သူသည် ရယ်မောနေသော ဟစ်တလာနှင့် ဂိုရင်း တို့၏ ဓာတ်ပုံကို နောက်တကြိမ် ကြည့်ကာ ခေါင်းကို ခပ်သွက်သွက် ငြိမ့်လိုက်ပြီး သူ ပြောချင်သည်များ ပြီးဆုံးပြီဖြစ်ကြောင်း ပြသသည့်အနေဖြင့် ဘရန်ဒီအရက်ကို ငှဲ့သောက်လိုက်သည်။ ထို့နောက် သူက "ကဲ... အဖေ၊ မျက်နှာဆိုးကြီး လုပ် မနေပါနဲ့၊ ကျွန်တော် ကတော့ သဘောရိုးနဲ့ ထင်မြင်ချက် ပေးလိုက်တာပါ!" ဟု ပြောလိုက်သည်။
"မင်းက အသက် ၁၆ နှစ်ပဲ ရှိသေးတယ်၊ ပြီးတော့ မင်းက ငါ့သားပဲ" ဟု အဖိုးကြီးက စိတ်တိုနေသည့် ပုံဖြင့် ပြန်ပြောလိုက်သည်။
"ဟုတ်ပါတယ်၊ အဖေက ကျွန်တော့်ရဲ့ အဖေပါ၊ ဒါပေမဲ့ အဖေ က ကျွန်တော် ဘယ်လိုမှ လေးစားလို့ မရနိုင်အောင်ကို ခဏခဏ မူးနေတာကိုး" ဟု ဗာဒါ ပါးဆစ်ကီ က နှုတ်လှန်ထိုးလိုက်ရာ စိုးရိမ်စိတ် လွန်ကဲနေတတ်သည့် သူ၏ မိခင်အပါအဝင် ဘေးမှ ရယ်မောနေသူများကပါ စိတ်သက်သာရာ ရသွားကြသည်။
"ကဲပါ အဖေရယ်၊ ထားလိုက်ပါတော့၊ တနေ့ကျရင် ကျွန်တော်တို့ ကိုယ်ပိုင်ကားနဲ့ မြို့ကို လှည့်နိုင် တော့မှာပါ၊ အဲ့ဒီအခါကျရင် အဖေ သောက်ချင်သလောက် ရှမ်ပိန်တွေကို တသက်လုံး နေ့တိုင်းလို သောက်လို့ ရသွားပြီ။"
ပါးဆစ်ကီ အဖိုးကြီးက တခုခု ပြန်ပြောချင်သော်လည်း သူက ပြောင်းနှံ အရက်လောက် ပင် သဘောမကျသည့် ရှမ်ပိန်အကြောင်း ဖြစ် နေသည်။ ထိုအချိန်တွင် ဗာဒါက အသံတိုးတိုးနှင့် ဆက်ပြောလိုက်ပြန်သည် ။
"အဖေ့ရဲ့ စိတ်ကူးတွေက မကောင်းဘူးလို့ ပြောတာမဟုတ်ပါဘူး အဖေ၊ မိသားစု အပြင်ဘက်မှာ အဲ့ဒီအကြောင်းတွေကို လျှောက်မပြောမိဖို့ပဲ သတိထားရမှာ။ ဟို ရိုဆန်သယ်လ် မိန်းမကြီး ဆီက ကော်ဖီနဲ့ မုန့် လောက်တင် မဟုတ်ဘူး၊ ဒီထက် အများကြီး ရနိုင်တာပဲ။ ဒီအကြောင်းကို ကျွန်တော် နည်းနည်း စဉ်းစားပါရစေဦး၊ ဂရုစိုက်ဖို့တော့ လိုလိမ့်မယ်။ အဲ့ဒီမှာ ကျွန်တော်တို့ထက် ပိုပြီး အခွင့်အရေးသာတဲ့ တခြားလူတွေလည်း အနံ့ခံ ပြီး ချောင်းနေကြတာမျိုး ရှိနိုင်တယ်"
သူ၏ အသံသည် တဖြည်းဖြည်း တိုးလာခဲ့ပြီး နောက်ဆုံးတွင် မနည်း နားထောင်ရသည့်အထိ ရောက်သွားသည်။ နောက်ဆုံးတွင် ဗာဒါ ပါစစ်ကီး သည် အစပိုင်းတွင် သူ့ကို စိတ်ဆိုးနေခဲ့သည့် ဖခင်ဖြစ်သူအပါအဝင် အားလုံးကို သူ့ဘက်ပါလာအောင် စည်းရုံးနိုင်ခဲ့ပြန်သည်။
ထို့နောက် သူက “ကဲ၊ ပြင်သစ် တွေ လက်နက်ချအညံ့ခံခဲ့ခြင်းအတွက် ခွက်ချင်းတိုက်ကြစို့” ဟု ကြွေးကြော်လိုက်သည်။
သို့သော် သူ၏ ရယ်မောပုံနှင့် ပေါင်နှစ်ဖက်ကို လက်ဖြင့် ပုတ်ခတ်နေသည့် အမူအရာတို့ကြောင့် သူတကယ်ရည်ညွှန်းနေသည်မှာ အသက်ကြီးနေပြီဖြစ်သော ရိုဇင်သယ် အဘွားအိုသာ ဖြစ်ကြောင်း အားလုံး သဘောပေါက်သွားကြသည်။
ထို့နောက် သူတို့သည် အော်ဟစ်အားပေးကြရင်း ခွက်ချင်းတိုက်ရန် အဆိုပြုကြပြီး တခွက်ပြီးတခွက် မော့သောက်ကြသည်။ အရက်ဆိုင်ပိုင်ရှင်ဟောင်းဖြစ်ခဲ့သူနှင့် သူ၏သားသမီးများသည် အရက်ကို အတော်အတန် ခံနိုင်ရည်ရှိကြသူများ ဖြစ်ကြသည်။
************************
အခန်း (၃)
ဘော့ခ်ဟားဆန် အမည်ရှိ လူတဦး
အလုပ်ရုံ ကြီးကြပ်ရေးမှုး ကွမ်ဂဲလ်သည် ယာဘလွန်စကီး လမ်းမပေါ်သို့ ထွက်လာခဲ့ရာ တံခါးဝတွင် အီမီးလ် ဘော့ခ်ဟားဆန် နှင့် မျက်နှာခြင်းဆိုင် တိုးမိသွားသည်။ စူးစမ်းစရာ သို့မဟုတ် ချောင်းမြောင်းနားထောင်စရာ ရှိသည့်နေရာတိုင်းတွင် အမြဲလို ရှိနေတတ်ခြင်းက အေမီးလ် ဘော့ခ်ဟားဆန်၏ တခုတည်းသော အလုပ်အကိုင် ဖြစ်ပုံရ၏။ ပြည်တွင်းတွင် စေတနာ့ဝန်ထမ်း မျိုးချစ်စိတ်ဓာတ်ဖြင့် စစ်ထဲဝင်ကြရန် တောင်းဆိုနှိုးဆော်နေမှုများ ရှိနေသော်လည်း စစ်ပွဲက သူ့လို လူမျိုးကို မည်သို့မျှ ပြောင်းလဲမပေးနိုင်ခဲ့ပေ— အီမီးလ် ဘော့ခ်ဟားဆန်ကတော့ ဟိုဟိုဒီဒီ သွားကာ အလဟဿ ရပ်စောင့်နေမြဲပင်။
သူသည် ယခုလည်း ထိုနေရာတွင် ရပ်နေခဲ့၏။ ဝတ်ထားသည်များက ခပ်စုပ်စုပ် ဖြစ်ပြီး ခန္ဓာကိုယ် အနေအထားက ပိန်ပိန် ရှည်ရှည် နှင့် သွေးရောင်မရှိသော မျက်နှာဖြင့် လူသူကင်းမဲ့ လုနီးပါးဖြစ်နေသည့် ယာဘလွန်စကီး လမ်းမကြီးဆီသို့ ညှိုးငယ်စွာ စိုက်ကြည့်နေသည်။
ကွမ်ဂဲလ်ကို မြင်လိုက်သည်နှင့် လက်ဆွဲနှုတ်ဆက်ရန် သူ့ဆီသို့ လျှောက်လာခဲ့၏။
“ဘယ်ကို သွားမလို့လဲ ကွမ်ဂဲလ်” ဟု သူက မေးလိုက်သည်။ “ခင်ဗျား အလုပ် ဆင်းရမယ့်အချိန် မရောက်သေးပါဘူး၊ ဟုတ်တယ်မဟုတ်လား”
ကွမ်ဂဲလ် သည် ကမ်းပေးလာသော လက်ကို မမြင်ချင် ယောင် ဆောင်ကာ "' အလျင်လိုနေလို့ပါ" ဟု မပွင့်တပွင့် ပြောလိုက်သည်။ ထို့နောက် ပရန့်ဇလော အာလီ လမ်းဘက်သို့ ချက်ချင်းပင် ထွက်သွားတော့သည်။ သူ့လို အလုပ်မရှိ စကားများတတ်သည့် လူမျိူး နှင့် တွေ့ရသည်မှာ သူ့အတွက် တကယ်ပင် မလိုအပ်သော ကိစ္စဖြစ်သည်။
သို့သော် ဘော့ဟောဆန် ကမူ ထိုမျှနှင့် အလွယ်တကူ လက်လျှော့ထွက်ခွာသွားမည့်သူ မဟုတ်ပေ။ သူက မြင်းဟီသကဲ့သို့ တဟဲဟဲ ရယ်မောလိုက်ပြီး - "ခင်ဗျား သိလား ကွမ်ဂဲလ်၊ ကျုပ်လည်း ခင်ဗျားသွားမယ့် လမ်းဘက်ကိုပဲ သွားမှာ။"
ခြေလှမ်းကျဲကျဲဖြင့် သူ့ကို လှည့်မကြည့်သူ ဘေးမှ လိုက် လျှောက်လာရင်းက- "ဆရာဝန်က ကျုပ်ရဲ့ ဝမ်းချုပ်တဲ့ရောဂါအတွက် လေ့ကျင့်ခန်း အများကြီးလုပ်ဖို့ မှာထားတယ်ဗျ။ တယောက်တည်း အမြဲတမ်း လမ်းလျှောက်နေရတာ နည်းနည်း ပျင်းဖို့ကောင်းလို့ပါ!" ထို့နောက် သူ၏ ဝမ်းချုပ်ရောဂါကို သက်သာစေရန် မည်သို့ မည်ပုံ ကုသခဲ့သမျှ အကြောင်းအရာများကို အသေးစိတ် ရေရွတ် ပြောဆိုတော့သည်။
ကွမ်ဂဲလ်ကား နားမထောင်အား။ သူ၏ ခေါင်းထဲတွင် အတွေးနှစ်ခုက တခုကိုတခု အလှည့်ကျ တိုးဝှေ့ဖယ်ရှားရင်း စိုးမိုးနေခဲ့၏။ ထိုအရာများမှာ - သူ၌ သားတစ်ယောက် မရှိတော့ဆိုသည့် အတွေးနှင့် အန်နာ က "ရှေ့ဆောင်လမ်းပြကြီး ဖျုးဟား နဲ့ သူ တပည့်ကြီး" ဟု ပြောခဲ့သည့် စကားတို့ဖြစ်ကြသည်။ သားဖြစ်သူပေါ်တွင် ဖခင်တစ်ယောက် ချစ်ရမည့် နည်းလမ်းအတိုင်း သူ မည်သည့်အခါမျှ မချစ်ခဲ့ဖူးကြောင်း ကွမ်ဂဲလ် က မိမိကိုယ်ကို ဝန်ခံလိုက်သည်။ အော့တိုချန် မွေးဖွားလာချိန်မှစ၍ ထိုကလေးကို အန်နာနှင့် သူ၏ ဆက်ဆံရေးတွင် နှောင့်ယှက်ဖျက်ဆီးသူ၊ စိတ်အနှောင့်အယှက် ပေးသူတဦးအဖြစ်မှအပ အခြား မည်သို့မျှ မမြင်ခဲ့ဖူးပေ။
ယခုအချိန်၌ သူ့ထံတွင် ဝမ်းနည်းပူဆွေးမှု ရှိ နေသည် ဆိုက၊ ယင်းသည် အန်နာကို စိုးရိမ်ပူပန်မိ၍သာ ဖြစ်ပေလိမ့်မည်။ ထိုဆုံရှုံးမှုကို သူမ မည်သို့ရင်ဆိုင်မည်နည်း၊ ၎င်းတို့နှစ်ဦးအကြား မည်သည့်အရာများ ပြောင်းလဲသွားတော့မည်နည်း။ ထိုသို့ ပြောင်းလဲမှု၏ ပထမဆုံး အစအနကိုပင် သူ ကြုံတွေ့ခဲ့ရပြီးပြီ ဖြစ်သည်— "ဒါ ရှင့်ရဲ့ ဖျုးရာ ကြောင့်လေ" တဲ့။
တကယ်တော့ ဟစ်တလာသည် သူ့ဖျုးရာ မဟုတ်သလို၊ အန်နာ့ကမှ သူ့ဖျူးရာ ပိုဖြစ် နိုင် သေးသည်။ ၎င်း၏ လက်သမားလုပ်ငန်းလေး ပျက်စီးသွားခဲ့ပြီးနောက် သူ နှင့် အင်နာ အား ခက်ခဲသော ဒုက္ခနွံအတွင်းမှ ဆွဲထုတ်ပေးခဲ့သူမှာ ဟစ်တလာဖြစ်သည်ဟု နှစ်ဦးစလုံး အမြဲတမ်း သဘောတူညီခဲ့ကြသည်။ လေးနှစ်တိုင်တိုင် အလုပ်လက်မဲ့ ဖြစ်ခဲ့ရပြီးနောက် ၁၉၃၄ ခုနှစ်တွင် ကွမ်ဂဲလ်သည် ပရိဘောဂစက်ရုံကြီး၏ အလုပ်ခွင်ကြီးကြပ် ရေး မှုး ဖြစ်လာခဲ့ကာ တပတ်လျှင် မတ် ၄၀ ခန့် အိမ်သို့ ယူဆောင်လာနိုင်ခဲ့သည်။ ထိုဝင်ငွေဖြင့်လည်း ၎င်းတို့ အဆင်ပြေပြေ နေထိုင်နိုင်ခဲ့ကြသည်။
သို့သော်ငြားလည်း ၎င်းတို့သည် နာဇီပါတီသို့ မဝင်ရောက်ခဲ့ကြပေ။ အကြောင်းတခုမှာ ပါတီအဖွဲ့ဝင်ကြေး ပေးရခြင်းကို မနှစ်မြို့သောကြောင့် ဖြစ်သည်။ ဆောင်းရာသီ ကူညီထောက်ပံ့ရေး ရန်ပုံငွေသို့ မဖြစ်မနေ လှူဒါန်းရမှုများ၊ အမျိုးမျိုးသော အလှူငွေတောင်းခံမှုများနှင့် အလုပ်သမားတပ်ပေါင်းစု အစည်းအရုံး စသည်တို့ဖြင့်ပင် ၎င်းတို့ဘက်မှ လုံလောက်စွာ ထည့်ဝင်နေရပြီဟု ခံစားခဲ့ကြရသည်။ ဟုတ်ပေသည်၊ စက်ရုံတွင် သူ့အား အလုပ်သမားတပ်ပေါင်းစုထဲသို့ မရမက ဆွဲသွင်းခဲ့ကြခြင်းဖြစ်ရာ ထိုအချက်သည်ပင် ပါတီထဲမဝင်ရန် နှစ်ဦးစလုံး ဆုံးဖြတ်ခဲ့ကြသည့် အခြားသောအကြောင်းရင်း ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် အရပ်သား ရိုးရိုးပြည်သူများနှင့် ပါတီဝင်များအကြား ခွဲခြားဆက်ဆံပုံကို မျက်စိမှိတ်ထားလျှင်ပင် အထင်အရှား မြင်နိုင်သောကြောင့် ဖြစ်သည်။ ပါတီဝင်များထဲမှ အဆိုးဆုံးသူသည်ပင် ရိုးရိုးပြည်သူများထဲမှ အတော်ဆုံးသူထက် ၎င်းတို့အတွက် ပို၍ တန်ဖိုးရှိနေ၏။
ပါတီထဲ ရောက်သွားသည်နှင့် မိမိကြိုက်ရာကို လုပ်နိုင်ပြီး မည်သူမျှ အပြစ်မဆို၊ မေးခွန်းမထုတ်နိုင်ဟု ထင်ရသည်။ ထိုအရာကို ၎င်းတို့က "သစ္စာတရားကို သစ္စာတရားဖြင့် တုံ့ပြန်ခြင်း" ဟု ခေါ်ဆိုကြလေသည်။
ဖိုမင် ကွန်ဂယ်လ်သည် အလုပ်ထဲတွင် အညီအမျှရှိမှုနှင့် တရားမျှတမှုကို နှစ်သက်သူဖြစ်သည်။ သူ့အတွက် လူတယောက်သည် ပါတီဝင်ဖြစ်ဖြစ် မဖြစ်ဖြစ် လူတယောက်သာပင် ဖြစ်သည်။ သို့သော် ကွန်ဂယ်လ် အလုပ်ခွင်တွင် အမြဲလိုလို ကြုံတွေ့နေရသည်က ဥပမာ အလုပ်သမား တယောက်သည် အသေးအဖွဲ အမှားတစ်ခုအတွက် ပြင်းပြင်းထန်ထန် အပြစ် ပေးခံရပြီး ထိုကဲ့သို့ အမှားမျိူး ကျူးလွန်သူ အခြားတယောက်ကမူ ပါတီဝင် ဖြစ်သည့် အတွက် ခွင့်လွှတ်ခံရသည်။ ဤအခြေအနေများက သူ့ကို အမြဲ လို စိတ်ညစ်ညူး စေခဲ့သည်။ သူသည် အောက်နှုတ်ခမ်းကို ကိုက်ကာ အံကို တင်းတင်း ကြိတ် နေရတတ်သည်။
အင်နာ သည် သူစိတ်တွင် ဖြစ် နေသည်ကို ကောင်းစွာ သိထားသူ ဖြစ်သည်။ ထို့ကြောင့် "ရှင်နဲ့ ရှင့် ဖျူးရာ!" ဟု မပြောသင့်။ သူတို့သည် ကွမ်ဂဲလ်ကို ဖိအားပေးနိုင်သလို အင်နာကို တော့ ဖိအားပေးနိုင်မည် မဟုတ်ပေ။ သူသည် အင်နာ၏ ရိုးရှင်းမှု၊ နှိမ့်ချမှုနှင့် သူမ ရုတ်တရက် ပြောင်းလဲသွားပုံကို နားလည်နိုင်သည်။ သူမသည် ဘဝ တလျှောက်လုံး အိမ်ဖော်အဖြစ် အလုပ်လုပ်ခဲ့ရသည်။ ပထမ ရွာတွင် ဖြစ်ပြီး၊ နောက်ပိုင်း ဘာလင်မြို့တွင် ဖြစ်သည်။ တသက်လုံး "ဒါလုပ်၊ ဟိုလုပ်" ဟူသော အမိန့်များကိုသာ နားထောင်ခဲ့ရသည်။ လင်မယားဘဝတွင်လည်း သူမတွင် ဆုံးဖြတ်ခွင့် အနည်းငယ်သာ ရှိခဲ့သည်။ သူက အမြဲ အမိန့်ပေး နေခဲ့ခြင်း မဟုတ် သော်လည်း ၊ အဓိက ဝင်ငွေရှာသူ ဖြစ်သောကြောင့် အရာရာသည် သူဖြစ်စေချင်သလိုသာ လည်ပတ် နေခဲ့သည်။
သို့သော် ယခုမူ အော့တိုချန် ဆုံးပါးသွားခဲ့ပြီဖြစ်ရာ ယင်းဆုံရှုံးမှုသည် သူမအား မည်မျှပြင်းထန်စွာ ရိုက်ခတ်သွားခဲ့သည်ကို အော့တို ကွမ်ဂဲလ် ခံစားသိရှိနေသည်။ အဝါရောင်သန်းနေသော သူမ၏ မျက်နှာကို သူ၏ရှေ့မှောက်တွင် မြင်ယောင်နေရသလို၊ သူမ၏ အပြစ်တင်စွပ်စွဲသံကိုလည်း သူ ကြားနေရသည်။ ထို့ပြင် ယခုလို ပုံမှန် မဟုတ်သည့် အချိန်အခါမျိုး၌ ဤ ဘော့ဟားဆင် ဆိုသည့် လူနှင့်အတူ လျှောက်လာခဲ့ရပြန်သည်၊ ဒီညတွင်လည်း ထရူးဒယ် ရောက်လာတော့မည်ဖြစ်၍ မျက်ရည်စက်များ ဆုံးစမရှိသော စကားဝိုင်း ဖြစ်လာပေတော့မည်။
အော့တို ကွမ်ဂဲလ်သည် သူ၏ ဘဝတွင် စနစ်တကျ နေထိုင်ဖို့ နှင့် အလုပ်တွင် စည်းစနစ်ကျမှုကိုသာ နှစ်သက်သူဖြစ်ရာ နေ့တနေ့သည် မည်သည့် အဖြစ်အပျက်မျှ မရှိဘဲ ပုံမှန်အတိုင်း ကုန်လွန်သွားလေလေ၊ သူ ပို၍ သဘောကျလေလေ ဖြစ်သည်။ တနင်္ဂနွေ အလုပ်ပိတ်ရက် ပေါ့ပေါ့ပါးပါး နေရသည်ပင်လျှင် အနှောင့်အယှက်တခုကဲ့သို့ ဖြစ်နေတတ်သည်။
ယခုမူ ရှေ့လျှောက် အရာရာသည် ဇောက်ထိုးမိုးမျှော် ဖြစ်ကုန်တော့မည်ဟု ထင်ရသလို၊ အင်နာ သည်လည်း ယခင်က သူမ၏ ပုံစံအတိုင်း ပြန်လည်ဖြစ်လာတော့မည် မဟုတ်ပေ။