ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တွင် နိုဝင်ဘာလ ၁၅ ရက်မှ ၁၇ ရက် အထိ ကျင်းပမည့် ၄၉ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး သို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်အား တက်ရောက်ခွင့်မပေးဘဲ ဆက်လက်ပိတ်ပင်ထားကြောင်း အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနက နိုဝင်ဘာလ ၁၁ ရက်နေ့တွင် တရားဝင် အတည်ပြုထုတ်ပြန်ခဲ့ပါသည်
၎င်းအစား နိုင်ငံရေးအရ ကိုယ်စားပြုသူမဟုတ်သည့် မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန၊ အာဆီယံရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်အဆင့် ကိုသာ နိုင်ငံကိုယ်စား တက်ရောက်ခွင့်ပြုမည် ဖြစ်သည်။
အရပ်သားပြည်သူများအပေါ် အကြမ်းဖက်မှုများ အရှိန်မြှင့်လုပ်ဆောင်နေသည့် စစ်အုပ်စု ကို တရားဝင်မှုမပေးရန် ပြည်တွင်းနှင့် နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့များက ဒေသတွင်းအဖွဲ့အစည်း (အာဆီယံ) အား သတိပေးခဲ့ပြီးနောက် အဆိုပါပိတ်ပင်မှု ဆက်လက်တည်ရှိနေကြောင်း အတည်ပြုချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။
နိုဝင်ဘာလ ၉ ရက်နေ့တွင် SAC-M နှင့် APHR တို့က မင်းအောင်လှိုင်နှင့် စစ်အုပ်စု အရာရှိများကို လုံးဝမဖိတ်ကြားရန် ပူးတွဲကြေညာချက် ထုတ်ပြန်တောင်းဆိုခဲ့ကြသည်။ ထို့အပြင် Human Rights Watch ကလည်း စစ်တပ်၏ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်မပြုရန် ဖိလစ်ပိုင်သမ္မတထံ စာရေးသားတိုက်တွန်းခဲ့သည်။
အာဆီယံ ထိပ်သီးအစည်းအဝေးအပြီး နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် တရားစွဲဆိုထားသည့် လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ အမှုအတွက် ICJ တရားရုံး က အပြီးသတ် စီရင်ချက်ချမှတ်ရန် ရှိနေချိန်နှင့်လည်း တိုက်ဆိုင်နေသည်။
ဤကာလအတွင်း အာဆီယံက စစ်ခေါင်းဆောင်ကို လက်ခံကြိုဆိုခြင်း မပြုရန် ဆုံးဖြတ်လိုက်ခြင်းသည် နိုင်ငံတကာ တရားဥပဒေစိုးမိုးရေးနှင့် လူ့အခွင့်အရေး စံနှုန်းများကို အလေးထားကြောင်း ပြသလိုပုံ ရ၍လည်း ဖြစ်သည်။
မင်းအောင်လှိုင်သည် လာအို၊ မလေးရှား၊ ထိုင်း၊ ဗီယက်နမ်၊ ကမ္ဘောဒီယား တို့က ၎င်းအား ဖိတ်ကြားခဲ့သည့် အတွက် ယခု နှစ်တွင် တက်ရောက်ခွင့် ရပေတော့မည် ဟု အမျှော်လင့်ကြီး မျှော်လင့်နေခဲ့သူ ဖြစ်သည်။
ထိုသို့ အဖွဲ့ဝင် နိုင်ငံ အချို့က ထိုသို့ ဖိတ်ခေါ်ခဲ့မှု အား အာဆီယံ၏ နိုင်ငံရေးနှင့် ကိုယ်ကျင့်တရားဆိုင်ရာ ကျရှုံးမှုများ အဖြစ် ဝေဖန်ခံနေရချိန်တွင် မင်းအောင်လှိုင်အား ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ခွင့်ပြုလိုက်ခြင်းသည် လုံးဝအရှုံးပေး အညံ့ခံလိုက်ခြင်းပင် ဖြစ်လိမ့်မည်" ဟု ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ဟောင်းနှင့် SAC-M တည်ထောင်သူ အဖွဲ့ဝင်တစ်ဦးဖြစ်သူ မစ္စ ယန်ဟီးလီ က ပြောကြားခဲ့သည်။
ထိုင်း နှင့် မလေးရှားတို့က ၎င်းအား ဖိတ်ချင်လွန်း၍ မဟုတ်ဘဲ မြန်မာ နှင့် ပတ်သက်၍ ၎င်းတို့ ရင်ဆိုင် နေရသော ပြဿနာ များကို ဖြေရှင်းဖို့လိုသည့် အတွက် လက်တွေ့ကျကျ ထိတွေ့ဆက်ဆံခဲ့ရခြင်းသာ ဖြစ်ကြောင်း လူသိရှင်ကြား ကာကွယ် ပြောဆိုခဲ့ကြသည်။
ယခင်စစ်ဘက်အရာရှိဟောင်းများ အများစုလွှမ်းမိုးထားသည့် အစိုးရ ဆိုသည့် အဖွဲ့ အတွက် အသိအမှတ်ပြုမှုရရှိရန်နှင့် နိုင်ငံတကာသံတမန်ရေးရာ ဆက်ဆံမှုများ ပြန်လည်ထူထောင်ရန် စစ်ဘက်ခေါင်းဆောင်ပိုင်းက ၎င်းအား သမ္မတရာထူး ပေးအပ်ခဲ့ခြင်း၏ အကြောင်းရင်းများထဲတွင် တခု အပါအဝင်ဖြစ်သည်ဟု မြန်မာနောင်းက ရေးသားထားသည်။
အာဆီယံအဖွဲ့ဝင် နိုင်ငံတခုချင်းစီအနေဖြင့် မြန်မာစစ်ဘက်ခေါင်းဆောင်ပိုင်းနှင့် အဆင့်မြင့်ထိတွေ့ဆက်ဆံမှုများ ပြန်လည်စတင်နေသည့်တိုင် မနီလာထိပ်သီးအစည်းအဝေးသို့ မင်းအောင်လှိုင်အား တက်ရောက်ခွင့်မပြုရန် ဆုံးဖြတ်လိုက်ခြင်းက ၎င်း၏ အဖွဲ့ အနေဖြင့် သံတမန်ရေးအရ ပြန်လည်ဝင်ဆံ့နိုင်မှု အကန့်အသတ်နှင့်သာရှိနေသေးကြောင်း မီးမောင်းထိုးပြနေသည်ဟု လည်း ဆိုသည်။
အာဆီယံ၏ ယခုဆုံးဖြတ်ချက်သည် စစ်ခေါင်းဆောင်၏ "ရွေးကောက်ပွဲမှတဆင့် သမ္မတ ဟု ဆိုကာ နိုင်ငံတကာစင်မြင့်သို့ ပြန်လည်ဝင်ရောက်ရေး မဟာဗျူဟာ" အတွက် အကြီးမားဆုံး သံတမန်ရေးရာ ထိုးနှက်ချက်တခုဖြစ်ပြီး မြန်မာ့အရေးတွင် အာဆီယံ၏ အခြေခံမူဝါဒ မပြောင်းလဲသေးကြောင်း ပြသလိုက်ခြင်းပင် ဖြစ် ပေတော့သည်။
ထရမ့်သည်လည်း နိုဝင်ဘာ ၁၇ တွင် ပြုလုပ်မည့် အာဆီယံ-အမေရိကန် အထူးထိပ်သီးအစည်းအဝေး တက်ရောက်မည် ဖြစ်ပြီး ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာနှင့်လည်း မာလာကာညန် နန်းတော်တွင် သီးသန့်တွေ့ဆုံသွားမည် ဖြစ်ကြောင်း သိရသည်။
ထိပ်သီးအစည်းအဝေးမတိုင်မီ ထုတ်ပြန်ချက်များအရ မြန်မာနိုင်ငံအတွင်း အကျဉ်းသားများ လွတ်မြောက်ရေးနှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ၏ လုပ်ငန်းစဉ်များ ပါဝင်ဆောင်ရွက်ခွင့် ရရှိရေးတို့ကိုလည်း အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံက ဦးဆောင်ဆွေးနွေးလျက် ရှိပါသည်။
မင်းအောင်လှိုင်၏ နောက်ထပ် ပြဿနာ တခုက ထရမ့်အားကိုးနှင့် တရုတ် ၏ ဒေါသ ကို ဆွပေးခဲ့သည့် အရေးကိုလည်း ပြေလည် အောင် ဖြေရှင်းရဦးမည် ဖြစ်သည်။ မင်းအောင်လှိုင်သည် တရုတ်တို့ မောင်ပိုင်စီးထားသည့် နိုင်ငံ မြောက်ပိုင်းရှိ မြေရှားသတ္တုများ အရေး နှင့် ၎င်းတို့ ကိုယ့်ခြေကိုယ့်လက် လုပ်နေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် အမေရိကန် တို့ ပါဝင်ပတ်သက်ခွင့် ပြုရန် အထိ သဘောတူလာခဲ့မှု ပင် ဖြစ်သည်။
အာဏာသိမ်း၍ သမ္မတဖြစ်လာသူ မင်း အောင်လှိုင်အနေဖြင့် ၎င်းအပေါ် တရုတ်နိုင်ငံ၏ ချုပ်ကိုင်မှုကို လျှော့ချပြီး အနောက်နိုင်ငံများထံမှ တရားဝင်မှု ရရှိစေရန် အင်အားကြီးနှစ်နိုင်ငံကြား အပြန်အလှန် အသုံးချကစားနိုင်လိမ့်မည်ဟု ယုံကြည်နေပုံရသည်။
ပြီးခဲ့သည့် အမေရိကန် သက်တမ်းဝက် ရွေးကောက်ပွဲ ရလဒ် ကြောင့် တရုတ်မှ ၎င်းအပေါ် အယုံအကြည် မဲ့သည်ထက် မဲ့သွားခြင်းသာ အဖတ်တင်ခဲ့ရရှာသည်။
မည်သို့ပင် ဖြစ်စေ ငြင်းမရသည်က ပြင်သစ် သမ္မတ အိမ်တော်ကို ဒေါ်ဇင်မာအောင် ရောက်ရှိသွားခဲ့သော်လည်း မင်းအောင်လှိုင်ကတော့ မာလာကာညန် နန်းတော် ရောက်ဖို့ မျှော်လေတိုင်း ဝေးခဲ့ရရှာပြီ ဖြစ်သည်။
"မသိနားမလည်ဘဲ စိတ်ကူးယဉ်နိဗ္ဗာန်ဘုံလေးထဲမှာ ပျော်ရွှင်နေတာထက်စာရင် အဆိုးဆုံးအခြေအနေကို သိမြင်ပြီး စိတ်ဆင်းရဲနေရတာက ပိုကောင်းပါတယ်။"
— ဖျိုဒေါ ဒေါ့စ်တိုယက်ဗ်စကီး
ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!