နောက်တနာရီအတွင်း လာနာ သည် ထပ်၍ ဖျော်ဖြေ နေပြန်သဖြင့် သူမနှင့် ပတ်သက်ပြီး အခုလို ကျွန်တော် ထပ် သိခဲ့ရပြန်သည်။ သူမသည် ဗော့ဒ်ကာ မာတီနီ သောက်ရသည်ကို နှစ်သက်ပြီး၊ ကျွန်တော်လည်း အရည်အသွေးမြင့် အရက်နှင့် ဖျော်စပ်ထားသည့် နောက်ထပ် သုံးခွက် မှာလိုက်သည်။ ခွက်တခုစီ၏ ကြည်လင်နေသည့် အရည်ထဲမှာ အစိမ်းရောင် အိုလစ်ဗ်သီး တစုံသည် ကူးခတ်နေပြီး၊ အထဲက ငရုတ်ပွနီ တတောင့်၏ အစွန်းများက ဟိုဘက်ဒီဘက် စူထွက်နေကြသည်။
သူမ၏ အလုပ်ရှင်မှာ ကောင်းမွန်သပ်ရပ်လှသော ဘရန့်ဝုဒ် အရပ်ရှိ အနုပညာပြခန်းတခု ပိုင်ရှင် ဖြစ်သည်။ သူမမှာ ရည်းစာ ပေါင်း များစွာ ရှိခဲ့ဖူးပြီး၊ အမျိုးသမီးတယောက်သည် အတိတ်က ရည်းစား ဟောင်းတွေအကြောင်း ပြောပြနေပြီဆိုရင်၊ သင့်ကို အတိတ် က ချို့ယွင်းချက်ရှိခဲ့ဖူးသူ သို့မဟုတ် အဆင်ပြေခဲ့ဖူးသူ လက်တွဲဖော်များ နှင့် နှိုင်းယှဉ်တွက်ချက် စိစစ်နေပြီဆိုသည်ကို အသိပေးနေခြင်းပင် ဖြစ်သည်။
ကျွန်တော်သည် နိုင်ငံရေး သို့ မဟုတ် ဘာသာရေးအကြောင်း မေးမြန်းဖို့ ယဉ်ကျေးစွာ ရှောင်ရှားခဲ့သော်လည်း၊ သူမသည် လူမှုရေးရော စီးပွားရေးပါ တိုးတက်သော အယူအဆရှိသူတဦး ဖြစ်ကြောင်း သိခဲ့ရသည်။ သူမသည် သားဆက်ခြားခြင်း၊ သေနတ်ထိန်းချုပ်ခြင်းနဲ့ အိမ်ငှားခ ထိန်းချုပ်ခြင်းတို့ကို ယုံကြည်သူဖြစ်ပြီး၊ လိင်တူချစ်သူများ လွတ်မြောက်ရေးနှင့် လူတိုင်းအတွက် လူ့အခွင့်အရေး ရရှိရေးတို့ကိုလည်း ယုံကြည်သည်။ သူမသည် ဂန္ဒီ၊ မာတင်လူသာကင်း ဂျူနီယာ နဲ့ သစ်ညှတ်ဟန်း တို့ကို ကြည်ညိုပြီး၊ အကြမ်းမဖက်ရေး၊ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ယောဂကျင့်စဉ်တို့ကို လည်း ယုံကြည်သူ ဖြစ်သည်။
ထို့အပြင် ဒစ်စကို ဂီတ၏ တော်လှန်သော စွမ်းအားနှင့် ညကလပ်များ၏ ညီညွတ်ပေါင်းစည်းမှုကိုလည်း ယုံကြည်သည်။ သူမသည် တတိယကမ္ဘာ့နိုင်ငံများ၏ အမျိုးသားတန်းတူ ပိုင်ခွင့်အပြင် ဒီမိုကရေစီနည်းကျ လွတ်လပ်ခွင့်နှင့် စည်းကမ်းတကျ ရှိသော အရင်းရှင်စနစ်တို့ကိုလည်း ယုံကြည်သူဖြစ်ပြီး၊ ထိုသို့ယုံကြည်ခြင်းမှာ ဈေးကွက်၏ မမြင်ရသော လက်တဖက်သည် ဆိုရှယ်လစ်စနစ်၏ နူးညံ့သော လက်အိတ်ကို စွပ်ထား၍ ဟု သူမက ပြောပြခဲ့သည်။
သူမ အကြိုက်ဆုံး အဆိုတော် များကတော့ ဘီးလီး ဟောလီးဒေး၊ ဒတ်စတီး စပရင်းဖီးလ်၊ အဲလ်ဗစ် ဖူယောင် နှင့် ခန်းလီ တို့ဖြစ်ကြပြီး၊ ဗီယက်နမ်လူမျိုးတွေလည်း ဘလူးစ်ဂီတကို ဆိုနိုင်ကြသည်ဟု သူမ ယုံကြည်သည်။ အမေရိကန်မြို့တွေထဲမှာတော့ လော့စ်အိန်ဂျလစ် တွင် မနေရဘူးဆိုရင် နယူးယောက်မြို့မှာ နေချင်သူ ဖြစ်သည်။
သို့သော်လည်း သူမအကြောင်း ကျွန်တော် သိရှိခဲ့ရသမျှအရာအားလုံးထဲတွင် အရေးကြီးဆုံးမှာ စကားနည်းသော ဗီယက်နမ် အမျိုးသမီးအများစုသည် မင်္ဂလာမဆောင်မီအထိ မိမိတို့၏ ထင်မြင်ယူဆချက်များကို ထုတ်မပြောတတ်ကြဘဲ မင်္ဂလာဆောင်ပြီးမှသာ မရပ်မနား ပြောတတ်ကြသော်လည်း၊ သူမကမူ စိတ်ထဲ ရှိနေသည့် အယူအဆများကို ထုတ်ဖော်ပြောဆိုရန် ဝန်မလေးသူ တဦးဖြစ်နေခြင်းပင် ဖြစ်သည်။
အချိန်များ ကုန်လွန်လာသည် နှင့်အမျှ ကျွန်တော့်နားနှစ်ဖက်ခံစားနေရသည့် ဝန်ထုပ်ဝန်ပိုးကို လျှော့ချဖို့ ပရိတ်သတ်နောက်တယောက် အရေးတကြီးလိုအပ်သည့် အတွက် ဘွန် ကို လက်ယပ်ခေါ်လိုက်ရသည်။ သူလည်း ကော့ညက် အရှိန်ကြောင့် မူးဝေနေပြီး ပုံမှန်ထက်ပိုပြီး စကားတွေ ရဲရဲတင်းတင်း ပြောလာနေသည်။
လာနာ သည် အရပ်သား သာမန်လူတယောက်နှင့် မိတ်ဖွဲ့ပေါင်းသင်းဖို့ မတွန့်တိုခဲ့ဘဲ နောက်ထပ် တနာရီခန့်ကြာအောင် သူတို့နှစ်ယောက်သည် အတိတ်က ဆိုင်ဂုံ အကြောင်းနှင့် သီချင်းတွေအကြောင်း ပြန်ပြောင်း ပြောကြ၊ တမ်းတကြရင်း အတိတ်ဟောင်းဆီ အရောက်သွားသူတွေ ဖြစ်ကုန်သည်။ သူတို့ စကား ဖောင်ဖွဲ့နေတုန်း ကျွန်တော်ကတော့ ကော့ညက်ကို တိတ်တဆိတ် မော့သောက်ရင်း လာနာ၏ ဖြောင့်စင်းသော ခြေတံများကို သတိထားပြီး ငေးမောကြည့်ရှုနေခဲ့သည်။
သမ္မာကျမ်းစာစာအုပ်ထက် ပိုရှည်လျားပြီး အဆပေါင်းများစွာ ပို၍ မွေ့လျော်စရာကောင်းသည့် သူမ၏ ခြေတံများသည် အိန္ဒိယ ယောဂီတယောက်လို၊ သို့မဟုတ် အမေရိကန်ပြည်ထောင်စု၏ လွင်ပြင်ကျယ်ကြီးများနှင့် အနောက်တောင်ဘက် သဲကန္တာရကို ဖြတ်သန်း ယှက်ဖြာသွားသည့် အဝေးပြေးလမ်းမကြီးတခုလို အဆုံးမရှိ ဆန့်ထွက်နေခဲ့သည်။ သူမရဲ့ ခြေတံတွေဟာ မ ကြည့်ဘဲ နေ၍ မရအောင် ဆွဲဆောင်နေပြီး "မကြည့်ဘူး"၊ "ဟင့်အင်း"၊ "နို"၊ "နယက်" ဆိုတဲ့ ငြင်းဆန်မှုတွေ၊ သို့မဟုတ် "ကြည့်ရင်ကြည့်မယ်" ဆိုတဲ့ ဒွိဟမျိုးကိုတောင် လုံးဝ လက်မခံခဲ့။
ကျွန်တော်လည်း သူမ၏ ခြေတံတွေကို ငေးမောရင်း ခံစားချက်တွေထဲ သုံ့ပန်းအဖြစ် ပိတ်မိနေစဉ်မှာပဲ — "ဒါနဲ့... ရှင့်ဇနီးနဲ့ ကလေးကရော..." လို့ လာနာ မေးလိုက်တဲ့ အသံကို ကြားလိုက်ရသည်။ ဘွန့်ပါးပြင်ပေါ် စီးကျလာတဲ့ မျက်ရည်စများသည် လာနာ ကျွန်တော့်အပေါ် ပြုစားထားတဲ့ မှော်ကြိုးကို ဖြတ် တောက် လိုက်သလို ဖြစ်သွားပြီး ကျွန်တော်လည်း မကြားချင်ယောင်ဆောင်နေရာကနေ ပြန်လည်နိုးထလာစေခဲ့သည်။
မမျှော်လင့်ဘဲနဲ့ပဲ စကားဝိုင်းသည် ဆိုင်ဂုံမြို့အကြောင်းနှင့် သီချင်းများကနေ ဆိုင်ဂုံ ကျဆုံးခန်းဆီကို ကူးပြောင်းသွားခဲ့သည်။ ဤသည်ကလည်း မဆန်းလှ ပေ။ ပြည်ပရောက် ဗီယက်နမ်စစ်ပြေးများ နားထောင်လေ့ရှိသည့် သီချင်းအများစုသည် လွမ်းမောဖွယ်၊ ဆွေးမြေ့ဖွယ် ဆုံးရှုံးမှုများနှင့် လွှမ်းမိုးထားသည်မို့ သူတို့၏ မြို့တော်ဆုံးရှုံးခဲ့ရမှုကို မလွဲမသွေ သတိရကြမည်သာ ဖြစ်သည်။
ပြည်ပရောက်သူတွေကြား ဆိုင်ဂုံအကြောင်း ပြောဖြစ်သည့် စကားဝိုင်းတိုင်းသည် နောက်ဆုံး တွင် တော့ ဆိုင်ဂုံကျဆုံးခဲ့ရပုံနှင့် နောက်မှာ ကျန်ရစ်ခဲ့သူများ၏ ကြမ္မာဆိုးအကြောင်းဆီကိုပဲ ရောက်သွားတတ်စမြဲ ဖြစ်သည်။
"သူတို့ သေသွားကြပြီ" လို့ ဘွန်က ပြန် ဖြေလိုက်သည်။ ကျွန်တော် တကယ်ပဲ အံ့အားသင့်သွားခဲ့ရသည်။ ဘွန်သည် ဇနီးဖြစ်သူ လင်း နှင့် သားဖြစ်သူ ဒုခ် တို့အကြောင်းကို သူ၏ ပင်ကိုယ်စရိုက် ကြောင့် ကျွန်တော့်ကလွဲ၍ မည်သူတဦးတယောက်ကိုမျှ မပြောပြဖူး၍ ဖြစ်သည်။ အတိတ်ဟောင်းဆီ ပြန် လျှောက်လှမ်း သွားသူ တိုင်း၏ အန္တရာယ်ကတော့ လမ်းမှာ နှင်းထူထူဆိုင်းနေတတ်ပြီး ခြေခလုတ်တိုက် လဲကျဖို့ အလားအလာ သိပ်များ နေသည်။
သို့သော်လည်း ယခုလို စိတ်ထိခိုက်စရာ ပြိုလဲမှုသည် တန်ဖိုးရှိခဲ့သည်ဟု ဆိုရ ပေလိမ့်မည်။ ကျွန်တော့်ကို ပိုလို့တောင် အံ့ဩသွားစေသည်က လာနာသည် ဘွန့်ကို ပွေ့ဖက်လိုက်ပြီး သူ့၏ ရုပ်ဆိုးဆိုး ခေါင်းကြီးကို သူမ၏ ပါးပြင်နဲ့ ဖိကပ်ထားပေးလိုက်လိုက်သည်ကို မြင်လိုက်ရ၍ ဖြစ်သည်။
"အစ်ကိုကို သနားလိုက်တာ "လို့ လာနာက ရေရွတ်လိုက်သည်။ "တကယ်ကို သနားစရာကောင်းလှပါတယ်..." အဲဒီအခါ ကျွန်တော့်ရဲ့ အချစ်ဆုံးသူငယ်ချင်းနှင့်၊ သူမ၏ ပုံသည် infinity သင်္ကေတ ကို ထက်အောက် ပြောင်းပြန်ထောင်ထားသလို ဖြစ် နေပြီး၊ လှပလွန်းသည့် ဒီအမျိုးသမီးအပေါ် ကျွန်တော့်ရင်ထဲမှာ ပြင်းပြင်းပြပြ ချစ်ခြင်းတရားများ အတောမသတ် လွှမ်းခြုံသွားခဲ့သည်။
သူမအပေါ်ထားသည့် ကျွန်တော့်၏ မူလ တပ်မက်မှု ဟု ယူဆထားချက်ကို သူမ၏ ဗလာကျင်းနေသည့် ကောက်ကြောင်းတွေကို မျက်လုံးနဲ့ မြင်တွေ့စမ်းသပ်ခြင်း၊ သူမရဲ့ ရင်သားများကို လက်နှင့် ပွတ်သပ်ခြင်း၊ သူမ၏ အသားအရည်ကို လျှာနဲ့ ယက် ပေးခြင်း ဆိုသည့် မျက်မြင်လက်တွေ့ နည်းလမ်းများနှင့် သက်သေပြချင်စိတ်တွေ ပိုလို့ပင် လိုလားတောင့်တလာခဲ့သည်။
သူမသည် ဝမ်းနည်းပူဆွေးမှုတွေကြောင့် ထုံထိုင်းနေပြီး ဘွန်ကိုပဲ အာရုံစိုက် နေသည်။ ငိုကြွေး နေသည့် ဘွန်သည်လည်း သူ့မျက်စိရှေ့မှာ ပေါ်ထွက်နေတဲ့ ဆွဲဆောင်မှုရှိသော ရင်နှစ်မွှာ ချိုင့်ဝှမ်းကိုပင် သတိမထားမိလောက်အောင် ဖြစ်နေသည်။ — ကျွန်တော် သူမကို ပိုင်ဆိုင်ရမှ ဖြစ်မည်၊ သူမလည်း ကျွန်တော့်ကို လက်ခံလိမ့်မည် ဆိုသည်ကို ထိုခဏမှာတင် ကျွန်တော် အတိုင်သား သိလိုက်ရ ပေတော့သည်။
****************