ထရမ့်၏ အမုန်းကို တောင့်တနေကြသော အရှေ့အလယ်ပိုင်း

by Hla Soewai - Nov 10 2026

အကယ်၍ သမ္မတ ဒေါ်နယ်ထရမ့်သည် အရှေ့အလယ်ပိုင်းဒေသကို အမှန်တကယ် မနှစ်မြို့သူသာ ဖြစ်ခဲ့မည်ဆိုလျှင်၊ ပဋိပက္ခများ၊ မတည်ငြိမ်မှုများ ရင်ဆိုင်နေရသော ထိုဒေသအတွက် ပို၍ပင် အကျိုးရှိနိုင်ပေလိမ့်မည်။ အခြားသမ္မတများ၏ ဒုတိယသက်တမ်းများတွင် ဖြစ်ပေါ်တတ်သကဲ့သို့ အစ္စရေး၊ အီရန် သို့မဟုတ် ပါရှန်ပင်လယ်ကွေ့ဒေသရှိ အာရပ်ဘုရင်စနစ်နိုင်ငံများအပေါ် အထင်အမြင် သေးခဲ့မည်ဆိုလျှင်၊ ယခုအချိန်တွင် ထိုဒေသနှင့် ပတ်သက်မှုများကို လက်လွှတ်ပြီး နောက်ဆုတ်ရန် ကြိုးစားနေလောက်ပြီဖြစ်သည်။

 

သို့သော် ယခုအခါ အီရန်နှင့် ၎င်း၏ အိမ်နီးချင်းနိုင်ငံများအပေါ် စစ်ပွဲအရိပ်အယောင်များ တဖန်ပြန်လည် ကျရောက်လာနေသည့်အချိန်တွင် ထရမ့်မှာမူ ထိုဒေသ၏ အရေးကိစ္စများအတွင်း ဝင်ရောက် မစွက်ဖက်ဘဲ မနေနိုင်အောင် ဖြစ်နေသည်။

 

မကြာသေးမီအချိန်အထိ အရှေ့အလယ်ပိုင်းဒေသရှိ အုပ်ချုပ်သူများသည် ထရမ့်မိသားစုနှင့် အိမ်ထောင်ဦးစီးဖြစ်သူ ဒေါ်နယ်ထရမ့်၏ အာရုံစိုက်မှုကို အလွန်နှစ်သက်ခဲ့ကြသည်။ နောက်ဆုံးတွင် ၎င်းတို့၏ သံမဏိလက်သီးဖြင့် အုပ်ချုပ်သည့် အာဏာရှင်ဆန်သော အုပ်ချုပ်ရေးပုံစံကို ချီးကျူးထောက်ခံသည့် အမေရိကန်သမ္မတတဦးကို ရရှိလာခဲ့ကြ သော ကြောင့် ဖြစ်သည်။ ထို့ပြင် နိုင်ငံခြားဆက်ဆံရေးကိုလည်း အပြန်အလှန်အကျိုးအမြတ်နှင့် ငွေကြေးအကျိုးအမြတ်အပေါ် အခြေခံ၍သာ ချဉ်းကပ်သည့် ၎င်းတို့၏ သဘောထားနှင့်လည်း ထရမ့်၏ အမြင်က တူညီနေသည်။

 

၎င်းတို့၏ နန်းတွင်းအလှဆင် ဒီဇိုင်းများပင် ထရမ့်၏ စိတ်ကြိုက်နှင့် ကိုက်ညီနေသည်။ “အပြစ်ဆိုစရာမရှိအောင် ပြီးပြည့်စုံတဲ့ စကျင်ကျောက်တွေကို ကျွန်တော် တွေ့နေရတယ်။ ဒါကို သူတို့က ‘Perfecto’ လို့ ခေါ်ကြတာပဲ” ဟု ပြီးခဲ့သည့်နှစ်က ကာတာနိုင်ငံ အမီရ်ဘုရင်၏ နန်းတော်ကို လှည့်လည်ကြည့်ရှုစဉ် အမေရိကန်သမ္မတက အလွန်နှစ် ထောင်း အားရသဘောကျစွာ ပြောဆိုခဲ့သည်။

 

ထိုခရီးစဉ်အတွင်းပင် ၂၀၂၅ ခုနှစ် မေလက ဆော်ဒီအာရေဗျနိုင်ငံ မြို့တော် ရီယာ့ဒ်၌ မိန့်ခွန်းပြောကြားရာတွင် ထရမ့်က ပင်လယ်ကွေ့ဒေသခေါင်းဆောင်များ စုပေါင်းဖန်တီးခဲ့သည့် “အံ့ဖွယ်အောင်မြင်မှု” ကို ချီးကျူးပြောဆိုခဲ့သည်။ ထိုအခါ ပင်လယ်ကွေ့ဒေသခေါင်းဆောင်များကလည်း အူလှိုက်သည်းလှိုက် လက်ခုပ်သံ တဖျောင်းဖျောင်း တီးခဲ့ကြသည်။ အမှန်တကယ်ပင် စိတ်ရင်းမှန်ဖြင့် အားပေးလာခဲ့ခြင်းဖြစ်သည်။

 

ထိုမိန့်ခွန်းပြောကြားခဲ့ပြီး ၁၇ လအကြာ ယခုအချိန်တွင် အဘူဒါဘီ၊ ဒိုဟာနှင့် ဒူဘိုင်းကဲ့သို့သော မြို့ကြီးများ၌ ရီယာ့ဒ်မိန့်ခွန်းကို ဝမ်းနည်းကြေကွဲမှု၊ စိတ်ပျက်ဒေါသ ထွက်မှု များဖြင့် ပြန်လည်အမှတ်ရနေကြသည်။

 

အစိုးရအရာရှိများ၊ ပညာရှင်များနှင့် ရင်းနှီးမြှုပ်နှံသူများသည် အီရန်အပေါ် အမေရိကန်နှင့် အစ္စရေးတို့၏ စစ်ပွဲ အကြောင်း ဒေါသတကြီး ပြောဆိုနေကြသည်။ အကြောင်းမှာ ထိုစစ်ပွဲသည် ထရမ့်က အလွန်နှစ်သက်ကြောင်း ပြောဆိုထားသည့် ၎င်းတို့၏ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးပုံစံကို ဖျက်ဆီးပစ်ခဲ့သော ကြောင့်ပင် ဖြစ်သည်။

 

ဆော်ဒီအာရေဗျနိုင်ငံတွင် မိန့်ခွန်းပြောကြားစဉ် ထရမ့်သည် ကမ္ဘာ့အစီအစဉ်တရပ် ရေရှည်တည်တံ့ခိုင်မြဲနိုင်ရန် မည်သည့်အချက်များ လိုအပ်သည်ဟူသော သူ၏ ယုံကြည်ချက်များကို ထင်ဟပ်စေသည့် အရှေ့အလယ်ပိုင်းဒေသ အုပ်ချုပ်သူများ၏ အောင်မြင်မှုကြီးနှစ်ရပ်ကို အထူးချီးကျူးဂုဏ်ပြုခဲ့သည်။

 

ပထမအချက်အနေဖြင့် ထိုဒေသသည် မိမိတို့နိုင်ငံအပေါ် ဂုဏ်ယူမြတ်နိုး တတ်မှု နှင့် ရိုးရာအစဉ်အလာတန်ဖိုးများအပေါ် သစ္စာရှိရှိ ဆက်လက်ထိန်းသိမ်းခြင်းတို့အတွက် ချီးကျူးခဲ့သည်။

 

" ၎င်းတို့ ဘယ်လိုနေထိုင်ရမယ်ဆိုတာ လာရောက်ဆုံးမသွန်သင်နေကြတဲ့ ပြင်ပကလူတွေကို လျစ်လျူရှုထားခြင်းအားဖြင့် အရှေ့အလယ်ပိုင်းဒေသ အုပ်ချုပ်သူတွေဟာ အောင်မြင်တိုးတက်လာခဲ့ကြတာပါ” ဟု မစ္စတာထရမ့်က စိတ်အားထက်သန်စွာ ပြောကြားခဲ့သည်။

 

ဒုတိယအချက်အနေဖြင့် ထရမ့်သည် အရှေ့အလယ်ပိုင်းဒေသရှိ အကြွင်းမဲ့အာဏာပိုင် ဘုရင်များနှင့် ခေါင်းဆောင်များ၏ ငွေကြေးချမ်းသာမှုအပေါ် နှစ်သက်မြတ်နိုးသည့် သဘောထားကို ချီးကျူးခဲ့သည်။

 

အထူးသဖြင့် ၎င်းတို့သည် စီးပွားရေးကြွယ်ဝချမ်းသာမှုမှတဆင့် ငြိမ်းချမ်းရေးကို ရှာဖွေကြိုးပမ်းခြင်းနှင့် ပင်လယ်ကွေ့ဒေသ၏ အားသာချက်ဖြစ်သော အကျိုးအမြတ်များပြားသည့် ကုန်သွယ်ရေး၊ ရေကြောင်းသယ်ယူပို့ဆောင်ရေးနှင့် လေကြောင်းခရီးစဉ် လမ်းကြောင်းများ ဆုံချက်နေရာတွင် တည်ရှိမှုကို အကျိုးရှိရှိ အသုံးချနိုင်ခြင်းတို့အတွက် ချီးကျူးဂုဏ်ပြုခဲ့သည်။

 

ထရမ့်က အနာဂတ်ကို ပုံဖော်တည်ဆောက်နေသည့် အရှေ့အလယ်ပိုင်းဒေသတခု အဖြစ်လည်း ပုံဖော်ပြောဆိုခဲ့သည်။ ထိုဒေသတွင် တောက်ပခမ်းနားသော မြို့ကြီးများ၊ နည်းပညာကုမ္ပဏီများနှင့် ဖော်မြူလာဝမ်း ပြိုင်ကားကွင်းများ ရှိနေပြီး၊ အနာဂတ်ကို စီးပွားရေးလုပ်ငန်းများအပေါ် အခြေခံ၍ တည်ဆောက်နေကြသည်။ ယင်းသည် “အတိတ်ကာလ၏ ရှေးဟောင်းပဋိပက္ခများနှင့် ဟောင်းနွမ်းနွမ်းနယ်နေပြီဖြစ်သော သဘောထားကွဲလွဲမှုများ” အပေါ် အခြေခံသည့် အနာဂတ်မျိုး မဟုတ်ကြောင်း ထရမ့်က ဆိုလိုခဲ့ခြင်း ဖြစ်သည်။

 

အီရန်စစ်ပွဲ မဖြစ်မီအထိ အရှေ့အလယ်ပိုင်းဒေသ၏ ဖွံ့ဖြိုးတိုးတက်လာမှုသည် ထရမ့် အနှစ်သက်ဆုံးသော အယူအဆနှစ်ရပ်စလုံး လက်တွေ့တွင် မျှော်မှန်းထားသည့်အတိုင်း အောင်မြင်စွာ အကောင်အထည်ပေါ်လာနေသည့်ပုံ မျိုး ဖြစ်ခဲ့သည်။

 

ထိုဒေသသည် အာဏာရှင်ဆန်သော အုပ်ချုပ်သူများက ခမ်းနားထည်ဝါသည့် နန်းတော်များကို တည်ဆောက်နေကြပြီး၊ မိမိတို့ခြေထောက်အောက်ရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့သိုက်များမှ ကြီးမားသော ကြွယ်ဝချမ်းသာမှုများကို ရယူခံစားနေကြသည့် ဒေသတခုဖြစ်သည်။ တချိန်တည်းမှာပင် ကမ္ဘာတဝန်းနှင့် ချိတ်ဆက်ထားပြီး လှုပ်ရှားသက်ဝင် နေသော ကွန်တိန်နာဆိပ်ကမ်းများနှင့် အပြည်ပြည်ဆိုင်ရာ လေဆိပ်များ တည်ရှိရာ ဒေသလည်း ဖြစ်သည်။

 

ကာတာ၊ ဆော်ဒီအာရေဗျနှင့် အာရပ်စော်ဘွားများပြည်ထောင်စု (UAE) ကဲ့သို့ သဘာဝသယံဇာတ ကြွယ်ဝသည့် နိုင်ငံများသည် ၎င်းတို့၏ စီးပွားရေးကို ရေနံနှင့် သဘာဝဓာတ်ငွေ့အပေါ် မှီခိုနေရမှုမှ လျှော့ချပြီး ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်လာစေရန် ကြိုးပမ်းနေကြသည်။

 

၎င်းတို့ပိုင်ဆိုင်ထားသည့် ဈေးနှုန်းသက်သာသော စွမ်းအင်အရင်းအမြစ်များ၊ အသုံးချနိုင်သေးသည့် မြေလွတ်မြေရိုင်းများနှင့် အခြားသယံဇာတများကို ထိရောက်စွာ အသုံးချကာ ဉာဏ်ရည်တု (AI) ဒေတာစင်တာများနှင့် အနာဂတ်စက်မှုလုပ်ငန်းများအတွက် အခြားအချက်အချာကျသည့် ဗဟိုဌာနများကို တည်ဆောက်ရန် ၎င်းတို့က စီမံကိန်းများ ရေးဆွဲထားကြသည်။

 

ယခုအခါ ထရမ့်၏ အီရန် စစ်ပွဲကြောင့် ထိုဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်အားလုံးအပေါ် မေးခွန်းထုတ်စရာ ဖြစ်လာခဲ့သည်။ ထို့အပြင် သူ၏ အမြင်သဘောထားနှင့် ဆန့်ကျင်ကွဲလွဲမှုတခုကိုလည်း ယင်းစစ်ပွဲက ဖော်ထုတ်ပြသခဲ့သည်။

 

အောင်မြင်သော လူ့အဖွဲ့အစည်းများ တည်ဆောက်ရေးအတွက် မလျှော့တမ်း ဆုပ်ကိုင်ထားသော အမျိုးသားရေးဝါဒသည် အခြေခံအုတ်မြစ်ဖြစ်သည်ဟူသော ၎င်း၏ ချီးကျူးထောက်ခံမှုနှင့်၊ အပြန်အလှန် စီးပွားရေးကြွယ်ဝချမ်းသာမှုမှတဆင့် ကမ္ဘာကြီးကို ငြိမ်းချမ်းသာယာစေရန် သူ၏ မျှော်မှန်းချက်တို့အကြားတွင် ဖြေရှင်းရန်ခက်ခဲသော အခြေခံဆန့်ကျင်ကွဲလွဲမှုတရပ် ရှိနေသည်။

 

အမျိုးသားရေးဝါဒကို အလွန်အကျွံ အားပေးခြင်းက နိုင်ငံတကာပဋိပက္ခများကို ဖြစ်ပေါ်စေနိုင်ပြီး၊ ထိုပဋိပက္ခ များကပင် ၎င်းလိုလားသည့် စီးပွားရေးကြွယ်ဝမှုနှင့် ကမ္ဘာ့ငြိမ်းချမ်းရေးကို တဖန် ဖျက်ဆီးပစ်နိုင်သည် ဆိုခြင်းပင် ဖြစ်သည်။

 

အထူးသဖြင့် အရှေ့အလယ်ပိုင်းဒေသတွင် ရန်လိုပြင်းထန်ပြီး နိုင်ငံတကာစည်းမျဉ်းများကို အလေးမထားသည့် အစွန်းရောက် အမျိုးသားရေးဝါဒီများသည် ငြိမ်းချမ်းရေးနှင့် ကြွယ်ဝချမ်းသာမှုကို တည်ဆောက်သူများမဟုတ်ဘဲ ဖျက်ဆီးသူများသာ ဖြစ် နေကြသောကြောင့် ဖြစ်သည်။

 

မိမိနိုင်ငံ၏ ကိုယ်ကျိုးစီးပွားကို အခိုင်အမာ ဦးစားပေးဆောင်ရွက်ခြင်းသည် နိုင်ငံတကာတည်ငြိမ်ရေးအတွက် လမ်းညွှန်စံပြပုံစံဖြစ်သည်ဟု ထရမ့်က ယုံကြည်ကောင်း ယုံကြည်နေပေမည်။ သို့သော် အစ္စရေးနိုင်ငံမှ ဘင်ဂျမင် နေတန်ယာဟု၊ အီရန်နိုင်ငံရှိ အစ္စလာမ္မစ်အစိုးရနှင့် ယီမင်နိုင်ငံမှ ဟူသီသူပုန်များ၏ အိမ်နီးချင်းဖြစ်သော ပင်လယ်ကွေ့နိုင်ငံများအတွက်မူ ထိုအယူအဆသည် လက်တွေ့အခြေအနေနှင့် လုံးဝကွဲလွဲနေသည်။

 

သို့သော် ပင်လယ်ကွေ့ဒေသ၏ ရှုထောင့်မှ ကြည့်လျှင် အစ္စရေးခေါင်းဆောင်များ၊ အီရန်ခေါင်းဆောင်များနှင့် ဟူသီသူပုန်ခေါင်းဆောင်များသည် နိုင်ငံရေးအရ အလွန်ကွဲပြားခြားနားသည့် အင်အားစုများဖြစ်ကြသော်လည်း ၎င်းတို့အားလုံးကို ဆက်စပ်ပေးနေသည့် ဘုံလက္ခဏာတရပ် ရှိနေသည်။

 

၎င်းတို့အားလုံးသည် ကျဉ်းမြောင်းသော အယူဝါဒဆိုင်ရာ၊ ဘာသာရေးဆိုင်ရာနှင့် ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာ ယုံကြည်ချက်များကို အခြေခံ၍ လူထုထောက်ခံမှုနှင့် တရားဝင်အုပ်ချုပ်ခွင့်ကို ရရှိရန် ကြိုးပမ်းနေကြသည်ဟု ရှုမြင်ခံထားရသူ များ ဖြစ်သည်။ (ထရမ့်၏ အသုံးအနှုန်းအရဆိုလျှင် “အတိတ်ကာလ၏ ရှေးဟောင်းပဋိပက္ခများနှင့် ဟောင်းနွမ်းနွမ်းနယ်နေပြီဖြစ်သော သဘောထားကွဲလွဲမှုများ” ကို အခြေခံနေကြခြင်းဖြစ်သည်။)

 

ထို့အပြင် ၎င်းတို့၏ ရည်မှန်းချက်များကို ကာကွယ်ရန်နှင့် ပိုမိုတိုးတက်အောင် အကောင်အထည်ဖော်ရန်အတွက် အင်အားသုံးဆောင်ရွက်ရန်လည်း အသင့်ရှိနေကြသည်။

 

ပဋိပက္ခများသည် ပင်လယ်ကွေ့ဒေသက အနာဂတ်ကြွယ်ဝချမ်းသာမှုကို ဖန်တီးပေးလိမ့်မည်ဟု မျှော်လင့်ထားသည့် စီးပွားရေးလုပ်ငန်းများအတွက် အထူးသဖြင့် အလွန်အန္တရာယ်ကြီးမားသော ထိခိုက်ပျက်စီးမှုများကို ဖြစ်ပေါ်စေသည်။

 

စကျင်ကျောက်များဖြင့် အလှဆင်ထားသည့် ခမ်းနားထည်ဝါသော နန်းတော်များကို ခံတပ်များကဲ့သို့ ခိုင်ခံ့အောင် ကာကွယ်နိုင်သည်။ ရေနံနှင့် သဘာဝဓာတ်ငွေ့တွင်းများကိုလည်း အမေရိကန်၏ စစ်အင်အားက ကျောထောက် နောက်ခံပြုထားသည့် စစ်တပ်များဖြင့် လုံခြုံအောင် ကာကွယ်နိုင်သည်။

 

သို့သော် အီရန်၏ ဒရုန်းများ သို့မဟုတ် ဟူသီတို့၏ ဒုံးကျည်များကြောင့် ပင်လယ်ကွေ့ဒေသ၏ ရေကြောင်းသယ်ယူပို့ဆောင်ရေး လမ်းကြောင်းများ ပိတ်ဆို့သွားခြင်း၊ လေဆိပ်များကို တိုက်ခိုက် ဖျက်ဆီးခြင်း သို့မဟုတ် ဒေတာစင်တာများကို ဗုံးကြဲတိုက်ခိုက်ခြင်းတို့ ဖြစ်ပေါ်လာသည့်အခါ—ယခုနှစ်အတွင်း ထိုသို့သော ဖြစ်ရပ်များ အကြိမ်ကြိမ် ဖြစ်ပွားခဲ့သကဲ့သို့—ထိုပျက်စီးဆုံးရှုံးမှုများသည် တိုက်ခိုက်ခံရသည့် နေရာတခုတည်းတွင်သာ အကန့်အသတ်ရှိမနေတော့ပေ။

 

အရှေ့အလယ်ပိုင်းဒေသ အုပ်ချုပ်သူများသည် မည်သည့်နေရာသို့မဆို အလွယ်တကူ ပြောင်းရွှေ့နိုင်သည့် နိုင်ငံခြားသားများကို ၎င်းတို့၏ နိုင်ငံများသို့ ဆွဲဆောင်လိုကြသည်။ ထိုသူများတွင် ရင်းနှီးမြှုပ်နှံသူများ၊ ကုန်သွယ်ရေးသင်္ဘောလုပ်ငန်းရှင်များ၊ လေကြောင်းခရီးသည်များနှင့် အခွန်နှုန်းထားသက်သာပြီး ခမ်းနားတောက်ပသော မြို့ကြီးများတွင် မိသားစုနှင့်အတူ အခြေချနေထိုင်လို ကြသည့် နိုင်ငံခြားသားများ ပါဝင်သည်။

 

ပင်လယ်ကွေ့ဒေသတွင် ဒေတာစင်တာများ၌ လေကြောင်းရန်ကာကွယ်ရေးစနစ်များ တပ်ဆင်ရန် သို့မဟုတ် ဒေတာစင်တာများကို မြေအောက်၌ တည်ဆောက်ရန် စီစဉ်နေကြောင်း ရဲရဲတင်းတင်း ပြောဆိုနေကြသည်။

 

သို့သော် လေဆိပ်များကိုတော့ မြေအောက်၌ မြှုပ်နှံတည်ဆောက်၍ မရနိုင်ပေ။ ပင်လယ်ရေကို သောက်သုံးရေအဖြစ် ပြောင်းလဲပေးသည့် ရေချိုချက်စက်ရုံများကိုလည်း ထိုနည်းတူ မြေအောက်၌ မြှုပ်နှံထား၍ မရနိုင်ပေ။

 

ထိုကဲ့သို့သော အရေးပါသည့် အခြေခံအဆောက်အအုံများကို မကြာခဏ တိုက်ခိုက်ဖျက်ဆီးခံနေရပါက စီးပွားရေးလုပ်ငန်းများသည် ထိုဒေသမှ ထွက်ခွာပြီး အခြားလုံခြုံစိတ်ချရသည့် နေရာများသို့ ပြောင်းရွှေ့သွားကြမည်ဖြစ်သည်။

 

ပင်လယ်ကွေ့ နိုင်ငံများက အမေရိကန်နှင့် အစ္စရေးတို့က အီရန်အပေါ် ဆင်နွှဲနေသည့် စစ်ပွဲသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုပုံစံတခုအဖြစ် ချိတ်ဆက် ဆက်သွယ်မှု Connectivity ကို တိုက်ခိုက်နေခြင်းဟု ရှူမြင်နိုင်ပေသည်။

 

ပင်လယ်ကွေ့နိုင်ငံတနိုင်ငံမှ အစိုးရအရာရှိတဦးက ၎င်းတို့ခေါင်းဆောင်တဦး၏ ညည်းတွားပြောဆိုချက်ကို ပြန်လည်ပြောပြသည်။ ထိုခေါင်းဆောင်က “ကျွန်တော့်နိုင်ငံကို မြေပြင်ကနေ ဆွဲယူပြီး လက်တင်အမေရိကတိုက်ဆီ ရွှေ့ပြောင်းထားလို့ရမယ်ဆိုရင် ထားလိုက်ချင်တယ်။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ ကျွန်တော့်ရဲ့ မွေးရပ်မြေဟာ အီရန်နိုင်ငံနဲ့ အမြန်မောင်းမော်တော်ဘုတ်စီးရင် ၄၅ မိနစ်ပဲ ဝေးတယ်” ဟု ဆိုခဲ့သည်။

 

ပင်လယ်ကွေ့ဒေသရှိ အစိုးရအရာရှိအများအပြားသည် မိမိတို့နိုင်ငံများကို အီရန်က တိုက်ခိုက်ခဲ့သည့်အတွက် အီရန်အပေါ် ဒေါသထွက်နေကြသော်လည်း တချိန်တည်းမှာပင် ထိုနိုင်ငံနှင့် ဆက်ဆံရေးကို ပြန်လည်ပုံမှန်ဖြစ်စေရန် အလွန်ပင် လိုလားနေကြသည်။

 

အီရန်က ဟော်မုဇ်ရေလက်ကြားကို ဆက်လက်ထိန်းချုပ်ထားပြီး ထိုရေလက်ကြားကို ဖြတ်သန်းသွားလာလိုသည့် နိုင်ငံများထံမှ အကာအကွယ်ပေးခဟုဆိုကာ ငွေကြေးတောင်းခံသည့် ဓားပြဂိုဏ်းတခုကဲ့သို့ ပြုမူလာနိုင်မည့် သဘောတူညီချက်မျိုးကိုလည်း ၎င်းတို့က အလွန်စိုးရိမ် နေကြသည်။

 

သို့သော် အီရန်အစိုးရကို အင်အားသုံးဖြုတ်ချရန် ကြိုးပမ်းခြင်းထက် အီရန်နိုင်ငံကို ကမ္ဘာ့ကုန်သွယ်ရေးစနစ်အတွင်း ပါဝင်ပတ်သက်လာစေလိုကြသည်။ ထိုသို့ဖြစ်လာပါက ကုန်သွယ်ရေးလမ်းကြောင်းများကို ပွင့်လင်းလုံခြုံစွာ ဆက်လက်ထိန်းသိမ်းထားရန် အီရန်နိုင်ငံကိုယ်တိုင်တွင်လည်း အကျိုးစီးပွားနှင့် လှုံ့ဆော်မှုများ ရှိလာမည်ဖြစ်သည်။

 

ဒိုဟာနှင့် ဒူဘိုင်းမြို့များတွင် မကြာခဏ ကြားရသည့် အမြင်တခုမှာ တင်းကျပ်ချွေတာသော လူနေမှုပုံစံကို ကျင့်သုံးပြီး အစွန်းရောက်ဝါဒကို စွဲကိုင်ထားသည့် အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) သည် အဆုံးမရှိသော ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် ဆုံးရှုံးစရာ သိပ်မရှိသည့် အဖွဲ့အစည်းဖြစ်သည်ဟု ပြောဆို နေကြခြင်း ဖြစ်သည်။

 

ထိုဒေသအတွက် မျှော်လင့်ချက် အနည်းငယ်မျှ လောက် ရှိလာနိုင်ရန်အတွက် အီရန်နိုင်ငံတွင် မိမိတို့ပြည်သူများအပေါ် ပိုမိုတာဝန်ခံမှုရှိပြီး ပြည်သူတို့၏ ကောင်းကျိုးချမ်းသာကို အလေးထားသည့် နိုင်ငံရေးခေါင်းဆောင်များ လိုအပ်ကြောင်း ပင်လယ်ကွေ့ဒေသရှိ အိမ်နီးချင်းနိုင်ငံများက အခိုင်အမာ ပြောဆိုကြသည်။

 

သို့သော် ထရမ့်သည် နိုင်ငံ့ခေါင်းဆောင်များ တာဝန်ခံမှုရှိစေရေးကို စိတ်ဝင်စားမှုနည်းပါးသူဖြစ်သော်လည်း အီရန်အနေဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းကို ရွေးချယ်သင့်သည်ဟုတော့ ပြောဆိုထားသည်။

 

သို့ရာတွင် လက်ရှိအခြေအနေ၌ ၎င်း၏ တိုက်ခိုက်မှုများကြောင့် အီရန်ရှိ သဘောထားတင်းမာသော အင်အားစုများသည် ယခင်ကထက် ပိုမိုအားကောင်းလာခဲ့သည်။ ထို့ကြောင့်ပင် ပင်လယ်ကွေ့ဒေသတဝန်းတွင် စိတ်ပျက်လက်ပျက် ဖြစ်လာနေကြသည်။

 

တချိန်က ထရမ့်မှ ၎င်းတို့ကို ချီးကျူးဂုဏ်ပြုခဲ့စဉ် ပင်လယ်ကွေ့ဒေသ အုပ်ချုပ်သူများသည် အလွန်ပင် ဝမ်းမြောက်နှစ်သက်ခဲ့ကြသည်။ ယခုမူ ထရမ့်၏ ၎င်းတို့ဒေသကို အလွန်အမင်း ချစ်ခင်မြတ်နိုးလွန်းမှုသည် နောက်ဆုံးတွင် ထိုဒေသကိုပင် ပျက်စီးသွားစေနိုင်မည်ကို စိုးရိမ်နေကြရသည်။

 

(၂၀၂၆ အောက်တိုဘာ ၂၇ ရက်နေ့ထုတ် အီကောနော်မစ် မဂ္ဂဇင်းပါ "Donald Trump may love the Middle East to death" ဆောင်းပါးကို ပြန်လည် တင်ပြသည်။