အလွယ်တကူနှင့် အမြန်ဆုံး ပြီးဆုံးသွားလိမ့်မည်ဟု လော့ဒ် ဒါလဟိုစီ မျှော်လင့်ခဲ့သော စစ်ပွဲသည် ယခုအခါ သုံးလတိုင်တိုင် ကြာမြင့်လာခဲ့ပြီ ဖြစ်သည်။ မြန်မာတို့သည် မုတ္တမ၊ ရန်ကုန်၊ ပုသိမ်နှင့် ပဲခူးတို့တွင် အရေးနိမ့်ခဲ့ကြသော်လည်း ဗြိတိသျှတို့၏ စည်းကမ်းချက်များကို လက်ခံရန် မည်သည့်လက္ခဏာမျှ ပြသလာခြင်း မရှိပေ။
ဇွန်လ ၂၇ ရက်နေ့တွင် ဒါလဟိုစီက သူ၏ မိတ်ဆွေတဦးထံသို့ — "အညံ့ခံမည့် အရိပ်အယောင် လုံးဝ မတွေ့ရပါ" ဟု ယခုလို ညည်းတွားရေးသားခဲ့သည်။ "နောင်အနာဂတ် ကာလတခုတွင်၊ ဆိုလိုသည်မှာ ကျွန်ုပ်တို့၏ စစ်စရိတ်စကများ မြင့်တက်လာပြီး ကျွန်ုပ်တို့ တောင်းဆိုရမည့် နစ်နာကြေးများကို ငြင်းပယ်ခံရသည်ဖြစ်စေ၊ သို့တည်းမဟုတ် ၎င်းတို့အတွက် ရွံရှာဖွယ်ကောင်းပြီး ကျွန်ုပ်တို့လည်း လိုလားခြင်းမရှိသော နယ်မြေလွှဲပြောင်းပေးအပ်မှုဖြင့်သာ ဖြေရှင်းရမည့် အခြေအနေမျိုး ရောက်မှသာလျှင် တမျိုးမျိုး ဖြစ်လာနိုင်တော့မည်ဟု မျှော်လင့်ချက်အားလုံးကို ကျွန်ုပ် လက်လွှတ်လိုက်ပါပြီ။ ကျွန်ုပ်၏ ရှေ့မှောက်တွင် မြင်တွေ့နေရသော နိုင်ငံရေးအရ မလွှဲမရှောင်သာသည့် အခြေအနေကြောင့် နေ့စဉ်နှင့်အမျှ ပို၍ပင် စိတ်ပျက်အားငယ်ရပြီး ဝမ်းနည်းကြေကွဲရပါသည်..."
ထို့ကြောင့် ဒါလ်ဟိုစီသည် မိမိ၏ အကောင်းဆုံးလမ်းစဉ်မှာ ပဲခူး ဒေသ တခုလုံးကို သိမ်းပိုက်ရန်ဖြစ်သည်ဟု ဆုံးဖြတ်ခဲ့သည်။ ထိုနယ်မြေသည် အရှေ့ တောင် ဘက်ရှိ မော်လမြိုင်မှ ပြည်မြို့၏ မြောက်ဘက်အထိ ဖြစ်ပြီး ရန်ကုန်နှင့် မြစ်ဝကျွန်းပေါ်ဒေသ တခုလုံးကိုလည်း အထူးထည့်သွင်းထားသည်။ ထို့ကြောင့် နောင်တွင် မြန်မာနိုင်ငံသည် ပင်လယ်သို့ ထွက်ပေါက် ရှိတော့မည် မဟုတ်ပေ။ လန်ဒန်ရှိ လော့ဒ် အဘာဒင်း၏ Whig ဝီဂ်အစိုးရသည်လည်း ပါမာစတန်ပါဝင်ရာ ဤအဆိုကို အလွယ်တကူ လက်ခံခဲ့သည်။
(Whig ဆိုသည်က ၁၇ ရာစုမှ ၁၉ ရာစုအလယ်ပိုင်းအထိ အင်္ဂလန်နိုင်ငံရှိ နိုင်ငံရေး ပါတီကြီး ဖြစ်သည်။ ၁၈၅၉ ခုနှစ်တွင် Liberal Party ထဲ ပေါင်းစည်းသွားပြီး ယနေ့ Liberal Party ၏ ဘိုးအေ အဖွဲ့အစည်းဟု ပြောနိုင် ပေသည်။)
ဇူလိုင်လ အစောပိုင်းတွင် တပ်မှုး ကြီး တာလ်တန် ကွပ်ကဲသည့် စစ်သင်္ဘော ငါးစင်းပါသော ရေတပ်စုတစုသည် ပြည်မြို့၏ ခံစစ်အင်အားများကို ထောက်လှမ်းရန်အတွက် အကြောင်းပြချက် အမျိုးမျိုးဖြင့် ဧရာဝတီမြစ်ကြောင်းအတိုင်း အညာသို့ ဆန်တက်လာခဲ့သည်။ ဇူလိုင် ၉ ရက်နေ့တွင် ပြည်မြို့အနီး၌ ကျောက်ချရပ်နားခဲ့ရာ စောင့်ကြပ် ကြည့် ရှု နေသည့် မြန်မာ့တပ်စခန်း တခု တလေမျှ မရှိသည်ကို တွေ့ရှိခဲ့ရသည်။ သို့သော် မိမိတို့နှင့်အတူ ခြေလျင် တပ်သားများ ပါမလာခဲ့သဖြင့် ခံစစ်အဆောက်အအုံများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ဖျက်ဆီးပြီးနောက် ပြန်လည်ဆုတ်ခွာသွားခဲ့ရုံမှတစ်ပါး အခြားမည်သည့် အရာကိုမျှ လုပ်နိုင်ခြင်း မရှိခဲ့ပေ။
အခြေအနေကို ကိုယ်တိုင်ကိုယ်ကျ လေ့လာဆန်းစစ်ရန်အတွက် လော့ဒ် ဒါလဟိုစီ သည် ဇူလိုင်လ ၂၇ ရက်နေ့တွင် ‘ဖီရိုဇ်’ အမည်ရှိ ရေနွေးငွေ့သုံး တိုက်သင်္ဘောဖြင့် ရန်ကုန်သို့ လာရောက်ခဲ့သည်။ ၎င်း၏ နယ်မြေသိမ်းပိုက်ရေး အစီအစဉ်ကို အကောင်အထည်ဖော်ရန်အတွက် စုစုပေါင်း စစ်အင်အား ၂၀,၀ဝ၀ ပါဝင်သော တပ်မ (၂) ရှိလာသည် အထိ အင်အားဖြည့်တင်းရန် လိုအပ်သည်ဟု ၎င်းက ဆုံးဖြတ်ခဲ့သည်။ ထိုစစ်ကူတပ်များသည် စက်တင်ဘာလတွင် ရန်ကုန်သို့ ရောက်ရှိလာခဲ့ကြသည်။
ထို့နောက် ဗိုလ်မှူးကြီး ရိန်းနိုးစ် ၏ တပ်မဟာသည် မြစ်ကြောင်းအတိုင်း အထက်သို့ ဆန်တက်လာခဲ့ပြီး အောက်တိုဘာလ ၉ ရက်နေ့တွင် ပြည်မြို့ရှေ့၌ ကျောက်ချရပ်နားခဲ့သည်။
မြန်မာတပ်များက အမြောက်များ၊ သေနတ်များဖြင့် စတင်ပစ်ခတ်တိုက်ခိုက်ခဲ့ကြသော်လည်း ဗြိတိသျှတို့ဘက်မှ အမြောက်ကြီးများဖြင့် တကြိမ်၊ နှစ်ကြိမ်ခန့် အပြင်းအထန် ပြန်လည်ပစ်ခတ်လိုက်ရာ မြန်မာတို့၏ ခုခံပစ်ခတ်မှုများ ငြိမ်သက်သွားခဲ့သည်။
နောက်တနေ့တွင် ပြည်မြို့၌ ရန်သူတပ်များ မရှိတော့ကြောင်း တွေ့ရှိခဲ့ရသည်။ မြန်မာတပ်များသည် အရှေ့ဘက် ဆယ်မိုင်ခန့်အကွာရှိ နေရာ တနေရာ သို့ ဆုတ်ခွာသွားခဲ့ကြခြင်းဖြစ်သည်။ ထို့ကြောင့် ဂေါ်ဒွင် သည် ပြည်မြို့ကို သိမ်းပိုက်လိုက်ပြီး နောက်ထပ် တပ်မဟာတခုကို သယ်ဆောင်လာရန် ရေတပ်သင်္ဘောစုကို ရန်ကုန်သို့ ပြန်လည်စေလွှတ်ခဲ့သည်။ ထို့နောက် ရက်အနည်းငယ်အကြာတွင် သူကိုယ်တိုင်လည်း ရန်ကုန်သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။
ဤအတောအတွင်း ဒလဟိုဇီ သည် စစ်ဆင်ရေးကို ဆင်နွှဲရာ၌ ဂေါ်ဒွင် ၏ နှေးကွေးလွန်းပြီး အေးအေးဆေးဆေး လုပ်ဆောင်နေသည့် ဟန်ပန်ကို စတင်ဝေဖန်လာခဲ့သည်။ ဂေါ်ဒွင် ကို ရာထူးမှပင် ထုတ်ပယ်ရန် စဉ်းစားခဲ့သော်လည်း နောက်ဆုံးတွင် မိတ်ဆွေတစ်ဦးထံ ပေးပို့သော စာတစောင်၌ ဤသို့ ရေးသားခဲ့သည်။
"သူဟာ အသက်အရွယ် ရနေပြီ ဖြစ်သော်လည်း ရဲရင့်ပြတ်သားတဲ့ စစ်သားကောင်းတဦးပါ။ သူ့ကို ထိခိုက်နစ်နာစေမယ့် အမှုမျိုး ကျွန်တော် မလုပ်ချင်ပါဘူး။”
ပဲခူးမြို့ကို ပြန်လည်သိမ်းပိုက်ရန် လိုအပ်လာခဲ့သည်။ ထို့ကြောင့် နိုဝင်ဘာလ ၂၁ ရက်နေ့တွင် ဂေါ်ဒွင် ကိုယ်တိုင် ဦးဆောင်သော စစ်သည်အင်အား ၁,၀၀၀ ခန့်ပါဝင်သည့် တပ်ဖွဲ့သည် မြို့အောက်ဘက်ရှိ မြူထူထပ်နေသော နေရာမှ နေ၍ ကမ်းတက်ခဲ့သည်။
နောက်တနေ့ မှာပင် ပဲခူး သည် ဗြိတိသျှတို့လက်သို့ ကျရောက်သွားခဲ့သည်။ ထိုသို့ သိမ်းပိုက်နိုင်ရန် တပ်ဖွဲ့သည် တောနက်အတွင်း ပင်ပန်းနွမ်းနယ်စေသော ခရီးရှည်ကြီးကို ဖြတ်သန်းကာ မြို့၏ အရှေ့ဘက်ခြမ်းသို့ ပတ်၍ ချီတက်ခဲ့ရပြီး၊ တောတွင်း၌လည်း တိုတောင်းသော်လည်း ပြင်းထန်သော တိုက်ပွဲတရပ်ကို ဆင်နွှဲခဲ့ရသည်။
ရက်အနည်းငယ်အကြာ ဒီဇင်ဘာလ ၂၀ ရက်နေ့တွင်၊ ပဲခူးမဟာ မင်းကြီးအဖြစ် ခန့်အပ်ခြင်းခံရမည့် ကပ္ပတိန် ဖရာယာ သည် ဒါလဟိုစီ ကိုယ်စား ပဲခူးပြည်နယ် တခုလုံးကို ဗြိတိသျှတို့ သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့သည်။
အဆိုပါစာတမ်းတွင် အကယ်၍ နယ်မြေသိမ်းပိုက်မှုကို ငြိမ်ဝပ်စွာ လက်မခံပါက 'ဗမာနိုင်ငံတော် တခုလုံး ပြိုလဲပျက်စီးခြင်း၊ ဘုရင်နှင့် တော်ဝင်မျိုးနွယ်တို့ ပျက်စီးဆုံးပါးကာ ပြည်နှင်ဒဏ်ခံရခြင်း' တို့ ဖြစ်လာမည်ဟု ခြိမ်းခြောက်ထားပြီး၊ မြန်မာတပ်ဖွဲ့များအားလုံးကို ပြည်နယ်အတွင်းမှ မောင်းထုတ်ရန်လည်း အမိန့်ပေးထားခဲ့သည်။
ဤရည်မှန်းချက် အကောင်အထည် ဖေါ်ရန် အတွက် ဗိုလ်ချုပ် စတီးလ် သည် တပ်သား ၄,၀၀၀ နှင့် အမြောက်တပ် များပါဝင်သော စစ်ကြောင်းကို ဦးဆောင်လျက် မြောက်ဘက်နယ်စပ်သို့ ချီတက်ရန် ၁၈၅၃ ခုနှစ် ဇန်နဝါရီလ ၁၄ ရက်နေ့တွင် တောင်ဘက်ရှိ မုတ္တမမြို့မှ ထွက်ခွာခဲ့သည်။