တရုတ်ဖက်က "စိမ်းပိမ်း" တို့ကို စိတ်မရှေတော့

by Hla Soewai - Nov 16 2026

တရုတ် ကွန်မြူနစ် အစိုးရသည် မြန်မာပြည်တွင်း မင်းအောင်လှိုင် နှင့် "စိမ်းပိမ်း" အဖွဲ့ ကြုံနေရသည်များကို သိမြင် ကြားသိ နေပါလျက် နှင့် အိန္ဒိယ သမုဒ္ဒရာသို့ ၎င်းတို့ တိုက်ရိုက်ထွက်ပေါက် ရရှိနိုင်ရန် ပုံဖော်ထားသည့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (CMEC) ဆိုသည့် စီမံကိန်းများကို 'မှန်မှန်ကန်ကန် တိုးမြှင့်ဆောင်ရွက်ရန်' နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် စစ်အုပ်စုအား ထပ်မံ တောင်းဆိုလိုက်ပြန်သည်။

 

ဘီဂျင်း၌ ကျင်းပသည့် (၁၁) ကြိမ်မြောက် လန်ချန်-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်ရန် ရောက်ရှိနေသည့် စစ်အုပ်စု၏ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဆိုသူ အောင်ကျော်ဟိုးနှင့် အင်္ဂါနေ့က တွေ့ဆုံစဉ် ဝမ်ယိက ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

 

တဖန် ဝမ်ယိက ၎င်းတို့အား အပြည်ပြည်ဆိုင်ရာ၏ အသိအမှတ်ပြုမှုရရှိရန် ကြိုးပမ်းမှုများအတွက် တရုတ်နိုင်ငံမှ ကူညီထောက်ပံ့ပေးမည်ဟု မက်လုံး ပေးခဲ့ပြန်သည်။ 'တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအနေဖြင့် အမြဲတမ်း အားကိုးအားထားပြုနိုင်သည့် မဟာဗျူဟာမြောက် မဟာမိတ် မိတ်ဖက်နိုင်ငံ ဖြစ်လိမ့်မည်' ဟု ၎င်းက ပြောကြားခဲ့သည်

 

အမေရိကန်ဖက် က မြေရှားသတ္တုများ အတွက် နေပြည်တော်နှင့် ပြန်လည်ထိတွေ့ဆက်ဆံမည့် အရိပ်အယောင်များ ပြသနေချိန်တွင် ဝမ်ယီက ထိုသို့ ပြောလာခဲ့ခြင်းလည်း ဖြစ်သည်။

 

ဝမ်ယိက အွန်လိုင်းလိမ်လည်မှုများနှင့် တရားမဝင် လောင်းကစားမှုများ ထိုင်း-မြန်မာနယ်စပ်တလျှောက် ကြီးထွားလာ နေမှု ကို ရည်ညွှန်းပြီး မြဝတီတွင် ‘မတည်ငြိမ်မှုများ ပြန်လည်ခေါင်းထောင်လာခြင်း’ ကို ကာကွယ်တားဆီးရန် မြန်မာဘက်အား ပိုမို အားစိုက် ပေးဖို့ပါ တိုက်တွန်းသွားခဲ့သည်။

 

မြန်မာနိုင်ငံအတွင်း လုပ်ကိုင်ဆောင်ရွက်နေသည့် တရုတ်နိုင်ငံသားများ၊ အဖွဲ့အစည်းများနှင့် စီမံကိန်းများ၏ ဘေးကင်းလုံခြုံရေးကို အာမခံနိုင်ရေးအတွက် ပိုမိုလုပ်ဆောင်ပေးရန် နေပြည်တော်အား တိုက်တွန်းခဲ့ပြန်သည်။

 

တိုက်တွန်းသည် ဆိုသော သံခင်း တမန်ခင်း စကားကို အဓိပ္ပါယ် ဖွင့်ဆိုရက "ထိုအချက်များ တခုမှ မလုပ်သေး" ဟု ယူဆ၍ ရသည် မဟုတ်ပါလား။

 

အောင်ကျော်ဟိုးကလည်း ၎င်းတို့ တရုတ်တို့နှင့် တွေ့ဆုံ ဆွေး နွေးသည့် အခါတိုင်း ရေရွတ်‌ နေကျ ဂါထာ မန္တရား များ အတိုင်း မိမိတို့ အနေဖြင့် CMEC စီမံကိန်းများကို အရှိန်မြှင့်တင်ရန်နှင့် အွန်လိုင်းလိမ်လည်မှု လုပ်ငန်းများကို တိုက်ဖျက်ရာတွင် တရုတ်နိုင်ငံအပြင် ဒေသတွင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်သွားလိုကြောင်း ကတိပြုခဲ့သည်။ အပြည်ပြည်ဆိုင်ရာ ညီလာခံများနှင့် ဆွေးနွေးပွဲများတွင် မြန်မာနိုင်ငံအား ကူညီပံ့ပိုးပေးသည့်အတွက် ၎င်းအား ဧည့်ဝတ်ပြုသည့် တရုတ်ဘက်ကို ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်ဟု တရုတ်သံရုံးက သတင်းထုတ်ပြန်သည်။

 

ထိုသို့ စီမံကိန်းများ အမြန် အကောင်အထည် ဖေါ်ရန် တောင်းဆို နေမှု သည် ယခုမှ မဟုတ်၊ မင်းအောင်လှိုင် က သမ္မတ ဖြစ်ပြီ ဆိုကာ တရုတ်သို့ ရောက်လာခဲ့စဉ် အတွင်း ရှီကျင့်ဖျင် ကိုယ်တိုင်က အလေးအနက် ‌တောင်းဆိုခဲ့ပြီး ဖြစ်သည်။

 

သို့သော်လည်း စစ်အုပ်စု သည် အဆိုပါ စီမံကိန်းများနှင့် ပတ်သက်၍ နှုတ်ဖြင့်သာ အလိုက်သင့် အလျားသင့် ပြောဆို နေပြီး နောက်ထပ် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုရရှိရန် မျှော်လင့်တောင်းခံနေခြင်းမှလွဲ၍ ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်း မရှိပေ။ ထိုသို့ ဆောင်ရွက်ခြင်း မရှိယုံမက နှစ်ရှည်လများ ရပ်ဆိုင်းထားသည့် မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းကို ပြန်လည်စတင်ရန် စိတ်ကူးယဉ် အိပ်မက်မက်ရင်း အချိန်ဖြုန်းနေခဲ့သည်။

 

မကျေမနပ် နှင့် စိတ်ပျက်လာ နေသော တရုတ်သည် စစ်အုပ်စု က ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ တွက်ခြေကိုက်သော ကုန်သွယ်မှုများ ပြန်လည်စတင်နိုင်ရေးအတွက် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ ထိန်းချုပ်ထားသော ဒေသများနှင့် နယ်စပ်ဂိတ်များကို ယခုအခါ ပြန်လည်ဖွင့်လှစ်ပေးခဲ့သည်။

 

တရုတ်နိုင်ငံရေး လေ့လာဆန်းစစ်သူတဦးက ဧရာဝတီ သို့ ပြောကြားရာတွင် ဘီဂျင်း အနေဖြင့် ‘မင်းအောင်လှိုင်၏ ခေါင်းမာမှုကြောင့် လုပ်ငန်းစဉ်အားလုံး ကြန့်ကြာနှောင့်နှေးနေရသည်ကို ကောင်းစွာ သိရှိထား ပြီး ဖြစ်သည်။ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲများမှာလည်း မည်သည့်ရလဒ်မျှ မထွက်ပေါ်သေးပေ။ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မည်သည့်တိုးတက်မှုမျှ မရှိသေးသည့်အပြင် နယ်စပ်ဂိတ်များမှာလည်း ပုံမှန်အတိုင်း လည်ပတ်နိုင်ခြင်း မရှိသေးပေ’ ဟု ဆိုသည်။

 

၎င်းတို့ဖက်က ရွေးကောက်ပွဲ ဖြစ်မြောက်အောင် ပံ့ပိုး ပေးခဲ့သည်၊ လားရှိုးကို ပြန်ပေးခဲ့သည်၊ ရှမ်း မြောက်တွင် အပစ်ရပ်‌ အောင် ထိန်းထိန်းသိမ်းသိမ်း လုပ်‌ ပေးခဲ့ပြီး ဖြစ်၍ ထိုသို့ တောင်းဆိုလာသည်မှာလည်း သဘာဝ ကျပေသည်။

 

၎င်းတို့အား နိုင်ငံရေးအရ ကာကွယ်မှုပေးနေသော်လည်း စစ်ရေး၊ စီးပွားရေးနှင့် နယ်မြေ ထိန်းချုပ်နိုင်စွမ်း မရှိမှုကို ကောင်းစွာ သဘောပေါက် နေပြီ ဖြစ်သည်။ ဘီဂျင်း ၏ အဓိက လိုလားချက်မှာ ၁) ၎င်း၏ စီးပွားရေးစင်္ကြံ (CMEC) အကောင်အထည်ဖော်ရေး၊ ၂) နယ်စပ်ဒေသ လုံခြုံရေးနှင့် ရာဇဝတ်မှု တိုက်ဖျက်ရေး ဖြစ်ပြီး ၎င်းအချက်များ ရရှိရန်အတွက် စစ်အုပ်စု နှင့် သာမက နယ်စပ်ရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့်ပါ အချိုးညီ ဆက်ဆံသည့် ပထဝီနိုင်ငံရေး ကစားပွဲကို ကစားနေခြင်း ဖြစ်သည်။

 

ဤကစားပွဲ သို့ NUG အနေဖြင့် တက်တက်ကြွကြွ ပါဝင်ရန် လိုအပ် နေသည်၊ တရုတ်တို့ မျက်စိစပါးမွှေး စူးနေသည့် အနောက်အုပ်စု က ပါလီမန် အမတ်များ နှင့် ‌ဒွေးရော ယှက်တင် လုပ်နေသည်ထက်၊ မိမိတို့ လုပ်ပိုင်ခွင့် ရမည် ဆိုက ၎င်းတို့ စိုးရိမ်နေသည့် CMEC စီးပွားရေး စီမံကိန်းများကို မည်သို့မည်ပုံ အမြန် အကောင်အထည် ဖေါ်သွားနိုင်သည် ဆိုသည့် သုတေသန စာတန်းမျိုး ရေးဆွဲ အသိပေးဖို့ လိုအပ်သည်ဟု ထင်မြင်မိပေသည်။

 

အနောက်နိုင်ငံများနှင့် ဒီမိုကရေစီရေးဆိုင်ရာ မဟာမိတ်ပြုမှုကို ဆက်လက်ထိန်းသိမ်းရင်း၊ တရုတ်နိုင်ငံ၏ အရေးပါသော စီးပွားရေးဆိုင်ရာ စိုးရိမ်ချက်များကို တည်ငြိမ်စွာ လက်ခံဆွေးနွေးသည့် သံတမန်လမ်းကြောင်း (Back-channel diplomacy) ကို တိုးမြှင့်ခြင်း။

 

ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် တရုတ်၏ ရင်းနှီးမြှုပ်နှံမှု လုံခြုံရေးတို့ စုစည်းပါဝင်သော Win-Win မူဝါဒစာတမ်း (Policy Framework) မျိုး ပြင်ဆင်ထားသင့်သည်ဟု ဆိုလိုခြင်း ဖြစ်သည်။

 

အရေးကြီးဆုံးက တရုတ်၏ စစ်အုပ်စု အပေါ် အပြည့်အဝ ပံ့ပိုးနေမှုကို လျှော့ချနိုင်ဖို့ ပင် ဖြစ်သည်။

 

ယခုအခါ ဖါး နှင့် ငါးလို ကွံပြားလာရသည်က ၎င်း သမ္မတ ဆိုကာ သွား ရောက်ခဲ့သည့် နိုင်ငံ ကိုး နိုင်ငံ ထဲတွင် မည်သည့် နိုင်ငံ ကမျှ သံတမန် ထုံးတမ်းနှင့် အညီ ချစ်ကြည် ရေး ခရီး အပြန်အလှန် လည်ပတ်ခြင်း မရှိခြင်းပင် ဖြစ်သည်။ ထိုင်း ဝန်ကြီးချုပ်၊ လာအို သမ္မတ ပင် ရောက်မလာခဲ့။

 

ဤသည်ကို ကြည့်ခြင်းအားဖြင့် ၎င်းအား အသိအမှတ် ပြုသည့် သဘောဖြင့် လက်ခံခဲ့ခြင်း မဟုတ်ဘဲ၊ ရှေ့လျောက် ဆက်ဆံစရာ ရှိနေ၍ မကောင်းတတ်သည့် သဘောမျိုးသာ ဖြစ်နေသည်ကို တွေ့လာရသည်။

 

ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!