ရွေးကောက်ပွဲ (၉) နှင့် "သာဝ" ထက် သာသူ ပြည်သူများ

by Hla Soewai - Nov 07 2020

ရွေးကောက်ပွဲ နီးလာသည်နှင့် အမျှ အခြေအနေများက လျင်မြန်စွာ ဖြစ်ပေါ် ပြောင်းလဲ‌လာနေသည်။

 

ဝရမ်းပြေး လုပ်နေသူလည်း ပြန်ထွက်လာပြီး NLD အစိုးရအား ဖြုတ်ချရန် ဗြောင်ကျကျ ပြောဆိုလာနေသည်။

 

တပ်ချုပ်ကြီးလည်း ရွှေဘို အပြန်တွင် သွေးလေချောက်ခြားပြီး စည်းလွတ်ဘောင်လွတ်တွေ ပြောဆိုကုန်ပြီ ဖြစ်သည်။

 

တပ်ချုပ်ကြီး၏ စကား ကို ထောက်လျှင် NLD ကြိမ်းသေ နိုင်တော့မည်ကို သဘောပေါက်သွားပြီ ဖြစ်သည်မှာ ထင်ရှားနေသည်။

 

တပ်ချုပ်ကြီး အဖို့က ပြည်ခိုင်ဖြိုးနိုင်လျှင် ကာချုပ် အဖြစ် သက်တမ်းတိုး၍ရမည်၊ ညွှန်ပေါင်းနိုင်လျှင် သမ္မတ အထိ ဖြစ်သွားနိုင်သည်။

 

ထို့အတွက် စိတ်တွေ အရမ်းပူလာသည်၊ မနေ့က တပ်မတော်မှ ဆိုကာ စာထုတ်သည်၊ ဒီနေ့ လူကိုယ်တိုင် ထွက်ပြောသည်၊ ရွေးကောက်ပွဲပင် မစရသေး လက်မခံစရာ ဟုကြိုပြောနေသည်၊ ၂၀၀၈ ဖွဲ့စည်းပုံအရ ထိုကဲ့သို့သော ကိစ္စများ ပေါ်ပေါက်ပါက မည် သူတွင် ဆုံးဖြတ်ပိုင်ခွင့် အာဏာရှိသည်ဆိုသည်ကို အတိအလင်း ပြဌာန်းထားပြီးလည်း ဖြစ်သည်။

 

တပ်ချုပ်ကြီးသည် ၎င်းတို့ ၅ နှစ်လုံးလုံး ထိုင်လိုက်ထလိုက်နှင့် ကာကွယ်လာသော ဖွဲ့စည်းပုံကို ပါတီလေးများ တိုင်တန်းလာကြ၍ ဆိုသည်စကားများနှင့် ဆုတ်ဖြဲပြစ်တော့မည်လော။

 

သို့ဆိုက မည်သည့် အကြောင်းအရာများ တွေ့ထား၊ သိထား၍ ပြောနေရပေသနည်း၊ ထိုသို့လည်း ခိုင်ခိုင်မာမာ ပြောနိုင်ခြင်းလည်းမရှိ၊ ရှိသည် ဆိုစေဦး ရွေးကောက်ပွဲ ကော်မရှင်ထံ တရားဝင် အကြောင်းကြားရပေမည်။

သို့မဟုတ်ပါက ကော်မရှင်၏ ကြေငြာချက်အတိုင်း မမှန်မကန်သော သတင်း အချက်အလက်များ၊ အခြေအမြစ်မရှိသော သတင်းအချက်အလက်များ ဖြန့်ချီမှု ဖြင့် နိုင်ငံဝန်ထမ်း ဖြစ်သော တပ်ချုပ်ကြီးသည် ပင်စင်ယူရကာနီးမှ ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၅၈ (ဃ) ဖြင့် ညိစွန်းသွားနိုင်ပေသည်။

 

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အစိုးရသည် ရွေးကောက်ပွဲ ကို မသမာသောနည်းမျိုး သုံး၍ အနိုင်ယူစရာ မလိုဟူသည်ကို စာဖတ်တတ်သူတိုင်း၊ ပုံမှန် အသိညာဏ် ရှိသူတိုင်းက သိထားပြီး ဖြစ်သည်။

 

ကမ္ဘာပေါ်တွင် မည်သည့် ရွေးကောက်ပွဲကကော စင်းလုံးချော အပြစ်အနာအဆာ မရှိ ပြီးစီးသွားခဲ့ပါသလော၊ ရှုံးသူများက ကြံဖန်တိုင်ကြတောကြသည်က ဓမ္မတာပင် ဖြစ်သည်။

 

ထိုသို့သော ဖြစ်ရပ်များ အတွက် လေ့လာစောင့်ကြည့်ရန် နိုင်ငံတကာ မှ ရွေးကောက်ပွဲ လေ့လာစောင့်ကြည်သူများ ရောက်ရှိလာနေပြီ ဖြစ်သည်။ ပြည်တွင်းမှလည်း လေ့လာစောင့်ကြည်သည့် အဖွဲ့အစည်းများ အုံနှင့်ကျင်းနှင့် အသင့်ရှိနေကြပြီ ဖြစ်သည်။

 

ပြည်ပ မီဒီယာ များ နှင့် လူ့အခွင့်အရေး အဖွဲ့များက "ရိုဟင်ဂျာ" ဆိုသူများ မဲမပေးရခြင်းနှင့် လုံခြုံရေး အကြောင်းပြချက်ကြောင့် အချို့နေရာများတွင် မဲပေးခွင့် ဆုံးရှုံးသွား၍ တရားမမျှတ ဟု အသံထွက်လာကြသည်။

 

ဤသည်က မည်သူတွင် တာဝန် ရှိနေသနည်း။ တပ်ချူပ်ကြီး အဖို့ မလုပ်ရဲတာ ဘာမျှမရှိဆိုသော်လည်း လူတယောက် ကို ရိုက်လျှင် ထောင်ကျနိုင်သည့် သဘောမျိူးတော့ သိထားပြီး ဖြစ်ပေမည်။

 

ယခု အရေးကား လက်လွတ်စပယ် လုပ်မည်ဆိုက ၁၉၉၀-၂၀၁၀ ကာလ အတွင်းသို့ ပြန်ရောက်သွားပေမည်၊ ထိုကာလက ယခု နှင့်မတူတော့၊ လူထု၏ နိုင်ငံရေး နိုးကြားမှုသည် တဟုန်ထိုး မြင့်တက်လာနေပြီး မြိုပြ လူမှုရေး အသင်းအဖွဲ့များလည်း အခိုင်အမာ ရှိနေပြီဖြစ်သည်။ မိမိအားလည်း တပ်တွင်းတွင် မည်မျ‌ ထောက်ခံမှု ရှိနေပြီလဲ ဆိုသည်ကလည်း မသေချာ။

 

၁၉၈၈ လို တပတ်‌လောက်နှင့် ကိစ္စပြတ်သွားမည် မဟုတ်သည်က ကြိမ်းသေလှပေသည်။ တပ်ချုပ်ကြီး အဖို့ ထိုသို့သော အနေအထားတွင် ဆီရီယား သမ္မတ ကို အားကျပြီး တိုင်းပြည်အား အစိတ်စိတ် အမွှာမွှာ ကွဲစေမည့် ပြည်တွင်းစစ်ကြီးကို မီးမွှေးတော့မည်လော။

 

သို့ဆိုက တရုတ်နှင့် ၎င်း၏ လက်ဝေခံတိုင်းရင်းသား လက်နက်ကိုင်များက မိမိတို့အရေး စိတ်အေးရပြီဆိုကာ ကြိုဆိုနေကြမည်သာ ဖြစ်၍ တရုတ်စာ တကယ်သင်ကြရတော့မည့် အရေးပင် ဖြစ်သည်

 

တပ်ချုပ်ကြီးကား အစိုးရိမ်လွန်၍ ပြောသည်ဆိုစေဦး ‌ရာထူးက ဆင်းပေးရတော့မည့် လူတဦးက မိမိကိုယ် မိမိ အမွန်းတင်ခြင်း၊ လက်ရှိ အစိုးရ ကို မိမိ အလိုကိုလိုက်ရန် အကျပ်ကိုင်ခြင်း၊ တိုင်းပြည်ကို ဆူပူမှုများ ဖြစ်လာအောင် တမင် လှုံ့ဆော်ခြင်း အစရှိသည့် မိမိတတ်နိုင်သည့် နည်းလမ်းမျိုးစုံဖြင့် ကြံဆောင်နေခြင်းဟု လူထု က အထင်ရောက်သွားနိုင်ပေသည်။

 

ပြည်သူများ ကတော့ နိုင်ငံတော် အတိုင်ပင်ခံပြောသလို "ဘာရမလဲ သာဝရာ၊ မင်းလောက်တော့ ငါပါး‌ ပါသေးတယ်" ဆိုသလို မိမိတို့ မျိုးဆက်တခု နီးပါး အသက်သွေးချွေးများရင်း၍ တိုက်ယူခဲ့ရသော မိမိတို့ လိုလားသည့် အစိုးရကို မိမိတို့ မဲတပြားဖြင့် တင်မြှောက်နိုင်ခွင့်ကို အသက်ပေး၍ ကာကွယ် သွားကြမည်သာ ဖြစ်သည်။

 

ရွေးကောက်ပွဲ ကော်မရှင် အဆင့်ဆင့်အနေဖြင့် ရွေးကောက်ပွဲ လုပ်ငန်းစဉ်များကို အတိမ်းအစောင်း အချွတ် အချော် မရှိအောင်ကာကွယ်ပါ၊ နိုင်ငံသားများ အလေးအမြတ်ထားသည့် ဒီမိုကရေစီ ကို ထိန်းသိမ်းစောင့်ရှောက်ရန် ကော်မရှင်တွင် တာဝန်ကျလာနေပြီ ဖြစ်သည်။

 

ယခုလို ခြိမ်းခြောက် ခံနေရသည့် အချိန်တွင် ပြည်သူများကို အားဖြစ်စေသည့် နိုင်ငံတော် အတိုင်ပင်ခံ၏ သာဝ ပို့စ်ကို အောက်ပါ လင့်ခ်တွင် ဖတ်ရှု့နိုင်ပါသည်။

https://m.facebook.com/story.php?story_fbid=152522516557348&id=109135390896061