#အရင်းရှင်ကရိုနီ များအား ကွန်မြူနစ် ပါတီထဲ သိမ်းသွင်းစည်းရုံးခြင်း
၁၉၈၉ ခုနှစ်နောက်ပိုင်း ပေါ်ပေါက်လာသော အာဏာရှင်လက်သစ်ဝါဒ ၏ ထူးခြားသည့် လက္ခဏာတရပ်မှာ တရုတ် ကွန်မြူနစ်ပါတီအနေဖြင့် ၎င်း၏ လူမှုအခြေခံအုတ်မြစ်ကို အလုပ်သမားများနှင့် တောင်သူလယ်သမားများထက် ကျော်လွန်ပြီး ပိုမိုကျယ်ပြန့်အောင် အောင်မြင်စွာ တိုးချဲ့နိုင်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ အလုပ်သမားနှင့် လယ်သမားနှစ်စုသည် ပါတီဝင်အများစုအဖြစ် ပါဝင်ခဲ့ကြသော်လည်း မော်စီတုန်းလွန်ခေတ်တွင် စီးပွားရေးဆိုင်ရာ အခွင့်အရေးများနှင့် နိုင်ငံရေးဩဇာလွှမ်းမိုးမှုများ အကြီးအကျယ် ဆုံးရှုံးခဲ့ရသူများလည်း ဖြစ်သည်။
၁၉၇၈ ခုနှစ် တိန့်ရှောင်းဖိန် ၏ ပြုပြင်ပြောင်းလဲရေး မစတင်မီ အကြိုကာလတွင် တောင်သူလယ်သမားများသည် ပါတီဝင်စုစုပေါင်း၏ ၄၇ ရာခိုင်နှုန်းရှိပြီး၊ အလုပ်သမားများသည် ၁၉ ရာခိုင်နှုန်းနီးပါး ရှိခဲ့သည်။ ပါတီဝင် သန်း ၃၇ သန်းအနက် ၁.၆ ရာခိုင်နှုန်းမျှသာ "ကျွမ်းကျင်ပညာရှင်များ၊ အရာရှိ ကေဒါ များနှင့် ကျောင်းသားများ" အဖြစ် သတ်မှတ်ခံခဲ့ရသည်။ ပါတီဝင်အများစုမှာ ပညာအရည်အချင်း နိမ့်ပါးကြသည်။ ၁၉၈၀ ပြည့်နှစ်တွင် ပါတီဝင်များ၏ ၁၁ ရာခိုင်နှုန်းမှာ စာမတတ်ကြ၊ ၄၅ ရာခိုင်နှုန်းမှာ မူလတန်းအဆင့်မျှသာ ပညာသင်ကြားဖူးပြီး၊ ၃ ရာခိုင်နှုန်းမျှသာ ကောလိပ်/တက္ကသိုလ်အဆင့် ပညာသင်ယူဖူးကြသည်။
ပါတီအနေဖြင့် ရပ်တည်ရှင်သန်ရေးအတွက် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ဗဟိုပြုသည့် နည်းဗျူဟာသို့ ပြောင်းလဲကျင့်သုံးလာသည်နှင့်အမျှ ပိုမိုကောင်းမွန်သော ပညာအရည်အချင်းနှင့် ပညာရပ်ဆိုင်ရာ အရည်အသွေးများရှိသည့် လူပုဂ္ဂိုလ်များကို သိမ်းသွင်းစည်းရုံးရန် လိုအပ်လာခဲ့သည်။ ရှုပ်ထွေးဆန်းပြားသော စီးပွားရေးကို စီမံခန့်ခွဲရာတွင် အသုံးဝင်မည့် ကျွမ်းကျင်မှု ပညာရပ်များ လိုအပ်သည့်အပြင်၊ ပါတီ၏ နည်းဗျူဟာမှာ မော်စီတုန်းခေတ်က ရန်သူ သို့မဟုတ် ခြိမ်းခြောက်မှုအဖြစ် ရှုမြင်ခဲ့သော လူမှုအသိုင်းအဝိုင်း၏ ထိပ်သီးအထက်တန်းလွှာများကိုပင် မိမိဘက်ပါအောင် သိမ်းသွင်းစည်းရုံးရန် ဖြစ်လာခဲ့သည်။
ဤနည်းဗျူဟာတွင် ပရိယာယ်ပါသော လှည့်ကွက် တခုလည်း ပါဝင်သည် - ယင်းမှာ ထို အသိုင်းအဝိုင်းမှ ဦးဆောင်သည့် အတိုက်အခံများ ပေါ်ပေါက်လာမှုကို ကြိုတင်ဟန့်တားလိုက်ခြင်းပင် ဖြစ်သည်။ လူမှုအဆင့်အတန်း မြင့်မားပြီး စီးပွားရေးအရင်းအမြစ် ပိုမိုကြွယ်ဝသည့် ထိပ်သီးအထက်တန်းလွှာများကို ဘေးဖယ်ထုတ်ထားပါက ယင်းအုပ်စုအား ရန်သူဖြစ်သွားစေနိုင်ပြီး အစိုးရစနစ်ကို ဆန့်ကျင်သူများအဖြစ်သို့ပင် ပြောင်းလဲသွားစေနိုင်သည်။
ပညာတတ်များနှင့် ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်များကို နှိပ်ကွပ်ခြင်းသည် ပါတီ၏ စီးပွားရေးကြိုးပမ်းအားထုတ်မှုများကို ထိခိုက်စေနိုင်သောကြောင့် ယင်းသို့နှိပ်ကွပ်သည့်နည်းလမ်းအစား၊ ၎င်းတို့ကို မိမိဘက်ပါအောင် သိမ်းသွင်းစည်းရုံးခြင်း ကသာ အကောင်းဆုံး ရွေးချယ်စရာ နည်းလမ်းဟု သတ်မှတ်လာခဲ့သည်။
လူမှုအသိုင်းအဝိုင်း ထိပ်သီးအထက်တန်းလွှာများကို မိမိဘက်ပါအောင် သိမ်းသွင်းစည်းရုံးသည့် ပါတီ၏ နည်းဗျူဟာ မူဘောင်ကို ကျယ်ကျယ် ပြန့်ပြန့် တိုးချဲ့ နိုင်ရန် ၁၉၉၄ ခုနှစ် စက်တင်ဘာလ ဗဟိုကော်မတီ၏ ပါတီတည်ဆောက်ရေးဆိုင်ရာ ဆုံးဖြတ်ချက်တွင် ချမှတ်ခဲ့သည်။ ပါတီ၏ သတ်မှတ်ထားသော သက်ဆိုင်ရာ ဦးစားပေး လုပ်ငန်းများထဲတွင် သစ္စာရှိပြီး အရည်အချင်းရှိသည့် လူငယ်အရာရှိ အမြောက်အမြားကို ခန့်အပ်ခြင်းနှင့် ရာထူးတိုးမြှင့်ပေးခြင်း၊ လူငယ်များနှင့် အမျိုးသမီးများအကြားမှ "ထူးချွန်သူများ" ကို ပါတီဝင်အဖြစ် စည်းရုံးသိမ်းသွင်းခြင်းတို့ ပါဝင်သည်။
စတင်ဆောင်ရွက်ချိန်တွင် ဤစည်းရုံးသိမ်းသွင်းရေး နည်းဗျူဟာ၏ အဓိကဇောက်ချ လုပ်ကိုင်ရမည်မှာ ပညာတတ်များ၊ အထူးသဖြင့် တက္ကသိုလ်ကျောင်းသားများကို ပါတီဝင်အဖြစ် စည်းရုံးခြင်းနှင့် ရာထူးတိုးမြှင့်ပေးခြင်းတို့ ဖြစ်သည်။ ၁၉၈၀ ပြည့်လွန်နှစ်များအတွင်း ဒီမိုကရေစီရေး လှုပ်ရှားမှုများကို ဦးဆောင်ရာတွင် ကျောင်းသားများ၏ ပါဝင်မှုအခန်းကဏ္ဍကြောင့် ပါတီအနေဖြင့် ၎င်းတို့အား မိမိဘက်ပါအောင် ဆွဲဆောင်ရန် လွန်စွာ စိတ်အား ထက်သန် နေခဲ့သည်။ (တက္ကသိုလ်ကျောင်းသားများကို ပါတီဝင်အဖြစ် စည်းရုံးရေး ပိုမိုအားကောင်းစေရန် ၂၀၀၅ ခုနှစ်တွင် ပါတီက သီးသန့် ညွှန်ကြားချက်တခု ပင် ထုတ်ပြန်ခဲ့သည်။)
ဥပမာအားဖြင့် - ထင်ရှားကျော်ကြားသော တီဆင်းဟွာတက္ကသိုလ် မှ ဘွဲ့ကြိုသင်တန်းတက်ရောက်နေသူ ကျောင်းသားများအနက် ပါတီဝင်ဖြစ်မှု အချိုးအစားမှာ ၁၉၉၅ မှ ၂၀၀၅ ခုနှစ်အတွင်း ၈.၃ ရာခိုင်နှုန်းမှ ၁၆.၅ ရာခိုင်နှုန်းအထိ နှစ်ဆ တိုးတက်လာခဲ့သည် (ဤအချိုးအစားမှာ ၂၀၁၁ ခုနှစ်တွင် ၂၉ ရာခိုင်နှုန်းအထိ ဆက်လက်မြင့်တက်ခဲ့သည်)။ ပါတီသည် အလုပ်အကိုင် အခွင့်အလမ်းများနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ တက်လမ်းများကို ထိန်းချုပ်ထားသဖြင့် အရည်အချင်းရှိပြီး ရည်မှန်းချက်ကြီးမားသော တက္ကသိုလ်ကျောင်းသားများကို ၎င်း၏ ပါတီဝင်အဆင့်အတန်းထဲသို့ ဝင်ရောက်လာစေရန် ဆွဲဆောင်ရာတွင် မည်သည့် အခက်အခဲမျှ မရှိခဲ့ပေ။
ပညာတတ်များကို ပါတီဝင်အဖြစ် စည်းရုံးသိမ်းသွင်းသည့် လုပ်ငန်းစဉ်မှာ ၁၉၉၀ ပြည့်လွန်နှစ်များအတွင်း လျှင်မြန်စွာ တိုးတက်အောင်မြင်ခဲ့ပြီး၊ တီယန်မင် အလွန် ကာလတွင် ကွန်မြူနစ်ပါတီ၏ ပါတီဝင်ဖွဲ့စည်းပုံ အချိုးအစားကို သိသိသာသာ ပြောင်းလဲပစ် နိုင် ခဲ့သည်။ ၁၉၉၀ ပြည့်နှစ်တွင် ပါတီဝင်များ၏ ၁၀.၃ ရာခိုင်နှုန်းမျှသာ ကောလိပ်/တက္ကသိုလ်အဆင့် သို့မဟုတ် ထိုထက်မြင့်သော ပညာအရည်အချင်း ရှိကြသည်။ ဆယ်စုနှစ်တစု အကြာတွင် ပါတီဝင်များ၏ ၂၁ ရာခိုင်နှုန်းမှာ ကောလိပ်/တက္ကသိုလ်အဆင့် သို့မဟုတ် ထိုထက်မြင့်သော ပညာအရည်အချင်း ရရှိထားပြီးသူများ ဖြစ်လာခဲ့ကြသည်။
၂၀၀၀ ပြည့်နှစ်သို့ ရောက်သောအခါ ပါတီ၏ ပုံသဏ္ဌာန်မှာ စတင်တည်ထောင်သူများပင် မမှတ်မိနိုင်တော့သည့် အနေအထားသို့ ရောက်ရှိလာခဲ့သည်။ စုစုပေါင်း ပါတီဝင် ၆၄.၅ သန်းအနက် အလုပ်သမားနှင့် လယ်သမား ပါတီဝင်အချိုးအစားမှာ ၄၄ ရာခိုင်နှုန်းခန့်သာ ရှိတော့သည် (၁၉၇၉ ခုနှစ်တွင် ၆၆ ရာခိုင်နှုန်း ရှိခဲ့ရာမှ လျော့ကျသွားခြင်းဖြစ်သည်။) တချိန်တည်းမှာပင် ကျွမ်းကျင်ပညာရှင် ပါတီဝင်အချိုးအစားမှာ (၁၉၇၈ ခုနှစ်တွင် ၁.၆ ရာခိုင်နှုန်းသာ ရှိခဲ့ရာမှ) ၁၉ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့သည်။
ပါတီအနေဖြင့် တက္ကသိုလ်ဘွဲ့ရများနှင့် ကျွမ်းကျင်ပညာရှင်များကို ပိုမိုစည်းရုံး ဝင်ရောက်စေခဲ့သည်နှင့်အမျှ ပါတီအတွင်းရှိ အလုပ်သမားနှင့် လယ်သမား ပါတီဝင်အချိုးအစားမှာ ဆက်လက်ကျဆင်းခဲ့သည်။ ၂၀၁၁ ခုနှစ်တွင် အလုပ်သမားနှင့် လယ်သမားများမှာ ပါတီဝင်စုစုပေါင်း၏ ၃၉ ရာခိုင်နှုန်းသာ ရှိတော့ပြီး၊ မန်နေဂျာများ၊ စီမံခန့်ခွဲသူများ (အချိန်ပြည့် ပါတီနှင့် အစိုးရအရာရှိများ မပါဝင်ပါ)၊ ကျွမ်းကျင်ပညာရှင်များနှင့် တက္ကသိုလ်ကျောင်းသားများ၏ အချိုးအစားမှာ ၂၇ ရာခိုင်နှုန်းအထိ ရှိလာခဲ့သည်။ ပါတီဝင်စုစုပေါင်း၏ ၄၀ ရာခိုင်နှုန်းနီးပါးမှာ ကောလိပ်/တက္ကသိုလ်အဆင့် သို့မဟုတ် ထိုထက်မြင့်မားသော ပညာအရည်အချင်း ရရှိထားသူများ ဖြစ်လာခဲ့ကြသည်။
ပါတီအနေဖြင့် ပညာတတ်များကို မိမိဘက်ပါအောင် သိမ်းသွင်းစည်းရုံးရေး ကြိုးပမ်းမှုများက သိသိသာသာ အောင်မြင်မှုများ ရရှိခဲ့ပြီးနောက်၊ ၁၉၉၀ ပြည့်လွန်နှစ်များ အတွင်း စီးပွားရေး တဟုန်ထိုး တိုးတက်လာချိန်တွင် လူမှုအဆင့်အတန်းနှင့် များပြားလှသော အရင်းအမြစ်များကို ပိုင်ဆိုင်လာကြသည့် ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်များ ထံသို့ ဦးလှည့်လာခဲ့သည်။
ဤဖြစ်စဉ်၏ အရေးပါသော မှတ်တိုင်တခုမှာ ၂၀၀၁ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့ (ကွန်မြူနစ်ပါတီ တည်ထောင်ခြင်း နှစ် (၈၀) ပြည့် အထိမ်းအမှတ်နေ့) တွင် ကျန်စီမင်းက တခမ်းတနား ထုတ်ဖော်ကြငြာခဲ့သည့် "ကိုယ်စားပြုမှု သုံးခု" သီအိုရီ ဖြစ်သည်။
ပေါ်လစီအရ ကျန်စီမင်းသည် တော်လှန်ရေးနှင့် အရင်းရှင်စနစ်ကို ဆန့်ကျင်တိုက်ဖျက်ရေးတွင် အဓိကထားခဲ့သည့် ဟောင်းနွမ်းလှသော သဘောတရားရေးရာ မူများကို အစားထိုးရန်အတွက် ပါတီက မည်သည့်အရာများကို ကိုယ်စားပြုသည်ကို ဖော်ပြသည့် သဘောတရားရေးရာ သီအိုရီသစ်တခုကို တင်ပြရန် ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။
သဘောတရားရေးအရကြည့်လျှင် "ကိုယ်စားပြုမှု သုံးခု" သီအိုရီသည် အရင်းရှင်စနစ်ကို သွယ်ဝိုက်သောနည်းဖြင့် ထောက်ခံအတည်ပြုပေးခဲ့ခြင်းဖြစ်ပြီး၊ ယင်းကို ကျန်စီမင်းက "အဆင့်မြင့် လူမှု ကုန်ထုတ်စွမ်းအားများ" (Advanced social productive forces) ဟု သိမ် မွေ့စွာ ခေါ်ဝေါ် ကင်ပွန်း တပ်ခဲ့သည်။
လက်တွေ့တွင်မူ ဤသို့ ပုံဖော်လိုက်ခြင်းသည် မူလကွန်မြူနစ်ဝါဒ သဘောတရားအရ ချေမှုန်းဖျက်ဆီးပစ်ရမည့် "ခေါင်းပုံဖြတ်လူတန်းစား" ဟု သတ်မှတ်ထားသော ပုဂ္ဂလိက ဘူဇွု စီးပွားရေးလုပ်ငန်းရှင်များကို ပါတီဝင်များအဖြစ် လက်ခံရန် တံခါးဖွင့်ပေးလိုက်ခြင်းပင် ဖြစ်သည်။
အရင်းရှင်များကို ပါတီဝင်အဖြစ် လက်ခံရန် ကျန်းစီမင်း၏ တိုက်တွန်းနှိုးဆော်မှုအပြီးတွင် ပါတီဝင်ဖြစ်လာသည့် ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်များ၏ အချိုးအစားမှာ လျှင်မြန်စွာ မြင့်တက်လာခဲ့သည်။ လေ့လာဆန်းစစ်မှု စာရင်းဇယားများအရ ၂၀၀၀ ပြည့်နှစ်တွင် ၂၀ ရာခိုင်နှုန်းသာ ရှိခဲ့ရာမှ ၂၀၀၂ ခုနှစ်တွင် ၃၀ ရာခိုင်နှုန်းအထိ မြင့်တက်လာကြောင်း တွေ့ရှိရသည်။ ၂၀၀၀ ပြည့်လွန်နှစ်များ အကုန်ပိုင်းသို့ ရောက်သောအခါ ပါတီသည် ပုဂ္ဂလိကကုမ္ပဏီများမှ "မန်နေဂျာများနှင့် နည်းပညာဆိုင်ရာ ဝန်ထမ်း" ၈၀,၀၀၀ ခန့်ကို နှစ်စဉ် ပါတီဝင်အဖြစ် စည်းရုံးသိမ်းသွင်းနိုင်ခဲ့သည်။
ထိုသို့ ပါတီဝင်အဖြစ် ဝင်ရောက်ရာတွင် ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်များ၌ ရည်ရွယ်ချက်များ အမျိုးမျိုး ရှိကြသည်မှာ သေချာသည်။ အားလုံးမဟုတ်သည့်တိုင် အများစုမှာ ပါတီဝင်ဖြစ်ခြင်းမှ ရရှိလာမည့် နိုင်ငံရေးအရ အဆင့်အတန်းကို မိမိတို့ ပိုင်ဆိုင်သည့် ကြွယ်ဝချမ်းသာမှုအတွက် အကာအကွယ် ပေးနိုင်ရန် ရယူလိုကြခြင်း သို့မဟုတ် ပါတီဝင်ဖြစ်ခြင်းမှတဆင့် အခွင့်အလမ်းများကို ပိုမိုရရှိနိုင်မည်ဟု ယုံကြည်ကြခြင်းကြောင့် ဖြစ်သည်။
ထို့အပြင် ဤလူမှုအသိုင်းအဝိုင်း အုပ်စုသစ်ကို ပါတီအတွင်းသို့ သွတ်သွင်းလိုက်ခြင်းသည် အရှိန်အဟုန်ဖြင့် ပြောင်းလဲနေသော လူ့အဖွဲ့အစည်းအတွင်း ကွန်မြူနစ်ပါတီအတွက် ထောက်ခံအားပေးမှုကို ခိုင်မာစေရန် အလုံးစုံ အောင်မြင်သော နည်းဗျူဟာမြောက် ခြေလှမ်းတရပ် ဖြစ်ခဲ့သည်။
ကရိုနီ အထက်တန်းလွှာများကို မိမိဘက်ပါအောင် သိမ်းသွင်းစည်းရုံးရာတွင် ပါတီဝင်အဖြစ် လက်ခံခြင်း တခုတည်းကိုသာ မက်လုံးအဖြစ် အသုံးပြုခဲ့ခြင်း မဟုတ်ပေ။ တီယန်မင် အလွန်ခေတ်တွင် ထင်ရှားကျော်ကြားသော ပညာရှင်များ၊ ကျွမ်းကျင်ပညာရှင်များနှင့် ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်များအနက်မှ ရွေးချယ်ခံရသည့် အစုအဖွဲ့ငယ်တခုကို ဒေသဆိုင်ရာ ပြည်သူ့ ကွန်ဂရက်များ နှင့် ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံ ညီလာခံများ တွင် ကိုယ်စားလှယ်များအဖြစ် တာဝန်ပေးအပ်ရန် ရွေးချယ်ခဲ့ကြသည်။
ဤသို့ အောင်မြင်ပြီး ထင်ရှားကျော်ကြားသည့် ပုဂ္ဂိုလ်များကို ထည့်သွင်းပေးလိုက်ခြင်းသည် ကွန်မြူနစ်ပါတီအနေဖြင့် ၎င်းတို့၏ ထောက်ခံအားပေးမှုကို ရရှိထားသည်ဟူသော အသိကို အများပြည်သူသို့ ပြသရာရောက်ခဲ့သည်။