ပည်ပ ရင်းနှီးမြုပ်နှံမှု နှစ်ဆ တိုးမြင့်လာပြီ ဖြစ်

by Hla Soewai - Jul 25 2019

နိုင်ငံတွင်း ပြည်ပမှ လာရောက် ရင်းနှီးမြုပ်နှံရန် အတည်ပြုပေးခဲ့မှုများသည် ကုန်ဆုံးခဲ့သည့် ခြောက်လ တာ ကာလအတွင်း ၇၉% အထိ မြင့်တက်ခဲ့ပြီး တန်ဖိုးအားဖြင့် ၂.၃၅ ဘီလီယံ အထိ တိုးမြှင့်လာခဲ့ပြီ ဖြစ်တယ်လို့ မြန်မာ့ရင်းနှီးမြုပ်နှံမှုနဲ့ ကုမ္ပဏီများ အုပ်ချုပ်ရေး ညွှန်ကြားမှု ဦးစီးဌာန က စာရင်းထုတ်ပြန်ခဲ့ပါတယ်

ဒီအတွက် နိုင်ငံတွင်း ပြည်ပ ရင်းနှီးမြုပ်နှံများ ပြန်လည် ဦးမော့လာနေပြီ ဖြစ်ပြီး အဓိက အားဖြင့် စင်္ကာပူ နှင့် တရုတ်တို့မှ ဖြစ်တယ်လို့ ဆိုပါတယ်။

ခြောက်လပါတ်အတွင်း ရင်းနှီးမြုပ်နှံမှု စုစုပေါင်း ၁၃၄ ခုအား အစိုးရမှ အတည်ပြုပေးခဲ့ရာတွင် တရုတ်ပြည်မကြီး နှင့် ဟောင်ကောင်မှ ၈၄ ခု ပါဝင်ခဲ့ပါတယ်။ ရာခိုင်နှုန်း အားဖြင့် ၁၅၀% ရှိပြီး ပမာဏ အားဖြင့် ဒေါ်လာ သန်း ၅၉၀ ရှိပါတယ်။

ဤသည်က နိုင်ငံတော်၏ အတိုင်ပင်ခံမှ ပြည်ပ ရင်းနှီးမြုပ်နှံမှု ရရှိရေး အပါတ်တကုတ် ကြိုးပမ်းခဲ့မှု ကြောင့် ကြီးမားသော အလှည့်အပြောင်းကြီး ဖြစ်လာခဲ့ရပြီး ၂၀၁၉ အတွင်း ဆက်လက် ၀င်လာမစဲ တသဲသဲ ရှိနေမှာ ဖြစ်တယ်လို့ ခန့်မှန်းနေကြပါတယ်။

ဂျပန် နဲ့ အနောက်နိုင်ငံ ကုမ္ပဏီများ အခြေစိုက်ရာ စင်္ကာပူမှ ခြောက်လပါတ်အတွင်း ရင်းနှီးမြုပ်နှံမှု သုံးဆခန့် မြင့်တက်ခဲ့ပြီး ဒေါ်လာ ၁.၃ ဘီလီယံ အထိ ရှိခဲ့ပါတယ်။ အီးယူ မှ မြုပ်နှံမှုက ဒေါ်လာ ၃၁ သန်းပဲ ရှိနေပါတယ်။

တရုတ် မှ ၎င်းတို့ နိုင်ငံမှ ကုန်ကြမ်းထည်များ ကို မြန်မာနိုင်ငံ အတွင်း အချောသတ် ထုတ်လုပ်နိုင်ရေး အတွက် စက်ရုံများ ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်။

ဒါကလည်း အမေရိကန်-တရုတ် ကုန်သွယ်ရေး စစ်ပွဲကြောင့် လုပ်ခတွေ မြင့်မားလာနေတဲ့ တရုတ် အထည်ချုပ် လုပ်ငန်းများ မြန်မာပြည်ထဲ စတင်ဝင်ရောက်လာတဲ့ အနေအထားကို ပြသနေပါတယ်။ နိုင်ငံရဲ့ စက်မှု ကုန်ထုတ် ကဏ္ဍသည် ၆၀% အထိ မြင့်တက်သွားခဲ့ပြီး ဒေါ်လာ သန်း ၇၀၀ အထိ ရောက်ရှိလာနေပါတယ်။

အစိုးရမှ အိန္ဒိယ ကုမ္ပဏီကြီး ဖြစ်တဲ့ Adani Group အား ရန်ကုန်တွင် ကွန်တိန်နာ ဆိပ်ကမ်း တည်ဆောက်ဖို့ ခွင့်ပြုခဲ့တာကြောင့် သယ်ယူပို့ဆောင်ရေး နှင့် ဆက်သွယ်ရေး ကဏ္ဍ မှာ ရင်းနှီးမြုပ်နှံမှု ပမာဏ သည် လေးဆခန့် တိုးတက်သွားပြီး ဒေါ်လာ တစ် ဘီလီယံ အထိ ဖြစ်သွားခဲ့ပါတယ်။

ဂျပန်ရှိ Daiwa Securities Group မှ နိုင်ငံတွင်း စွန့်ဦးတီထွင်မှုများ အား ငွေကြေး ပံပိုးရန် ပမာဏ စမ်းသပ် ရင်းနှီးမြုပ်နှံမှု အဖြစ် တနှစ်တာ ကာလ အတွက် ဒေါ်လာ သန်း ၃၀ မတည်သွားမယ်လို့လည်း မကြာသေးမီက ကြေငြာခဲ့ပါတယ်။ အဆိုပါ ငွေများကို ပြည်တွင်း အစပျိုး လုပ်ငန်း Start up တခုစီအတွက် ဒေါ်လာ တသန်း ထည့်ဝင် ထောက်ပံ့ပေးသွားဖို့ပဲ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အစိုးရမှ ပြည်ပရင်းနှီးမြုပ်နှံမှုများ ရရှိရေး တစိုက်မတ်မတ် ကြိုးပမ်းလာခဲ့ပြီး လက်လီ နှင့် လက္ကား အရောင်းလုပ်ငန်းများအား နိုင်ငံခြားသား များကို ရာနှုန်းပြည့် ပိုင်ဆိုင်ခွင့်ပေးခဲ့တဲ့ အပြင် အာမခံ လုပ်ငန်းများ ကိုလည် တံခါးဖွင့် ပေးခဲ့ပါတယ်။ တိုယိုတာ ကားကုမ္ပဏီကြီးမှလည်း တပ်ဆင်ရေး လုပ်ငန်းများ အတွက် စက်ရုံကြီး ဖွင့်လှစ်တော့မှာလည်း ဖြစ်ပါတယ်။

သို့သော် အစိုးရ မျှော်မှန်းတဲ့ တနှစ်ကို ပျမ်းမျ ခြောက်ဘီလီယံ အထိ တိုးတက်ဖို့ ဆိုတာ မဖြစ်နိုင်တဲ့ အနေအထား တွေ့နေရပါတယ်။

တပူပေါ် နှစ်ပူ ဆင့်ဆိုသလို မနေ့ကပဲ ကာကွယ်ရေး ဦးစီးချုပ် နှင့် တပ်မတော် ထိတ်တန်း အရာရှိကြီး သုံးဦးအား အမေရိကန်မှ အရေးယူ ဒဏ်ခတ်ခဲ့မှုကြောင့် အနောက်နိုင်ငံ ကုမ္ပဏီများ နောက်တွန့်သွားဖို့ ရှိနေပါတယ်။ ၎င်းတို့ အနေနဲ့ ဒီထက် ပြင်းထန်တဲ့ အရေးယူမှုမျိုးတွေ ကြုံလာရနိုင်တယ်လို့ ယူဆတာကြောင့်လည်း ဖြစ်ပါတယ်။ မြန်မာပြည်ရဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကို ပထမဆုံး အကြိမ် တိုက်ရိုက် အရေးယူ ဖို့ အမေရိကန် က စတင် သံချောင်း ခေါက် အချက်ပေးလိုက်ခြင်းလည်း ဖြစ်ပါတယ်။

အီးယူ ကတော့ ယခုအချိန်အထိ ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် မပါသေးပဲ ကျန် တပ်မတော် အရာရှိကြီး ၁၄ ဦး အပေါ် အရေးယူမှုတွေ ပြုလုပ်ထားခဲ့ပြီးလည်း ဖြစ်ပါတယ်။

အနောက်နိုင်ငံမှ ရင်းနှီးမြုပ်နှံမှုမျာူ ရရှိရေး သည် လူ့အခွင့်အရေး ဖေါက်ဖျက်ကျုးလွန်သူများအား ပွင့်လင်းမြင်သာစွာ အရေးယူ သွားနိုင်ရေး အပေါ် မူတည်နေပါတယ်။

၂၀၁၇ အတွင်း ရခိုင်ပြည်နယ် အတွင်း ဖြစ်ပေါ်ခဲ့တဲ့ အကြမ်းဖက်မှုများကြောင့် အစိုးရ ရဲ့ တိုင်းပြည် ဖွံ့ဖြိုးရေး အားနဲ့ မာန်နဲ့ ကြိုးပမ်းနေမှုများနှင့် ပြည်ပ မှ ထောက်ခံမှုများရရှိရေးတို့သည် လှေလှော်ရင်း တက်ကျိုး ဆိုသကဲ့သို့ မထင်မှတ်ပဲ ရိုက်ချိုးခံလိုက်ရသလို ဖြစ်သွားခဲ့ရသည်က ရင်နာဖို့ ကောင်းလှပါတော့တယ်။