မင်းအောင်လှိုင်သည် ငါးနှစ်ကျော်ကြာအောင် လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပြင်ပကမ္ဘာ နှင့် အဆက်ဖြတ်ကာ ချုပ် နှောင်ထားခဲ့ သည်။ ၂၀၂၆ ခုနှစ် ဧပြီလ၊ ဩဂုတ်လနှင့် ယခု အောက်တိုဘာလတို့တွင် ထုတ်ပြန်ခဲ့သော ဓာတ်ပုံများမှလွဲ၍ သူမ၏ အခြေအနေနှင့် ပတ်သက်ပြီး သတင်းအစအန အနည်းငယ်သာ ရှိခဲ့သည်။ မကြာသေးမီက မှ သား ဖြစ်သူ နှင့် မိနစ် နှစ်ဆယ်ကြာ စကား ပြောခွင့်ပြုခဲ့သည်။
ဤသည်က စစ်အုပ်စုမှ နိုင်ငံတကာ၏ စိုးရိမ်ပူပန်မှုများကို ဖြေရှင်းရန် ကြိုးပမ်းနေခြင်း ဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာကြီးက မည်သို့ထင်မြင်သည်ကို အဘယ်ကြောင့် ရုတ်တရက် ဂရုစိုက်လာရသနည်း။ အကြောင်းမှာ အမည်ခံ အရပ်သားအစိုးရအဖြစ် အသွင်ကူးပြောင်းပြီးနောက် စစ်တပ်သည် သံတမန်ရေးရာ ပုံမှန်ပြန်လည် ရပ်တည်ရေး အတွက် ၎င်းထင်သလို ဖြစ်မလာဘဲ အသည်းအသန် လုံးပမ်း နေရသောကြောင့် ဖြစ်သည်။ ဤသည်ကလည်း အစိုးရသစ်ဆိုသည်ကို ဦးဆောင်လာသူမှာ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုကို ဦးဆောင်ခဲ့သည့် စစ်တပ်အကြီးအကဲဟောင်း မင်းအောင်လှိုင်ပင် ဖြစ် နေသောကြောင့်ပင် ဖြစ်သည်။
ယခုအခါ အဆိုပါ ပုဂ္ဂိုလ် သည် ၎င်း၏ အုပ်ချုပ်မှုကို တရားဝင်ကြောင်း အကြောင်းပြနိုင်ရန်အတွက် ဒီမိုကရေစီ အရေခြုံ ခွင့် ရရှိသွားပြီ ဖြစ်သည်။
မင်းအောင်လှိုင်သည် သမ္မတ ဖြစ်လာပြီးနောက် ပထမဆုံး လုပ်ဆောင်ခဲ့သည့် ကိစ္စရပ်များထဲမှ တခုမှာ ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းထောင်မှ နေအိမ်အကျယ်ချုပ်သို့ ပြောင်းရွှေ့ပေးခြင်း ဖြစ်သည်။ အာဏာပိုင်များက သူမ၏ ပြစ်ဒဏ်ကာလကိုလည်း လျှော့ချပေးခဲ့သည်။ သို့သော် မင်းအောင်လှိုင်အနေဖြင့် နိုင်ငံရေးအရရော ပုဂ္ဂိုလ်ရေးအရပါ အကြောင်းပြချက်များကြောင့် သူမကို အကျဉ်းကျခံနေရခြင်းမှ လုံးဝလွှတ်ပေးရန် ရည်ရွယ်ချက် မရှိပေ။
ထို့အတွက် စစ်အုပ်စု ၏ ပိုမိုကျယ်ပြန့်သော နိုင်ငံရေးရပ်တည်ချက် သို့မဟုတ် နိုင်ငံအတွင်း ဖြစ်ပေါ်နေသော အကျပ်အတည်းအပေါ် ကိုင်တွယ်ဖြေရှင်းသည့် ချဉ်းကပ်ပုံတို့တွင် မည်သို့မျှ ပြောင်းလဲလာခြင်း ရှိမည် မဟုတ် ဆိုသည်ကို ညွှန်ပြနေ ပေသည်။
မင်း အောင်လှိုင် အတွက် အခံရ ခက်စရာ ဖြစ်နေသည်က ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတကာတွင် လူသိအများဆုံးနှင့် အသိအမှတ် ပြု ခံထားရသော နိုင်ငံရေးခေါင်းဆောင်အဖြစ်မှ တပြားသားမှပင် လျော့ပါး ကျဆင်းသွားခြင်းမရှိဘဲ၊ ၎င်း၏ မတရား ဖမ်းဆီး ချုပ်နှောင်ခံထားရသူ အဖြစ်သာ ခံယူ ထားကြသည် ဆိုသည့် အချက် ဖြစ်သည်။
ထို့ အတွက် ဒေါ်အောင်ဆန်းစုကြည်၏ ကံကြမ္မာသည် မင်းအောင်လှိုင်၏ အစိုးရသစ် တရားဝင်မှု ရရှိရေးနှင့် ခွဲခြား၍မရနိုင်အောင် ဒွန်တွဲလျက်ရှိ နေသည်ဟုပင် The Diplomat တွင် ရေးသားထားသည်။
ထိုအရေးသည် မြန်မာ့နိုင်ငံရေးအကျပ်အတည်း၏ ထင်ရှားသော သင်္ကေတတခု ဖြစ်လာခဲ့ပြီး နိုင်ငံ၏ အနာဂတ်အတွက် နိုင်ငံတကာ ဆွေးနွေးပွဲများတွင်လည်း အဓိကကျသော အကြောင်းအရာအဖြစ် ဆက်လက်တည်ရှိနေသည်။
နောက်ထပ် မလူးသာ မလွန့်သာ သံတမန် အကျပ်အတည်း ကျသွားရပြန်သည်က လွတ် မြောက်လာပြီ ဆို သော သမ္မတ ဦးဝင်းမြင့်အား တွေ့ဆုံခွင့်ရရန် ကြိုးပမ်းခဲ့သော်လည်း ယခုတိုင် တွေ့ခွင့်မရသေးဟု ဂျာမဏီ သံရုံး အကြီးအကဲ က သမ္မတကြီး ဦးဝင်းမြင့်၏ ၇၅ နှစ် မြောက် မွေး နေ့ တွင် အိမ်ရှေ့သို့ ကိုယ်တိုင်ကိုယ်ကျ သွားကာ လူမှု ကွန်ရက်မှ တဆင့် ကမ္ဘာကြီးအား သတင်းစကား ပါးလိုက်ခြင်း ကြောင့်ပင် ဖြစ်သည်။
စစ်အုပ်စု မှ ဆတ်ဆတ်ခါ နာသွားပြီး ၎င်းတို့၏ ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး ဆိုသူက ခေါ်ယူ တွေ့ဆုံကာ ကြိမ်းမောင်း သည် အထိ ဖြစ်လာသည်။
ရွေးကောက်ခံ အစိုးရထံမှ အာဏာသိမ်းယူခြင်း၊ နိုင်ငံရေးခေါင်း ဆောင် များနှင့် ပြည်သူများကို ဖမ်းဆီးထိန်းသိမ်းထားခြင်း၊ ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို အကြမ်းဖက် ဖြိုခွင်းခြင်း၊ ပြည်သူများကို ဗုံးကြဲ တိုက်ခိုက် နေခြင်း၊ နိုင်ငံရေးပါတီများကို ဖျက်သိမ်းပြီး တဖက်သတ် ရွေးကောက်ပွဲ ကျင်းပခြင်း၊ သတင်းလွတ်လပ်ခွင့်နှင့် အခြေခံလူ့အခွင့်အရေးများကို ပိတ်ပင်ထားခြင်း၊ တရားစီရင်ရေး မဏ္ဍိုင်ကို လိုသလို အသုံးချ နေခြင်း များ မြင်တွေ့နေရပါလျက် နှင့် ၎င်းတို့သည်သာ ဒီမိုကရေစီ စံနှုန်းများနှင့် အညီ အုပ်ချုပ်နေပါသည်ဟု ပြောဆိုနေကြသည်။
ထိုသို့ ကြွေးကြော်နေခြင်းသည် ဝါဒ ဖြန့်ချီဖို့ လိုအပ်နေ၍ ပြောဆိုနေပါက တော်ပေသေးသည်၊ ထိုသို့ မဟုတ်ဘဲ ၎င်း၏ အူထဲ အသည်းထဲက ယုံကြည်နေ၍ ဆိုက ၎င်း အတွက်ကော၊ တိုင်းပြည်အတွက်ပါ အကြီးအကျယ် စိုးရိမ်စရာ ဖြစ်လာရပေပြီ။
အာဏာရှင်များသည် ၎င်းတို့ ကြားချင်သော စကားကိုသာ ပြောဆိုတတ်သည့် လက်အောက်ငယ်သားများဖြင့် ဝန်းရံခံထားရလေ့ ရှိသည်။ ထို့ကြောင့် တိုင်းပြည်အတွင်း ဖြစ်ပေါ်နေသော အမှန်တကယ် ဆင်းရဲဒုက္ခများ၊ ပြည်သူလူထု၏ သဘောထားအမှန်များကို မမြင်နိုင်တော့ဘဲ မိမိကိုယ်ကိုယ် တိုင်းပြည်ကယ်တင်ရှင်အဖြစ် ထင်မှတ်မှားသွားပြီး ပကတိအရှိတရားနှင့် ကင်းကွာသည့် Echo Chamber Effect ဖြစ်လာစမြဲ ပင် ဖြစ်သည်။
စစ်တပ်၏ ခေါင်းဆောင်ပိုင်းတွင် ၎င်းတို့ ဦးဆောင်ထိန်းကျောင်းပေးမှသာ တိုင်းပြည်တည်ငြိမ်မည်ဟူသော အယူအဆ အမြစ်တွယ်နေသည်။ ၎င်းတို့၏ အမြင်တွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဘောင်အတွင်းမှ စစ်တပ်စိတ်ကြိုက် ကျင်းပပေးသော ရွေးကောက်ပွဲသည်သာ တရားဝင် ဒီမိုကရေစီဟု တဖက်သတ် ယုံကြည်နေခြင်း ဖြစ်သည်။
မိမိလုပ်ရပ်ကို မှားယွင်းနေမှန်း သိသူသည် အခြေအနေအရ အလျှော့အတင်း လုပ်နိုင်သော်လည်း မိမိကိုယ်ကိုယ် ရာနှုန်းပြည့် မှန်ကန်သည်ဟု ယုံကြည်နေသူသည် မည်သည့်အခါမျှ အမှားကို ပြင်ဆင်မည် မဟုတ်ပေ။
ပြည်သူလူထုနှင့် တိုင်းရင်းသား အင်အားစုများ၏ အမှန်တကယ် လိုလားချက်ကို လျစ်လျူရှုပြီး ဟန်ပြနိုင်ငံရေး လမ်းကြောင်းပေါ်တွင်သာ ဆက်လက်ခေါင်းမာစွာ လျှောက်လှမ်းနေပါက ပြည်တွင်းပဋိပက္ခများ ပြေလည်ရန် လမ်းစမရှိဘဲ တိုင်းပြည်သည် ၎င်းမရှိ တော့သည့် အခါတွင်လည်းရေရှည်နာလန်မထူနိုင်သည့် အခြေအနေသို့ ရောက်ရှိသွားတော့မည် ဖြစ်သည်။
သမိုင်းတလျှောက်တွင် ပကတိအခြေအနေမှန်ကို လက်မခံဘဲ မိမိ၏ အတွေးအခေါ် အမှားထဲတွင် ပိတ်မိနေသော အာဏာရှင်များသည် အဆုံးသတ်တွင် ၎င်းတို့ ထင်မှတ်မထားသော နိုင်ငံရေးနှင့် လူမှုရေး ပြိုလဲမှုများနှင့် ရင်ဆိုင်ခဲ့ရစမြဲ ဆိုသော သာဓက များက အထင်အရှား ရှိနေပြီး ဖြစ်သည်။
ဝါဒဖြန့်ချိရေးသက်သက် ဖြစ်ပါက နိုင်ငံရေးအရ အပေးအယူ လုပ်နိုင်ခြေ အနည်းငယ် ရှိနိုင်သေးသော်လည်း မိမိ၏ လုပ်ရပ်အပေါ် ကိုယ်တိုင် ယုံကြည်နေခြင်း ဖြစ်ပါက မြန်မာ့နိုင်ငံရေး အကျပ်အတည်းသည် ပိုမိုနက်ရှိုင်းပြီး ထွက်ပေါက်ပိတ်သော အခြေအနေသို့ ဦးတည်သွားနိုင် ပေသည်။
ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!