား လိုအပ်ချက် မြင့်တက်လာချိန်တွင် ရေအားလျှပ်စစ် ထုတ်လုပ် ပေးသည့် ဆည် ရေ များ ခန်းခြောက်လာသဖြင့် ထုတ်လုပ်နိုင်စွမ်း ကျဆင်းသွားသဖြင့် နွေရာသီ ပူပြင်းသည့်ကာလများ၌ လျှပ်စစ်မီး ခဏခဏ ပြတ်တောက်မှုများ ပိုမိုဖြစ်ပွားလာ ပေတော့မည်။

 

အယ်လ်နီညိုကြောင့် ဖြစ်ပေါ်လာသော အပူဒဏ်သည် လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို လက်ရှိ ထုတ်လုပ်ပေးနိုင်သည့် ပမာဏထက် ပိုမိုမြင့်တက်သွားစေခဲ့သည်ဟု အကြောင်းပြကာ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက အောက်တိုဘာ ၅ ရက်မှစ၍ အလှည့်ကျ မီးဖြတ်တောက်မှုများကို စတင်မိတ်ဆက်လာခဲ့သည်။

 

ထိုလုပ်ရပ်၏ အကျိုးဆက်များသည် ပန်ကာနှင့် အဲကွန်း သုံးစွဲခွင့် ဆုံးရှုံးရသည်ထက်မက ပိုမိုကျယ်ပြန့်သည်။ သန့်ရှင်းသော သောက်သုံးရေ ထုတ်လုပ်သည့် ပန့်များ၊ ဆေးဝါးများကို ရေခဲသေတ္တာထဲ ထည့်သွင်းသိမ်းဆည်းရန်နှင့် ဆေးဘက်ဆိုင်ရာ ကိရိယာများကို မောင်းနှင်ရန်အတွက်လည်း လျှပ်စစ်ဓာတ်အား လိုအပ် နေသည်။ ၂၀၂၃ ခုနှစ်တွင် ပြုလုပ်ခဲ့သော အမေရိကန် ပုံစံချ လေ့လာဆန်းစစ်ချက် တခုအရ အပူလှိုင်းကျရောက်ချိန်အတွင်း ရက်ရှည် မီးဖြတ်တောက်မှု ဖြစ်ပေါ်ပါက အပူဒဏ်ကြောင့် သေဆုံးသူ အရေအတွက်ကို နှစ်ဆကျော်အထိ ပိုမိုမြင့်တက်သွားစေနိုင်ကြောင်း တွေ့ရှိခဲ့ရသည်။

 

ကျန်းမာရေးဆိုင်ရာ ဘေးအန္တရာယ် အကြီးမားဆုံး ကျရောက် နိုင် သူ များ

 

လူမှုရေးဆိုင်ရာ ရောဂါကူးစက်ပြန့်ပွားမှု ဗေဒပညာရှင်များ က လူမှုစီးပွား နိမ့်ကျမှုသည် ကျန်းမာရေးအပေါ် သက်ရောက်စေသည့် နည်းလမ်း သုံးမျိုးကို ထောက်ပြထားကြသည် - ထိတွေ့ခံရမှု ၊ ထိခိုက်လွယ်မှု နှင့် နောက်ဆက်တွဲ အကျိုးဆက်များ တို့ ဖြစ်ကြသည်။ ထို သုံးမျိုးလုံးကို မြန်မာနိုင်ငံတွင် အထင်အရှား တွေ့မြင်နေရသည်။

 

ပထမအချက်အနေဖြင့် အပူဒဏ်နှင့် ထိတွေ့ ခံရမှုသည် မညီမျှ။ တောင်သူလယ်သမားများ၊ ဆောက်လုပ်ရေး လုပ်သားများနှင့် နေ့စားအလုပ်သမားများသည် တနေ့တာ ဝင်ငွေ ဆုံးရှုံးခံရန် မဖြစ်နိုင်သဖြင့် အပူဆုံး အချိန်များ၌ပင် အလုပ်ကို ဆက်လက် လုပ်ကိုင်ကြရလေ့ ရှိသည်။

 

တဖက်တွင် ကြွယ်ဝချမ်းသာသော အိမ်ထောင်စုများသည် မီးပြတ်တောက်ချိန်၌ ဘေးကင်းစွာ နေထိုင်နိုင်ရန် ပန်ကာ သို့မဟုတ် အဲကွန်းကဲ့သို့သော နေရောင်ခြည်စွမ်းအင်သုံး ပစ္စည်းများကို ရင်းနှီးမြှုပ်နှံ တပ်ဆင်နိုင်ကြသည်။ စက်မှုလုပ်ငန်းဆိုင်ရာ ခန့်မှန်းချက်တခုအရ အိမ်သုံး ဆိုလာတပ်ဆင်မှုများသည် ၂၀၁၉ ခုနှစ်တွင် အနည်းငယ်မျှသာ ရှိခဲ့ရာမှ ၂၀၂၅ ခုနှစ်၌ ၃၀၀,၀၀၀ ဝန်းကျင်အထိ မြင့်တက်လာခဲ့ကြောင်း သိရသည်။

 

ကမ္ဘာ့လောင်စာဆီ ဈေးနှုန်း ရိုက်ခတ်မှုကြောင့် ၂၀၂၆ ခုနှစ် ဧပြီလတွင် ငွေကြေးဖောင်းပွမှုနှုန်း ၂၄.၆ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ရာ ထို ပစ္စည်း များ အား ဆင်းရဲနွမ်းပါးသော အိမ်ထောင်စုများအတွက် ပို၍ပင် အလှမ်း ဝေး လာခဲ့ရသည်။ မြင့်တက်လာသော အပူဒဏ်ဖိအားသည် အလုပ်သမားများ၏ ဝမ်းစာနှင့် ကုန်ထုတ်လုပ်မှု စွမ်းအားကိုလည်း ခြိမ်းခြောက်လျက်ရှိသည်။

 

ဒုတိယအချက် ဖြစ်သည့် ထိခိုက်လွယ်မှု ချင်းလည်း မတူညီကြ။ သက်ကြီးရွယ်အိုများ၊ ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် နာတာရှည်ရောဂါ ခံစားနေရသူများသည် ပြင်းထန် သော အပူဒဏ် ကြုံတွေ့ရချိန်၌ ကျန်းမာရေးဆိုင်ရာ ဘေးအန္တရာယ်များကို ပိုမိုကြီးမားစွာ ရင်ဆိုင်ကြရသည်။ ၂၀၀၀-၂၀၀၄ ခုနှစ်နှင့် ၂၀၁၇-၂၀၂၁ ခုနှစ်ကာလများအကြား အသက် ၆၅ နှစ်အထက် သက်ကြီးရွယ်အိုများတွင် အပူဒဏ်ကြောင့် သေဆုံးမှုနှုန်းသည် ၈၅ ရာခိုင်နှုန်းခန့်အထိ မြင့်တက်လာခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ခန့်မှန်းတွက်ချက်ထားသည်။

 

တတိယအချက်အနေဖြင့် အပူဒဏ်၏ နောက်ဆက်တွဲ အကျိုးဆက်များသည် ဆေးဝါးကုသခွင့် ရရှိနိုင်မှုအပေါ် မူတည်နေပါသည်။ အပူလွန်ကဲ၍ မူးမေ့လဲခြင်း ဖြစ်ပွားပါက ခန္ဓာကိုယ်အပူချိန်ကို အမြန်ဆုံး လျှော့ချပေးရန်နှင့် ဆေးဘက်ဆိုင်ရာ ပြုစုကုသမှု ရရှိရန် လိုအပ်ပါသည်။ အသက်ဘေးမှ လွတ်မြောက်နိုင်ခြေသည် လူနာ သယ်ယူ ပို့ဆောင်နိုင်ခွင့်၊ ပုံမှန်လည်ပတ်နေသော ဆေးခန်းများ၊ ဆေးဘက်ဆိုင်ရာ ကိရိယာများနှင့် လျှပ်စစ်ဓာတ်အား ရရှိနိုင်မှုတို့အပေါ် မူတည်နိုင်ပါသည်။ ဤအရင်းအမြစ်များသည် ဆင်းရဲနွမ်းပါးသူများနှင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသော ပြည်သူများ အနည်းဆုံးသာ ရရှိနိုင်သည့် အရာများ အတိအကျ ဖြစ် နေကြသည်။

 

ထိုကဲ့သို့ အခြေအနေမျိုး နှင့် ကြုံလာမည့် နိုင်ငံများက ကမ္ဘာပေါ်တွင် မြန်မာ တနိုင်ငံတည်းတော့ မဟုတ်၊ ဆူဒန် နှင့် ယီမင် တို့လည်း ရှိနေသေးသည်ဟု ဆိုသည်။

 

၃.၈ သန်းနီးပါး ရှိလာခဲ့သည့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူ အများစုသည် သောက်သုံးရေသန့်နှင့် ကျန်းမာရေး စောင့်ရှောက်မှု ရရှိနိုင်စွမ်းသည့် အကန့်အသတ် နှင့်သာ ရှိနေကြပြီး ယာယီတဲအိမ်များ၌ နေထိုင်ကြရသည်။ ပလတ်စတစ် မိုးမိုးထားခြင်း၊ လူဦးရေ ပြည့်ကြပ်လွန်းခြင်းနှင့် လေဝင်လေထွက် မကောင်းခြင်းတို့ကြောင့် ၎င်းတို့သည် ပြင်းထန်အပူဒဏ်ကို ပိုမိုဆိုးရွားစွာ ရင်ဆိုင် ခံစားနေကြရသည်။

 

ကျန်းမာရေး စောင့်ရှောက်မှု ရရှိနိုင်ရေးမှာလည်း ပိုမို ခက်ခဲလာခဲ့သည်။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းတခုဖြစ်သည့် Insecurity Insight ၏ မှတ်တမ်းများအရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၆ ခုနှစ် မေလအထိ ကျန်းမာရေး ဝန်ဆောင်မှု ပေးသည့် နေရာများအား တိုက်ခိုက်မှုပေါင်း အနည်းဆုံး ၁,၉၃၉ ကြိမ် ရှိခဲ့ကြောင်း သိရသည်။ ဆက်လက် ဖြစ်ပွားနေသော တိုက်ပွဲများနှင့် သွားလာလှုပ်ရှားမှု ကန့်သတ်ချက်များသည် လူသားချင်းစာနာမှု အကူအညီပေးရေး အဖွဲ့အစည်းများ၏ ဆေးဝါးထောက်ပံ့ ကူညီပေးနိုင်ခွင့်ကို ပိုမိုကျဉ်းမြောင်း သွားစေသည်။

 

စစ်ဘေးရှောင်စခန်းတခုတွင် နေထိုင်နေရသည့် နှလုံးရောဂါအခံရှိသော သက်ကြီးရွယ်အို အမျိုးသမီးတဦးအတွက်မူ အန္တရာယ်များသည် အဆမတန် ဆိုးရွားလျက် ရှိသည်။ သူမ၌ ပန်ကာမရှိ၊ သောက်သုံးရေ လုံလောက်စွာ မရရှိသည့်အပြင် အနီးအနားတွင်လည်း ပုံမှန်လည်ပတ်နေသော ဆေးခန်း မရှိ။ သူမ၏ အသက်အရွယ်၊ ခံစားနေရသော ရောဂါဝေဒနာ၊ အမျိုးသမီးဖြစ်မှုနှင့် အိုးအိမ်စွန့်ခွာရမှု တခုချင်းစီသည် သူမအတွက် အန္တရာယ်ဖြစ်နိုင်ခြေများကို ပိုမိုမြင့်တက်စေသော အချက်များဖြစ်ကြသည်။

 

စစ်အုပ်စု က ရန်ကုန်တွင် အပူဒဏ်ခိုလှုံရေးစခန်းများကို စတင်ဖွင့်လှစ်ပေးလျက်ရှိသည်။ သို့သော် ထိုစခန်းကို ယုံကြည်စိတ်ချပြီး သွားရောက်ရန် လုံခြုံသည်ဟု ခံစားရသူများကိုသာ ကာကွယ်ပေးနိုင်မည်ဖြစ်သည်။ စစ်မှုထမ်းရန် ပေါ်တာ အဆွဲခံနေရသည့် လူငယ်များ ရှိသည့် မိသားစုက အဘယ်သို့ သွားလာရဲပေမည်နည်း။

 

ပိုမိုပြင်းထန်လာမည့် အပူဒဏ်ကို လူတိုင်း အတူတကွ ရင်ဆိုင်ကြရမည် ဖြစ်သော်လည်း ထိခိုက်ခံစားရမည့် အကျိုးဆက်များမှာမူ ညီတူမျှတူ ဖြစ်လာမည်တော့ မဟုတ်ပေ။

 

ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!