စစ်အုပ်စု အနေဖြင့် ငွေကြေး ခဝါချ မှု များကို ကာကွယ်ခြင်း မရှိပါက နောက်ထပ် အရေးယူဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဟု ကမ္ဘာ့ဘဏ္ဍာရေး အရေးယူဆောင်ရွက်မှု အဖွဲ့ (FATF) က သတိပေးပြောကြားလိုက်သည်။
FATF သည် ကမ္ဘာ့ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်းမှုအတွက် ရန်ပုံငွေထောက်ပံ့မှုများကို စောင့်ကြည့်လေ့လာ ရန် တာဝန်ယူထားရသည့် အဖွဲ့ဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် ၎င်း၏ ဘဏ္ဍာရေးဆိုင်ရာ ကာကွယ်စောင့်ရှောက်ရေး လိုအပ်ချက်နှင့် အားနည်းချက်များကို ဖေဖော်ဝါရီလမတိုင်မီ ပြင်ဆင်ဆောင်ရွက်ခြင်း မရှိပါက နောက်ထပ် အရေးယူဆောင်ရွက်မှုများကို စဉ်းစားသွားနိုင်ကြောင်း အောက်တိုဘာလ ၃၀ ရက်နေ့တွင် သတိပေးလိုက်ခြင်းဖြစ်သည်။
ထိုသို့ အရေးယူ လာပါက နိုင်ငံတကာ စီးပွားရေးဆိုင်ရာ အကန့်အသတ် နှင့် ပိတ်ဆို့မှုများ ပိုမိုတင်းကြပ်လာမည့် အန္တရာယ် ရှိနေသော်လည်း စစ်အုပ်စု က ဆက်၍ တွန့်ဆုတ်နေဆဲ ဖြစ်သည့် အတွက် ပြဿနာ က ပိုကြီးလာနိုင် ကြောင်း လေ့လာဆန်းစစ်သူများက သုံးသပ်ကြသည်။
မြန်မာသည် ၂၀၂၂ ခုနှစ်ကတည်းက FATF ၏ နာမည်ပျက်စာရင်း တွင် ပါဝင်ခဲ့ပြီး ဖြစ်သည်။ ထိုသို့ သတ်မှတ်ခံရခြင်းကြောင့် မြန်မာနိုင်ငံနှင့် ပတ်သက်သော ဘဏ္ဍာရေးဆိုင်ရာ ငွေလွှဲပြောင်းမှုများကို ပိုမိုစေ့စပ်သေချာစွာ စစ်ဆေးခံရ၍ ကုန်ကျစရိတ်များ မြင့်တက်လာကာ စီးပွားရေး လုပ်ကိုင်ဆောင်ရွက်မှုများကို ပိုမိုရှုပ်ထွေးလာခဲ့သည်။ ကမ္ဘာပေါ်တွင် အီရန်နှင့် မြောက်ကိုရီးယားတို့သာ ထိုကဲ့သို့ အဆင့်အတန်း ကို ရရှိထားကြသည်။
ဂျပန် အစိုးရ မှ ၎င်းတို့ စီးပွားရေးလုပ်ကိုင်ရ လွယ်ကူစေရန်အတွက် မြန်မာနိုင်ငံကို နာမည်ပျက်စာရင်းမှ ပယ်ဖျက်ပေးရန် တွန်းအားပေးဆောင်ရွက်နေသည်ဆိုသည့် အောက်တိုဘာလ ၃၀ ရက်နေ့ပါ ရိုက်တာ ၏ သတင်းဖော်ပြချက်ကို ဂျပန်ဘဏ္ဍာရေးဝန်ကြီးဌာနက ကြာသပတေးနေ့တွင် တရားဝင် ငြင်းဆိုလိုက်သည်။
တကယ်တမ်း တွင် ဂျပန်အစိုးရအနေဖြင့် မြန်မာနိုင်ငံကို FATF နာမည်ပျက်စာရင်းမှ ပယ်ဖျက်ပေးရန် ကြိုးပမ်းဆောင်ရွက်ခဲ့သည်ဆိုသည့် အချက်မှာ မှန်ကန်မှုမရှိ ကြောင်း၊ ငွေကြေးခဝါချမှုနှင့် ဆက်စပ် တရားမဝင် လှုပ်ရှားမှုများကို တားဆီးကာကွယ်သည့် အရေးယူဆောင်ရွက်ချက်များ ပိုမိုအားကောင်းလာစေရန် မြန်မာနိုင်ငံအနေဖြင့် လိုအပ်သော ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်သွားမည်ဟု ဂျပန်နိုင်ငံက မျှော်လင့်ပါသည်" ဟု ထုတ်ပြန်ချက် တွင် ပါရှိသည်။
လွန်ခဲ့သည့် စနေနေ့က စစ်အုပ်စု သည် ၎င်းတို့ကို ချစ်ကြည်သော နိုင်ငံများ" က စာရင်းမှ ပယ်ဖျက်ပေးရေး ကူညီပံ့ပိုးပေးနေကြောင်း ရိုက်တာ သို့ ပေးပို့သည့် ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့ပြီး ထိုနိုင်ငံများထဲ၌ ဂျပန်နိုင်ငံလည်း ပါဝင်သည်ဟု ဆိုထားသည်။ ထို့အပြင် အမေရိကန်၊ အိန္ဒိယ၊ တောင်ကိုရီယား၊ အင်ဒိုနီရှား တို့ကိုလည်း ထည့်ထားပြန်သည်။
ထိုသို့သာ ပြော နေသော်လည်း ၎င်းတို့၏ ကြိုးပမ်းအားထုတ်မှုများသည် အဓိပ္ပာယ်ရှိသော ပြုပြင်ပြောင်းလဲမှုများ ဖြစ်လာမလား ဆိုသည့် အပေါ် မေးခွန်းထုတ် နေကြဆဲဖြစ်သည်။ FATF က ဘဏ္ဍာရေးဆိုင်ရာ သတင်းအချက်အလက် များကို ထိရောက်စွာ အသုံးပြုရန်နှင့် ငွေကြေးခဝါချမှုများကို စုံစမ်းစစ်ဆေး၍ တရားစွဲဆို အရေးယူမှုများ ပြုလုပ်ရန် တောင်းဆိုထားသည်။
စင်္ကာပူ ရှိ ISEAS – Yusof Ishak Institute မှ "ဂျဲရက်ဒ် ဘစ်ဆင်းဂျာ က မြန်မာသည် FATF ၏ လုပ်ရမည့် လုပ်ငန်းစဉ် လမ်းပြမြေပုံ ပါ အချက်များကို ဖြေရှင်းရန် အတိုင်းအတာတခုအထိ အရေးယူဆောင်ရွက်မှုများ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။
ထိုအရေးယူဆောင်ရွက်မှုများတွင် ဇူလိုင်လက အတည်ပြုပြဋ္ဌာန်းခဲ့သော အွန်လိုင်းငွေလိမ်လည်မှု တားဆီးကာကွယ်ရေး ဥပဒေနှင့် ဒေသတွင်း၌ "ဟွန်ဒီ" ဟု လူသိများသည့် တရားမဝင် ငွေလွှဲလုပ်ငန်းများကို နှိမ်နင်းခြင်းတို့ ပါဝင်သည်။
သို့သော်လည်း ဤအရေးယူဆောင်ရွက်ချက်များသည် အပေါ်ယံ ဟန်ပြရုံသာဖြစ်ပြီး ကိုယ်ကျိုးရှာလိုသည့် သဘောသက်ရောက်နေသည်" ဟု ဘစ်ဆင်းဂျာ က ပြောပြခဲ့သည်။ ထို့ပြင် အဓိကရည်ရွယ်ချက်မှာ ရွှေ့ပြောင်းလုပ်သားများ နေရပ်သို့ ငွေလွှဲပြောင်းရာတွင် ၎င်းတို့ ထိန်းချုပ်ထားသော ဘဏ္ဍာရေးစနစ်ကို အသုံးပြုဖို့ အဓမ္မဖိအားပေးရန်ဖြစ်ကြောင်း ၎င်းက ထောက်ပြခဲ့သည်။
"ဒါဟာ စစ်အုပ်စု အတွက် အကျိုးရှိစေပေမဲ့ သူတို့ ထိန်းချုပ်ထားတဲ့ စနစ်ထက် ပိုနိမ့်တဲ့ ငွေလဲနှုန်းကိုပဲ ရရှိကြတာကြောင့် ရွှေ့ပြောင်းလုပ်သားတွေအတွက်တော့ ပိုပြီး အခြေအနေ ဆိုးရွားသွားစေပါတယ်" ဟု ၎င်းက ဆိုသည်။
ပြီးခဲ့သည့်လက Justice For Myanmar နှင့် ရိုက်တာ သတင်းဌာနတို့ ပူးတွဲစုံစမ်းစစ်ဆေးထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတွင် အမေရိကန်နှင့် နိုင်ငံတကာ၏ ပိတ်ဆို့အရေးယူမှုများကို ရှောင်ရှားရန်အတွက် စစ်အုပ်စု၏ နိုင်ငံခြားငွေလဲလှယ်မှု ကြီးကြပ်ကွပ်ကဲရေး ကော်မတီ (FESC) သည် လေယာဉ်ဆီ တင်သွင်းရန် ကုမ္ပဏီတခုထံ သွင်းကုန်စာရွက်စာတမ်း အတုများကို ထုတ်ပေးခဲ့ကြောင်း ဖော်ပြခဲ့ကြသည်။
"ဒါဟာ ငွေကြေးခဝါချမှု ပပျောက်ရေးနဲ့ အကြမ်းဖက်မှုကို ရန်ပုံငွေထောက်ပံ့မှု တားဆီးရေးဆိုင်ရာ စည်းမျဉ်းတွေကို စစ်အုပ်စု အနေနဲ့ 'အမှန်တကယ် လိုက်နာဖို့ စိတ်ဆန္ဒရှိပါတယ်' ဆိုတဲ့ ပြောဆိုချက် မှန်သမျှကို ရိုက်ချိုးလိုက်တာပဲဖြစ်ပါတယ်" ဟု ဘစ်ဆင်းဂျာက ပြောကြားခဲ့သည်။ "ခုလို စာရွက်စာတမ်း အတုပြုလုပ်တာဟာ စစ်အုပ်စု ကိုယ်တိုင်ကပဲ ငွေကြေးခဝါချမှုမှာ အဓိကတရားခံ ဖြစ်နေသလားဆိုတဲ့ မေးခွန်းတွေ ပေါ်ထွက်လာစေပါတယ်" ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
"ယခုအခါ မြန်မာကို နာမည်ပျက်စာရင်းမှ ပယ်ဖျက်ပေးလိုက်မည် ဆိုက ၎င်းတို့၏ အပေါ်ယံ ဟန်ပြဆောင်ရွက်ချက်များအတွက် 'ဆုလာဘ်' ပေးသကဲ့သို့ ရှုမြင်ခံရနိုင်သည်" ဟု ဘစ်ဆင်းဂျာက ပြောကြားခဲ့သည်။
ဂျပန်သည် သီလဝါ အထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံမှု အစုရှယ်ယာများ အပါအဝင် မြန်မာနိုင်ငံ၌ ကြီးမားသော စီးပွားရေး အကျိုးစီးပွားများ ရှိနေသည်။
ထို အချက်ကြောင့် အမေရိကန်က စစ်အုပ်စူ နဲ့ ထိတွေ့ဆက်ဆံနိုင်ဖို့ ဂျပန်သည် ကြားဝင်ညှိနှိုင်းပေးသူ တဦး ဖြစ်လာခဲ့ခြင်း" ဟု ၎င်းက ပြောကြားခဲ့သည်။
ဂျပန်တာဝန်ရှိသူများသည် FATF နာမည်ပျက်စာရင်းမှ ပယ်ဖျက်ပေးရေးအတွက် ကြားခံပုဂ္ဂိုလ်/အဖွဲ့အစည်းများ မှတဆင့် စည်းရုံးဆွေးနွေးမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်နိုင်သည်ဟု ပြောဆိုမှု များ ရှိနေသည်။
"ဂျပန်နိုင်ငံသည် နေပြည်တော်၏ နိုင်ငံရေးအရ တရားဝင်မှု ပြဿနာ ကို သီးခြားခွဲထုတ်ထားပြီး အမေရိကန်နှင့် အာဆီယံ (ASEAN) အဖွဲ့တို့ပါဝင်သည့် လမ်းကြောင်းမှတဆင့် မြန်မာနိုင်ငံနှင့် ထိတွေ့ဆက်ဆံရန် ကြိုးပမ်းနေခြင်း ဖြစ်နိုင်ကြောင်း၊
ဂျပန်နိုင်ငံသည် မြန်မာ စစ်အုပ်စုကို အစိုးရ အဖြစ်တရားဝင် အသိအမှတ်ပြုထားခြင်း မရှိသော်လည်း အခြားသော G7 နိုင်ငံများနှင့်မတူဘဲ တိုက်ရိုက် စီးပွားရေး ပိတ်ဆို့အရေးယူမှုများ ချမှတ်ထားခြင်း မရှိကြောင်း" ဟု လည်း ဝေဖန်သူများက သုံးသပ်ကြသည်ဟု South China Morning Post တွင် ရေးသားထားသည်။
ယခုလို နာမည် ပျက်စာရင်းမှ ပယ်ဖျက်မခံရဘဲ အရေးယူ ခံရဖို့ ရှိလာပါက • နိုင်ငံတကာ ဘဏ်များသည် မြန်မာနိုင်ငံမှ ငွေလွှဲ/ငွေလက်ခံမှုတိုင်းကို အဆင့်ဆင့် စစ်ဆေးကြမည်။ ပြည်ပ ဘဏ်ကြီးအများစုက မြန်မာ့ဘဏ်များနှင့် တိုက်ရိုက် ဆက်သွယ်ဆောင်ရွက်မှု များကို ရပ်ဆိုင်း သို့မဟုတ် ပိတ်ပင်ကြမည်။
နိုင်ငံတကာ ငွေလွှဲပြောင်းမှုစရိတ်မျာ သိသိသာသာ မြင့်တက်လာမည်။ ငွေပေးချေမှုများ ကြန့်ကြာခြင်း သို့မဟုတ် ဘဏ်များမှ အကြောင်းပြချက်မရှိ ပယ်ဖျက်ခံရမည်၊ ဘဏ်စနစ်တခုလုံး၏ Credit Rating ကျဆင်းမည်။
ကုန်သွယ်ရေးဆိုင်ရာ အာမခံစာလွှာ (Letter of Credit - LC) နှင့် အာမခံချက်များ ထုတ်ယူရန် ခက်ခဲမည်။ ဂျပန်အပါအဝင် ပြည်ပ ရင်းနှီးမြှုပ်နှံသူများ သံသယဖြစ်ကာ တိုးချဲ့ ရင်းနှီးမြှုပ်နှံမှုများ ဆိုင်းငံ့ကြမည်။
သွင်းကုန်/ပို့ကုန် လုပ်ငန်းရှင်များ တရားဝင် ကုန်သွယ်ရေး လမ်းကြောင်းမှ လွဲဖယ်လာကြမည်။ သီလဝါကဲ့သို့ စီးပွားရေးဇုန်များတွင် လုပ်ငန်းလည်ပတ်စရိတ် မြင့်တက်ပြီး ရင်းနှီးမြှုပ်နှံမှု အသစ်များ ပိုမိုနည်းပါးသွားမည်။
ကုန်သွယ်မှုနှင့် ဘဏ္ဍာရေး စရိတ်များ မြင့်တက်လာမှုကြောင့် ပြည်တွင်း ပို့ကုန်/သွင်းကုန် ကုန်ဈေးနှုန်းများ ထပ်မံ မြင့်တက်လာမည်။
အထက်ပါ အချက်များကို ကြည့်မည်ဆိုက FATF သည် စစ်အုပ်စုကို ရှေ့လျောက် ရပ်တည်၍ မရအောင် အလဲထိုးနိုင်မည့် လက်နက်ကြီး ပိုင်ဆိုင်ထားသည်ကို အထင်အရှား တွေ့မြင် နိုင်ပေသည်။ ထို့အတွက်လည်း ဂျပန်သည် မျက်ကလဲ ဆန်ပြာ ဖြစ်လာသည်မှာ အဆန်းတကြယ် တော့ မဟုတ်ပေ။
ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!