ဂေါ်ကီ ၏ အမေ(87)

by Hla Soewai - Nov 10 2026

အပိုင်း (၃)

 

အခန်း (၁)

 

အမေ့ အဖို့ နေ့ရက်များသည် စိတ်ရှုပ်ထွေးစရာ အမှတ်ရမှုများ၊ ခန္ဓာကိုယ်နှင့် စိတ်အစဉ် ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားသည့် မောပန်းနွမ်းနယ်ဖွယ် စိတ်ပျက်အားငယ်မှုများနှင့်အတူ ကုန်လွန်သွားခဲ့၏။ လူငယ်များ၏ မျက်နှာများ၊ တောက်လောင်နေသော အလံတော်၊ နားထဲတွင် ဆူညံနေသော သီချင်းသံများ၊ သူမ၏ စိတ်အာရုံ တွင် မီးခိုးရောင် အကွက်တခုလို လှုပ်ရှားကခုန်နေသည့် စစ်ဗိုလ် လေးတို့သည်ဖျတ်ခနဲ ဖျတ်ခနဲ ပေါ်လာကြသည်။ 

 

လှိုင်းလုံးကြီးပမာ ချီတက်နေသော လူအုပ်ကြီး၏ ကြားထဲမှ ပါဗယ်၏ ကြေးနီရောင်သန်းနေသော မျက်နှာနှင့် အန်ဒ ရေ ၏ ပြုံးရွှင်နေသော ပြာလဲ့လဲ့ မျက်လုံးများကို သူမ မြင်ယောင်နေမိသည်။

 

သူမသည် အခန်းထဲတွင် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်လိုက်၊ ပြတင်းပေါက်နားတွင် ထိုင်ကာ လမ်းမပေါ်သို့ ငေးကြည့်လိုက်၊ ထို့နောက် ပြန်လှည့်ထွက်လာလိုက် လုပ်နေ၏။ ရံဖန်ရံခါဆိုသလို သူမသည် ထိတ်ခနဲ တုန်လှုပ်သွားပြီး တစုံတခုကို ရည်ရွယ်ချက်မဲ့ လိုက်လံရှာဖွေ သကဲ့သို့ ပတ်ဝန်းကျင်ကို ဝှေ့ယမ်းကြည့်ရှုတတ်သည်။ ရေကို သောက်လိုက်သော်လည်း ရေငတ် မပြေစေနိုင်သကဲ့သို့ ရင်ဘတ်ထဲတွင် စိမ့်ဝင်တောက်လောင်နေသည့် နာကျည်းဝမ်းနည်းမှု မီးတောက်ကိုလည်း မငြှိမ်းသတ်နိုင်ခဲ့ပေ။

 

ထိုနေ့ရက်သည် အမေ့အတွက် နှစ်ခြမ်းကွဲသွားသလို ဖြစ်ခဲ့ပြီ။ အစပိုင်းတွင် အဓိပ္ပာယ်ပြည့်ဝ၍ အကြောင်းအရာများနှင့် ပြည့်နှက် နေခဲ့သော်လည်း ယခုအခါ၌မူ အဆုံးအစမရှိ ရှည်လျားလှသော ငြီးငွေ့စရာ ကန္တာရကြီးသဖွယ် အဓိပ္ပာယ်မဲ့စွာ ကုန်ဆုံးသွားခဲ့လေပြီ။

 

သူမ၏ ဗလာကျင်း၍ ရှုပ်ထွေးနေသော စိတ်အစုံထဲတွင် “အခုတော့ ဘာဆက်လုပ်ရမလဲ” ဟူသော မေးခွန်းက ဖျတ်ကနဲ ပေါ်လာသည်။

 

ထိုစဉ် ကော်ဆူနိုဗာ ဝင်လာခဲ့သည်။ လက်များ တရမ်းရမ်း နှင့် ငိုလိုက် ရီလိုက် ဖြစ်နေလေသည်— ခြေ ထောက်ကိုလည်း စောင့်ရင်း ပါးစပ်ကလည်း တောင်စဉ် ရေမရ နှင့် ဟိုလို လုပ်ပါလား၊ ဒီလို လုပ်ပါလား လုပ်ပြောလား ပြောရဲ့၊ တ ယောက်ယောက်ကိုလည်း ခြိမ်းလား ခြောက်လား ပြောနေပြန်၏။ သို့သော် သူမ ပြောနေ လုပ်နေသည်များက အမေအပေါ်တွင် မည်သည့်လွှမ်းမိုးမှုမျှ မရှိခဲ့ပေ။

 

“ဟာ့ကွယ်!” မာယာ၏ ကျယ်လောင်စူးရှသော အသံကို သူမ ကြားလိုက်ရသည်။ “ကဲ... လူထုကြီးလည်း လှုပ်ရှားလာပြီဟေ့။ နောက်ဆုံးတော့ စက်ရုံတရုံလုံး နိုးထလာကြပြီ။ အားလုံး ထကြွလာကြပြီဟေ!”

 

“အေး... အေးပါကွယ်” ဟု အမေက ခေါင်းကိုယမ်းရင်း အသံတိုးတိုးဖြင့် ပြောလိုက်သည်။

 

သူမ၏ မျက်လုံးတို့သည် အန်ဒရေးနှင့် ပါဗယ်တို့နှင့်အတူ သူမထံမှ ချန်ထားရစ်သော အတိတ်ဆိုသည့်အရာမှ ထွက်ကျ လာသော တစုံတရာ ကို လှမ်း ကြည့် နေသလိုမျိုး၊ ငိုကြွေးရန်ပင် အားမရှိတော့ချေ။

 

သူမ၏နှလုံးအိမ်မှာ ကန္တာရ အလား ဖြစ်သွားခဲ့ပြီဖြစ်ပြီး နှုတ်ခမ်းတို့မှာလည်း ခြောက်‌ သွေ့လာကာ ပါးစပ်မှာလည်း ရေငတ်သလို ခံစားနေရ ၏။ လက်များသည် တဆတ်ဆတ်တုန်ရီနေပြီး ကျောပြင်တလျှောက်တွင် အေးစိမ့်တုန်ရီလာကာ တကိုယ်လုံးရှိ အရေပြားများ တဆတ်ဆတ်လှုပ်ခတ်သွားခဲ့သည်။

 

ညနေခင်းတွင် ရဲသားများ ရောက်လာကြသည်။ သူမသည် သူတို့ကို မြင်၍ အံ့သြခြင်းမရှိ၊ ကြောက်ရွံ့ခြင်းလည်းမရှိဘဲ ရင်ဆိုင်ခဲ့၏။ သူတို့သည် ဆူညံစွာဖြင့်၊ မျက်နှာများတွင် ပျော်ရွှင်ကျေနပ်သော အသွင်အပြင်များဖြင့် ဝင်ရောက်လာကြသည်။ အသားဝါဝါ အရာရှိက သွားများကို ဖြီးပြရင်း ပြောလိုက်သည် - "ကဲ... ဘယ်နှယ့်ရှိစ၊ ကျုပ်တို့ တတိယအကြိမ်မြောက် ဆုံတွေ့ရခြင်းပဲပေါ့၊ ဟုတ်လား။"

 

သူမသည် စကားမဆိုဘဲ ခြောက် သွေ့နေသော လျှာဖြင့် နှုတ်ခမ်းကို သပ်လိုက်သည်။ အရာရှိက စကားများစွာပြောကာ သူမအား တရားချ ဟောပြောနေခဲ့သည်။ အရာရှိမှာ ထိုသို့ ပြောလိုက်ရ၍ မည်မျှလောက် ပျော်ရွှင်ကျေနပ်နေသည်ကို မိခင်က သိလိုက်ရ၏။ သို့သော် ထိုစကားများသည် သူမကို လှုပ်ခတ် အောင် မလုပ်နိုင်ခဲ့ပေ။ နားထဲတွင် တကျီကျီမြည်နေသော ပုရစ်တကောင်၏ အသံကို ကြားနေရသကဲ့သို့ ဖြစ်နေသည်။

 

'ဒေါ်ကြီးရဲ့ သားကို ဘုရားသခင်နဲ့ ဇာဘုရင်အပေါ် ကြည်ညိုလေးစားစိတ် ကိန်းဝပ်သွားအောင် မသွန်သင်နိုင်ခဲ့တာ ဒေါ်ကြီး ရဲ့ အမှားပဲ" ဟု အရာရှိက ပြောလိုက်သည့်အခါမှသာ သူမသည် တံခါးဝတွင် ရပ်လျက် သူ့ကို မထုံတက်‌ တေး ပြန်ကြည့်ကာ ခပ်တိုးတိုး ပြန်ဖြေခဲ့သည်။

 

"ဟုတ်ပါတယ်၊ မိဘတွေ အ ပေါ် သားသမီးတွေက တရားစီရင်လိုက်တာပါပဲ၊ လမ်းမှားပေါ် သူတို့ကို ပစ်ထားခဲ့ကြတဲ့အတွက် သားသမီးတွေက မိဘတွေကို ထိုက်တန်တဲ့ ပြစ်ဒဏ် ခတ်ကြတာပါပဲ"

 

(မိဘများက လူ့အဖွဲ့အစည်း၏ အမှောင်ထုနှင့် မတရားမှုများကို မတွန်းလှန်ဘဲ ဒီအတိုင်း ပစ်ထားခဲ့သည့်အတွက်၊ နောက်မျိုးဆက် သားသမီးများမှာ ထိုအန္တရာယ်များလှသော၊ ဆူးငြှောင့်ခက်ထန်သော တော်လှန်ရေးလမ်းပေါ်သို့ ရောက်ရှိသွားကြရသည်။ ထိုသို့ သားသမီးများ ဒုက္ခရောက်ရခြင်းသည် မိဘတို့ မစွမ်းဆောင်နိုင်ခဲ့သည့် အပြစ်အတွက် ခံစားရသော ပြစ်ဒဏ်ပင် ဖြစ်သည်။)

 

"ဘာပြောလိုက်တယ်..." အရာရှိက အော်ဟစ်လိုက်သည်။

 

 "ကျယ်ကျယ်ပြောစမ်း"

 

"သားသမီးတွေဟာ မိဘတွေရဲ့ ပြစ်ဒဏ်ပါပဲလို့ ပြောတာပါ" အမေ က သက်ပြင်းတစ်ချက်ချရင်း ထပ်ပြောလိုက်သည်။

 

သူသည် ဒေါသတကြီးဖြင့် စကားအချို့ကို ခပ်သွက်သွက် အော်ဟစ်ပြောဆိုလိုက်သော်လည်း ထိုစကားများသည် သူမထံသို့ မရောက်ဘဲ ဘေးနားတွင်သာ တဝီဝီ မြည်ဟီးသွားခဲ့သည်။

 

မာရီယာ ကော်ဆူနိုဗာ သည်လည်း သက်သေအဖြစ် ရောက်ရှိနေခဲ့သည်။ သူမသည် အမေ၏ ဘေးတွင် ရပ်နေသော်လည်း သူမကို လှည့်မကြည့်ခဲ့ပေ။ အရာရှိက မေးခွန်းတခု မေးလိုက်တိုင်းလည်း ခေါင်းကို အာရုံတစိုက် ညွှတ်ကိုင်းလျက်—

 

"ကျမ မသိပါဘူး အမိန့်ရှိပါ၊ ကျမက အောက်တန်းစား အဝိဇ္ဇာမ ပါ။ မိုက်မိုက်မဲမဲနဲ့ ဈေးရောင်းပြီး ဝမ်းစာရှာရတဲ့သူမို့ ဘာမှလည်း မသိပါဘူးရှင်" ဟု သက်ပြင်းရှိုက်လျက် ခပ်သွက်သွက် ပြန်ဖြေခဲ့သည်။

 

"ဒါဆိုလည်း ပါးစပ်ပိတ်ထား!" အရာရှိက အမိန့်ပေးလိုက်လေသည်။

 

သူမအား ဗလာဆိုဗာကို ရှာဖွေစစ်ဆေးရန် အမိန့်ပေးလိုက်သည်။ သူမသည် အရာရှိကြီးကို မျက်လုံးအပြူးသားဖြင့် ကြည့်ကာ ကြောက်လန့်တကြားဖြင့် "ကျွန်မ မလုပ်နိုင်ပါဘူး၊ အရာရှိမင်း!" ဟု ပြောလိုက်သည်။ အရာရှိမှာ အသံကုန် အော်ဟစ် ဆူပူ ကြိမ်း‌ မောင်းပြန်၍ မာရိယာသည် မျက်လွှာချလိုက်ပြီး မိခင်ဖြစ်သူအား "ကဲ၊ ဘာတတ်နိုင်မှာလဲ။ ကျုပ်တို့ မှာ ခံရတာဖက်က ချည်းပဲလေ၊ ပီလာဂေးယာ နီလိုဗ်နား" ဟု တိုးတိုးလေး တောင်းပန်ပြောဆိုသည်။ 

 

သူမသည် အမေ၏ ဝတ်စုံကို စမ်းသပ်ရှာဖွေရင်း ရှက်သွေးဖြန်းလာကာ "ခွေးတွေ!" ဟု တိုးတိုးရေရွတ်လိုက်သည်။

 

"ခင်ဗျား တို့ အဲဒီမှာ ဘာတွေ တိုးတိုး ပြောနေကြတာလဲ" ဟု အရာရှိက သူတို့ ရှိ‌ နေရာ ဘက်သို့ လှမ်းကြည့်ရင်း အော်ငေါက်လိုကိသည်။ "အမျိုးသမီးတွေ အကြောင်းပါ၊ အရာရှိမင်း" ဟု မာရိယာက ကြောက်လန့်တကြားနှင့် ခပ်တိုးတိုး ပြောလိုက်သည်။

 

ရှာဖွေစစ်ဆေးခွင့် ဝရမ်းပေါ်တွင် လက်မှတ်ရေးထိုးရန် အမိန့်အရ အမေသည် မရေးတတ် ရေးတတ်ဖြင့် စာရွက်ပေါ် တွင်..

 

"အလုပ်သမားတဦး၏ မုဆိုးမ ပေလာဂေယာ နီလိုဗ်နာ။" ဟု ရေးလိုက်သည်ယ

 

သူတို့ ထွက်သွားကြပြီး အမေသည် ပြတင်းပေါက်နားတွင်ရပ်ကျန်ရစ်ခဲ့သည်။ လက်ကို ပိုက်လျက် မျက်တောင်မခတ်ဘဲ အပြင် ဟင်းလင်းပြင်ကို ငေးကြည့်နေသည်။ သူမ၏ နှုတ်ခမ်းများကို တင်းတင်းစေ့ထားသဖြင့် မေးရိုးများ တင်းနေပြီး သွားများပင် နာကျင်လာသည်။ မီးခွက်ထဲတွင် ဆီကုန်သွား၍ မီးရောင်သည် ဖြတ်ကနဲ တချက်တောက်ပြီးမှ ငြိမ်းသွားလေသည်။ သူမသည် မီးခွက်ကို မှုတ်လိုက်ပြီး အမှောင်ထဲတွင် ဆက်ရပ်နေခဲ့သည်။ သူမစိတ်တွင် မုန်းတီးမှု တစုံတရာ မရှိသလို၊ နှလုံးသားထဲ၌လည်း နာကျည်းမှုကို လုံးဝ မခံစားရပေ။ မှောင်မည်းပြီး အေးစက်နေသော ဝမ်းနည်းပူဆွေးမှု တိမ်တိုက်ကြီးတခုသည် သာ သူမ၏ ရင်ဘတ်ပေါ်တွင် ဖိကျလာကာ နှလုံးခုန်နှုန်းကို လေးလံနှေးကွေးစေခဲ့သည်။

 

သူမ၏ စိတ်ထဲတွင် တလှပ်လှပ် နှင့် ဟာလာဟင်းလင်း ဖြစ်လာခဲ့သည်။ ဖြူရော်သော မျက်နှာဖြင့် ပြတင်းပေါက်တွင် အတော်ကြာအောင် သူမ မတ်တပ်ရပ်နေမိ၏။ သူမ၏ ခြေထောက်များနှင့် မျက်လုံးများသည် ညောင်းညာကိုက်ခဲလာကြသည်။ မာရီယာက ပြတင်းပေါက်မှ လှမ်း အော် ပြောလိုက်သည်ကို သူမ ကြားလိုက်ရ၏။

 

"အိပ်ပျော်နေပြီလား ပေလာဂူယာ... သနားစရာကောင်းပြီး ဆင်းရဲဒုက္ခရောက်ရတဲ့ မိန်းမရယ်... အိပ်လိုက်ပါတော့! ဒီမိစ္ဆာကောင်တွေက အားလုံးကို နှိပ်စက်ညှဉ်းပန်းနေကြတာပဲ!"

 

နောက်ဆုံးတွင်တော့ သူမသည် အဝတ်အစားပင် မလဲနိုင်တော့ဘဲ ခုတင်ပေါ်သို့ လှဲချ လိုက်ကာ နက်ရှိုင်းသော ချောက်ကမ္ဘာထဲသို့ ထိုးဆင်းသွားသကဲ့သို့ အိပ်မောကျသွားခဲ့ရသည်။

 

သူမ အိပ်မက်မက်ခဲ့သည်။ မြို့သို့သွားရာ လမ်းဘေး၊ ဗွက်အိုင်၏ အလွန်တွင် ဝါကျင့်ကျင့် သဲ တောင် ကုန်းလေးတခုကို သူမ တွေ့လိုက်ရ၏။ သဲများ တူးဖော်ယူနေသည့် ကျင်းဘက်သို့0 မတ်စောက်စွာ ထိုးဆင်းနေသော ကုန်း၏ အစွန်းတွင် ပါဗယ် ရပ်နေသည်။ အန်ဒရီ၏ အသံမျိုးဖြင့် ပါဗယ်သည် တိုးတိုးနှင့် သာယာငြိမ့်ညောင်းစွာ သီချင်းဆိုနေခဲ့သည် -

"ထကြစို့... နိုးထကြတော့ အလုပ်သမားပြည်သူတို့..."