ဒေါ်အောင်ဆန်းစုကြည် (၅)

by Hla Soewai - Nov 07 2020

၁၉၂၀ တွင် ဖြစ်ပေါ်ခဲ့သော ကျောင်းသား သပိတ်နှင့် စပ်လျှင်းပြီး အနည်းငယ် လှုပ်လှုပ်ရွရွ ဖြစ်လာခဲ့သည်ကို ဗြိတိသျ တို့က လက်မြန် ခြေမြန် နှင့် လက်ဦးမှု ယူကာ ပပျောက်သွားအောင် လုပ်နိုင်ခဲ့သည်။ သို့သော် ၁၉၃၀ တွင် နိုင်ငံတွင်းရှိ အိန္ဒိယ နှင့် တရုပ်လူမျိုး များ အပေါ် အကြမ်းဖက်မှုများက မြို့ကြီးများတွင် စတင် ကြုံတွေ့လာရသည်။

 

ဒီဇင်ဘာလ ထဲတွင်တော့ ပုန်ကန်မှုကြီး ဖြစ်ပေါ်လာပြီး မြို့များရှိ ပုလိပ် ကင်းစခန်းများကို ဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့ကြသည်။ နောက်ဆုံးတွင် ခေါင်းဆောင် ဖြစ်သူ ဆရာစံအား ဖမ်းဆီး ကွပ်မျက်ခဲ့ပြီး ပုန်ကန်မှုကြီးအား အပြီးအပိုင် နှိမ်နှင်းလိုက်နိုင်ချိန်တွင် ထောင်ပေါင်းများစွာသော လူများ သွေးမြေကျခဲ့ရပြီး ဖြစ်သည်။

 

ဗြိတိသျ တို့၏ ကိုလိုနီ အုပ်ချုပ်ရေး စနစ်အပေါ် ဆန့်ကျင်မှ ဖြစ်မည်ဆိုသော မျိုးချစ်စိတ်ဓါတ်များ အရှိန်အဟုန် ပြင်းထန်လာခဲ့ပြီ ဖြစ်သည်။ ရန်ကုန်တက္ကသိုလ်တွင် ကျောင်းသားများက ဦးဆောင်ပြီး ဒို့ဗမာ အစည်းအရုံးကို ထူထောင်လိုက်ကြသည့်အပြင် ၎င်းတို့ကိုယ် ၎င်းတို့ သခင်ဟု နာမည်ရှေ့တွင် ကင်ပွန်းတပ် ခေါ်ဝေါ်လာ ခဲ့ကြသည်။ ဤသည်ကား မိမိတို့သည် ကျွန်များ မဟုတ် သခင်မျိုးသာ ဖြစ်သည်ဟု ဗြိတိသျှ တို့အား တမင်တကာ စိန်ခေါ်လိုက်ခြင်း ဖြစ်သည်။

 

၁၉၄၁ ခုနှစ်တွင်တော့ တက္ကသိုလ်ကျောင်းသား သခင်များ ထဲတွင် ဩဇာတက္ကိမ ရှိလာသူများထဲမှ အထင်ရှားဆုံး ဖြစ်လာသူသည် အောင်ဆန်းစုကြည်၏ ဖခင် ပင် ဖြစ်သည်။ သူ၏ ရည်ရွယ်ချက် မြင့်မားမှု၊ အရာရာအား သဘောတရားထက် လက်တွေ့ အကျိုးသက်ရောက်မှု ကို လွန်စွာ စနစ်တကျ စဉ်းစား တွေးခေါ်တတ်မှု အစရှိသည့် အကျင့်စရိုက်များကို သမီး ဖြစ်သူက ကောင်းစွာ အမွေ ဆက်ခံရရှိထားပြီး ဖြစ်သည်။

 

အောင်ဆန်းသည် လူတန်းစား အလွှာအသီးသီး အတွက် တရားမျှတသည့် နိုင်ငံရေး စနစ်ကြီး ဖြစ်ပေါ်လာရေး အတွက် ရုန်းကန်တိုက်ပွဲဝင်သွားရန် အသင့်ပြင်လာနေရုံမျှမက ဗြိတိသျှ တို့အား လက်နက်ကိုင် ပုန်ကန်ရန်လည်း ဦးဆောင်ရန် စီစဉ်လာခဲ့သည်။ ပထမဦးစွာ တရုတ် ကွန်မြူနစ် တပ်နီများ နှင့် အဆက်အသွယ်ရအောင် ကြိုးစားလာခဲ့သည်။ သို့သော် အဆင်မပြေသဖြင့် မီနာမီ ကီကန် ခေါ်သည့် ဂျပန် ကြည်းတပ်-ရေတပ် ပူးတွဲ လျို့ဝှက် အဖွဲ့ငယ် တခု နှင့် ဆက်သွယ်မိခဲ့သည်။ ဂျပန်တို့သည် မြန်မာပြည်အား ကျူးကျော်ဝင်ရောက်လာရန် နဂိုကတည်းက စီစဉ်ထားပြီး ဖြစ်သဖြင့်လည်း မြန်မာ့ တော်လှန်ရေး သမားများအား အကူအညီ ပေးရန် အဆင်သင့် ဖြစ်နေကြခြင်းပင် ဖြစ်သည်။

 

ဂျပန်တို့က မြန်မာပြည်မှ တရုတ်ပြည်ထဲသို့ ဝင်ရောက်နေသည့် ထောက်ပံ့ရေး လမ်းကြောင်းများကို ပိတ်ဆို့နိုင်ရန် စိတ်အားထက်သန်နေကြသည်။ ထိုအချိန်က ဂျပန်သည် တရုတ်ပြည်တွင်းရှိ ချန်ကေရှိတ် နှင့် မော်စီတုံး တပ်များနှင့် တိုက်ခိုက်နေရချိန် ဖြစ်သည်။ ၎င်းတို့က မြန်မာ လွတ်လပ်ရေး အရယူပေးမည်ဟု ကတိပေးလာခဲ့ကြသည်။ ထို့အတွက် အောင်ဆန်းသည် နောင်တချိန်တွင် ရဲဘော် သုံးကျိပ်ဟု ထင်ရှားလာမည့် ကျောင်းသားဟောင်းများ နှင့်အတူ ဂျပန်ထံမှ စစ်ပညာများ သင်ယူရန် သဘောတူလိုက်သည်။ ရဲဘော် သုံးကျိပ်အား တရုတ်ပြည်တောင်ပိုင်း ကမ်းရိုးတန်း အနီးရှိ ဟိုင်နန် ကျွန်းပေါ်တွင် စစ်ပညာ သင်ကြားပေးရန် ဦးဆောင် စီစဉ်ပေးခဲ့သူသည် မီနာမီကန် တွင် ဩဇာအာဏာရှိသူ ဗိုလ်မှူးကြီး ဆူဇူကီး အီဂျီ ပင် ဖြစ်သည်။

 

အောင်ဆန်း နှင့် အနီးကပ်ဆုံး လုပ်ဖော်ကိုင်ဖက်များထဲတွင် ဆိုရှယ်လစ် သမား များ မှသည် ကွန်မြူနစ်များအထိ လူပေါင်းစုံ ပါဝင်နေသည်။ ဂျပန်တို့ လေ့ကျင့်ပေးသည့်အထဲ ရန်ကုန်တက္ကသိုလ်တွင် အစောပိုင်းက တက်ခဲ့ဖူးသော ကျောင်းသားဟောင်းများထဲမှ ရှုမောင် ဆိုသူလည်း ပါဝင်လာခဲ့သည်။ သူသည် နေဝင်းဟူသော အမည်သို့ ပြောင်းလဲ ခံယူလာခဲ့သည်။ အောင်ဆန်းသည် ရဲဘော်သုံးကျိပ်တွင် ပြိုင်ဖက်မရှိ ခေါင်းဆောင် ဖြစ်လာခဲ့သည်။ နေဝင်းသည် ဆိုရှယ်လစ်ဟု ခံယူထားသော ရှေးရိုစွဲ အယူအဆရှိသည့် အုပ်စုထဲမှ ပါလာသူ ဖြစ်သည်။ နေဝင်းသည် တက္ကသိုလ် သာ တက်ခဲ့သော်လည်း စာမေးပွဲကျသဖြင့် တဝက်တပျက် နှင့် ကျောင်းထွက်ကာ နိုင်ငံရေး လောကထဲ ရောက်လာသူ ဖြစ်သည်။ နိုင်ငံရေး နယ်ပယ်တွင် ရှိနေစဉ်ကတည်းကပင် မြင်းလောင်းခြင်း၊ မိန်းမချောချောတွေ့လျှင် သဘောကျခြင်း၊ ဂေါက်ရိုက်ခြင်း နှင့် နိုင်ငံရေး အာဏာ ကို မက်မောခြင်း စသည့် အလေ့အကျင့်များ တစထက် တစ ရလာခဲ့သည်။

 

ဂျပန် စစ်တပ်သည် ပြင်းထန်သည့် တသွေးတသံတမိန့် စစ်စည်းကမ်း ဥပဒေသများ ပြဠာန်းထားပြီးလည်း ဖြစ်သည်။ ရဲဘော်သုံးကျိပ် အဖွဲ့ဝင်များသည် ဂျပန် သင်တန်းဆရာများ၏ စည်းကမ်းရှိမှု၊ ရက်စက်မှု များ နှင့် မိမိကိုယ် မိမိ ယုံကြည်မှုများ ကို အထူး သဘောကျ နှစ်ခြိုက်ခဲ့ကြသည်။ သင်တန်း နားသည့်အချိန်များတွင် ဂျပန်သီချင်းများ သီဆိုခြင်း၊ ဆာမူရိုင်း ရုပ်ရှင်များ ကြည့်ရှုခဲ့ကြသည်။ ဂျပန်စစ်အရာရှိများသည် သူတို့ကိုယ်သူတို့ လူတကာထက် သာလွန်သူ မြင့်မြတ်သူများဟု မှတ်ယူထားကြသူများ ဖြစ်သည်။ ထိုအမူအကျင့် စရိုက် လက္ခဏာများကို တသွေမတိမ်း အတုခိုးကာ တိုင်းပြည်ကို အုပ်ချုပ်ရာတွင် ကျင့်သုံးလာခဲ့သူက နေဝင်းပင် ဖြစ်သည်။ စစ်ပြီးခေတ် မြန်မာ စစ်တပ်သည် နိုင်ငံကို ဂျပန်တို့ထံမှ သင်ယူလာခဲ့သည်များထဲမှ အကောင်းဆုံးများ ရွေးထုတ်ကာ ပုံသွင်းရန် ကြံစည်ခဲ့ကြသည်။ မေရီ ကာလာဟန် ထောက်ပြခဲ့သလို စစ်တပ်သည် ၎င်းတို့ အသိုက်အဝန်း အပြင်ရှိ အရပ်သားများ အားလုံးကို မိမိတို့ ၏ ရန်သူ ဖြစ်လာနိုင်သူများဟု မှတ်ယူလာခဲ့ကြပေတော့သည်။ (မေရီ ကာလာဟန်သည် ၂၀၀၅ တွင် "Making Enemies: War and State Building in Burma" စာအုပ်ကို ရေးသားခဲ့သည့် အမေရိကန်ရှိ Henry H. Jackson နိုင်ငံတကာ လေ့လာရေး သိပ္ပံကျောင်းမှ တွဲဖက် ပါမောက္ခတဦး ဖြစ်သည်)

 

၁၉၄၁ ဒီဇင်ဘာလတွင် ဂျပန်တို့သည် ဟာဝိုင်အီ ရှိ အမေရိကန် ရေတပ်စခန်း ဖြစ်သော ပုလဲ ဆိပ်ကမ်းကို ဗုံးကြဲတိုက်ခိုက်ခဲ့ကြသည်။ နောက်ပိုင်းတွင် မာလာယု ကျွန်းတန်း ကို ကျူးကျော် ဝင်ရောက်လာခဲ့ပြီး ၁၉၄၂ ဖေဖေါ်ဝါရီ တွင် ဗြိတိသျှ တို့၏ ခံတပ်ဖြစ်သော စင်္ကာပူ ကို သိမ်းပိုက်နိုင်ခဲ့ကြသည်။

 

ထို့နောက်တွင်တော့ မြန်မာသည် ဆက်လက် ကျူးကျော်ရမည့် စာရင်းထဲတွင် ထိပ်က ပါလာခဲ့ပေတော့သည်။ ဂျပန်တပ်များ မြန်မာ နယ်နမိတ်အတွင်း စတင်ဝင်ရောက်လာစဉ်အတွင်း အောင်ဆန်း ဦးဆောင်သော ရဲဘော်သုံးကျိပ်တို့သည် မြန်မာ လွတ်လပ်ရေး တပ်မတော် (ဘီအိုင်အေ) ကို ဖွဲ့စည်းလိုက်ကာ စစ်သည်အင်အား ငါးထောင်အထိ စုရုံးလာနိုင်ခဲ့ပြီ ဖြစ်သည်။

 

၁၉၄၂ မတ်လတွင် ဂျပန်တပ်များသည် ရန်ကုန်ကို သိမ်းပိုက် နိုင်ခဲ့ကြသည်။ မြန်မာ ရုပ်သေးအစိုးရကို ဖွဲ့စည်းပေးကာ အောင်ဆန်းအား စစ်ဝန်ကြီး အဖြစ် ခန့်အပ်ခဲ့ပြီး ဂျပန်အင်ပါယာ ဟီရိုဟီတို၏ တက်နေဝန်း ဂုဏ်ထူးဆောင် ဆုတံဆိပ် ကို ချီးမြှင်ခဲ့သည်။

 

အောင်ဆန်းသည် ၁၉၄၂ တွင် စစ်ပွဲ အတွင်း စွဲကပ်လာသည့် အဖျားရောဂါကြောင့် ရန်ကုန် ဆေးရုံကြီးတွင် တက်ရောက်ကုသနေစဉ် သူနာပြု ဆရာမ မခင်ကြည် နှင့် တွေ့ခဲ့သဖြင့် မေတ္တာသက်ဝင်ကာ လက်ထပ်ခွင့်တောင်းပြီး အိမ်ထောင်သည် ဘဝကို ခံယူခဲ့သည်။ မခင်ကြည်၏ အမ ဖြစ်သူ မခင်ကြီးသည်လည်း ဗမာပြည် ကွန်မြူနစ် ပါတီ ခေါင်းဆောင် သခင် သန်းထွန်း နှင့် အိမ်ထောင်ကျခဲ့သဖြင့် အမြစ်လှန် ပြောင်းလဲပြစ်ချင်သည့် နိုင်ငံရေး စိတ်ဓါတ်များက မိသားစု အတွင်း စိမ့်ဝင်လာခဲ့ပေတော့သည်။

 

၁၉၄၂ ဇူလိုင်လ တွင် ဘီအိုင်အေ အား မြန်မာ ကာကွယ်ရေး တပ်မတော် (ဘီဒီအေ) အဖြစ် ပြန်လည် ဖွဲ့စည်းလာခဲ့သည်။ စက်တင်ဘာလတွင် ဘီဒီအေ ဗိုလ်သင်တန်း တက္ကသိုလ် ကို ရန်ကုန်မြို့စွန်ရှိ မင်္ဂလာဒုံတွင် တည်ထောင်ခဲ့သည်။ အရာရှိများ၏ ထောက်ခံမှု ဖြင့် ဘီဒီအေ တပ်ရင်းတပ်ဖွဲ့များထဲမှ စစ်သည်များကို ရွေးထုတ်ကာ ဗိုလ်သင်တန်း တွင် တက်ရောက် သင်ကြားစေခဲ့သည်။ သင်တန်းများကို ဂျပန်စစ်အရာရှိများက လေ့ကျင့်ပေးခဲ့ပြီး သင်တန်း လက်စွဲများသည်လည်း ဂျပန်စာများနှင့် ရေးသားထားခဲ့သည်။

 

အရည်အသွေး ပြည့်ဝသည့် ကျောင်းဆင်းအရာရှိများအား တိုကျိုသို့ ခေါ်ယူကာ ဆက်လက် လေ့ကျင့်ပေးခဲ့သည်။ ၁၉၄၃ ခုနှစ်အတွင်း ဂျပန် ပုံစံဖြင့် အသက် ဆယ့်လေးနှစ် မှ ဆယ့်ခြောက်နှစ် အတွင်း လူငယ်များအား စာမေးပွဲ စစ်ဆေးကာ အရာရှိလောင်း များ အဖြစ် ရွေးချယ် လေ့ကျင့်ပေးလာခဲ့သည်။ နောက်ပိုင်း နှစ်သုံးဆယ်အကြာတွင် မြန်မာ အုပ်ချုပ်ရေး အဖွဲ့အစည်းများတွင် ပါဝင်သူများ၊ တပ်မှူးကြီးများ နှင့် သံအမတ်များသည် ဂျပန်ခေတ် မင်္ဂလာဒုံ ဗိုလ်သင်တန်းကျောင်းဆင်းများ ဖြစ်ကြသည်ဟု ဂျွိုက်စ် လီဘရာ က ထောက်ပြခဲ့သည်။ (ဂျွိုက်စ် လီဘရာသည် ဂျပန် နှင့် အိန္ဒိယ ရေးရာ ကျွမ်းကျင်သူ သမိုင်း ပညာရှင် အမျိုးသမီး ဖြစ်ပြီး သူမရေးသားထုတ်ဝေခဲ့သော စာအုပ်များစွာထဲတွင် "Japanese-trained Armies in Southeast Asia” လည်း ပါဝင်ခဲ့သည်)

 

ဂျပန် တို့ ပေးသော စစ်သင်တန်းသည် စစ်ပြီးနောက် ထွက်ပေါ်လာသော လူပေါ်လူဇော်များကို နိုင်ငံရေး နှင့် စစ်ရေး အတွေးအခေါ်များ ရိုက်သွင်းပေးခဲ့သည့် နေရာတခု ဖြစ်လာခဲ့ရသည်။ ၁၉၈၁ တွင် နေဝင်းသည် မီယာမီကန် မှ အသက်ရှင် ကျန်ရစ်သူ ခြောက်ဦးအား ဂုဏ်ထူးဆောင် ဘွဲ့များ မြှင့်ခဲ့ပြီး ၁၉၉၀ ကျော် နှစ်များ အလယ်ပိုင်းလောက်အထိ ဂျပန် ရဲဘော်ဟောင်းကြီးများ နှင့် မကြာခဏ ဆိုသလို တွေ့ဆုံ ဖြစ်ခဲ့သည်။

 

အောင်ဆန်းနှင့် သူ၏ အနီးကပ် ရဲဘော်ရဲဘက်များကတော့ ဂျပန်တို့နှင့် ဖာသိဖာသာ ပင် ဆက်ဆံခဲ့ကြသည်။