ကင်းထောက်တပ်ဖွဲ့များက ရန်သူ့ခံစစ် အားအနည်း ဆုံးဖြစ်သည့် ရွှေတိဂုံ စေတီ ၏ အရှေ့ဘက်မျက်နှာစာက ဝင်ရောက်ရန် အလွယ်ကူဆုံးဖြစ်ကြောင်း တင်ပြခဲ့ကြသည်။ ထိုနေရာသို့ သွားရာလမ်းကြောင်းမှာ ကွင်းပြင်ကျယ်များ၊ သစ်ပင်အုပ်စုများနှင့် တောထူထပ်မှောင်မိုက်နေသည့် နေရာများ အစီစဉ် တကျ ရှိနေ၏။ ဧပြီလ ၁၄ ရက်နေ့ နံနက် ခြောက်နာရီတွင် တပ်ဖွဲ့များ ရှေ့သို့ချီတက်လာစဉ် ထိုနေရာ၌ မြန်မာ့ရှေ့တန်းကင်းထောက် စစ်သည်များက အုပ်စုလိုက် ချီတက်လာသည့် ဗြိတိသျှတပ်သားများကို ပစ်ခတ်ခဲ့ကြသည်။
အမြောက်တပ်သားများက သစ်ရွက်အုပ်ဆိုင်းနေသည့်ကြားမှ တင်းနစ် ဘောလုံး အရွယ်အစားခန့် ၁၂ လုံးမှ ၁၅ လုံးခန့်ကို grape-shor ခေါ် ခဲသီးများအား သံချောင်း သို့မဟုတ် ကင်းဗတ်အိတ်၊ ကြိုးတို့ဖြင့် စပျစ်သီးခိုင်သဖွယ် စုစည်းချည်နှောင်ထား သော ဗုံးသီး တဒါဇင်ခန့် ပစ်ခတ်ကာ ၎င်းတို့ကို ဖြိုချခဲ့ကြသည်။ စပျစ်ခိုင်လို စုစည်းထားသော သံဘောလုံးများသည် လေထုထဲတွင် ရိုင်ဖယ်သေနတ်ကျည်များကဲ့သို့ ဘေးပတ်ဝန်းကျင်သို့ ယက်တောင်ပုံစံ ဖြန့်ထွက် သွား၍ အနီးကပ် ချီတက်လာပါက အစုလိုက် အပြုံလိုက် ထိမှန် သွားမည် ဖြစ်သည်။
သို့သော် တပ်သားများ တောစပ်မှ ထွက်လာချိန်တွင် ဘုရားငယ်တဆူမှနေ၍ မြန်မာ့လက်လုပ် အမြောက်ငယ်၊စိန်ပြောင်းငယ်များ ၏ ပစ်ခတ်မှုအကွာအဝေးအတွင်းသို့ ရောက်ရှိသွားခဲ့ပြီး နံနက် ၁၀ နာရီခန့်တွင် ဟောင်ဝစ်ဇာ အမြောက်များ ရောက်ရှိလာချိန်ကျမှ ငြိမ်ကျသွားခဲ့သည်။
မနက် ၁၁ နာရီခွဲတွင် အမှတ် (၈၀) တပ်ရင်းမှ တပ်ခွဲ လေးခွဲ၊ အမှတ် (၁၈) တပ်ရင်းမှ တပ်ခွံနှစ်ခွဲနှင့် အမှတ် (၄၀) ဘင်္ဂလားဌာနေ တိုင်းရင်းသား တပ်ရင်းမှ တပ်ခွဲ နှစ်ခွဲတို့သည် သစ်တောများ ဖုံးလွှမ်းနေသော ကုန်းမြင့်တခုကို အကာအကွယ် ယူ၍ ကွင်းပြင်ငယ်တခုတွင် တိုက်ခိုက်ရန်အတွက် စုရပ်ဖွဲ့စည်းခဲ့ကြသည်။ ရန်သူ့ အမြောက်ကျည်များသည် တဝီဝီ နှင့် ပျံသန်းလာကြသော်လည်း မကြာမီမှာပင် မြန်မာတို့သည် ပစ်ခတ်မှုအကွာအဝေးကို ပိုမိုတိကျလာစေခဲ့ပြီး လက်ထောက်ခွဲစိတ်ဆရာဝန် ဒေါက်တာ စမစ် အပါအဝင် စစ်သည်အချို့ ကျဆုံးသွားခဲ့သည်။
ထိုအချိန်တွင် မြန်မာ့ခြေလျင်တပ်များသည် စုရပ်တွင် စောင့်ဆိုင်း နေသော တပ်ဖွဲ့များ ဆီသို့ တိကျသည်ထက် တိကျစွာ ပစ်ခတ်လာ နိုင်သည်အထိ နီးကပ်စွာ ရောက်ရှိလာခဲ့ပြီဖြစ်သည်။ သို့သော် ဂေါ်ဒွင် ကမူ လေးလံသော ဟောင်ဝစ်ဇာ အမြောက်ကြီးများ ဖြင့် ရန်သူ ကို မချေမှုန်း နိုင်မချင်း ခြေလျင်တပ်များကို အတိုက်မခိုင်းသေးဘဲ
ခေါင်းမာစွာ ဖြင့် စောင့်ဆိုင်း စေခဲ့သည်။
လော်ရီ ၏ အဆိုအရ သူ၏ လက်ထောက်တစ်ဦးဖြစ်သော ကပ္ပတိန် လက်တာ က ယခုအခါတွင် သေဆုံးဒဏ်ရာရသူ ဆယ်ယောက်တိုင်းအတွက် တိုက်ခိုက်ရေးတပ်ဖွဲ့နှင့်ဆိုလျှင် တယောက်သာ ကျဆုံးနိုင်ခြေရှိသဖြင့် ချက်ချင်း တိုက်ခိုက်သင့်ကြောင်း အရေးတကြီး တိုက်တွန်းခဲ့သည်။
သို့သော်လည်း ဂေါ်ဒွင်က ဆက်လက်စောင့်ဆိုင်းရန်သာ ဆုံးဖြတ်ခဲ့ပြီး ရန်သူ့ကျည်ဆန်များ ကျူးကျော်ပျံသန်းနေစဉ် တပ်သားများသည် မြေပြင် တွင် ပြားပြားဝပ်ကာ ၎င်း၏ အမိန့်ကို စောင့်ဆိုင်း နေခဲ့ကြရသည်။
နောက်ဆုံးတွင် လက်တာ က ရှေ့တန်းမှနေ၍ ဦးဆောင်တိုက်ခိုက်လိုကြောင်း တောင်းဆိုခဲ့ရာ ဂေါ့်ဒွင် က အေးတိ အေး စက် ဖြင့် " မိတ်ဆွေကြီး တောင်းဆိုတာကို အလွန်တရာမှ ဝမ်းမြောက်ဝမ်းသာ ခွင့်ပြုပါတယ်" ဟု ပြောလာ၍ အားလုံး အံ့သြသွားခဲ့ကြရသည်။ ထိုကြီးမားသော ဘုရားကြီးတည်ရှိရာ ကုန်းတော်ကို လှေကားထစ် လေးခုပါရှိသည့် အဆင့်သုံးဆင့်ဖြင့် ပိုင်းခြားထားပြီး၊ အဆင့်တခုချင်းစီတွင် ရန်သူတို့၏ အမြောက်များ တပ်ဆင်ထားကာ ၎င်းတို့သည် တိုက်ခိုက်ရေးတပ်ဖွဲ့၏ ပစ်မှတ်များ ဖြစ်လာခဲ့ကြသည်။
စစ်ကြောင်းအလိုက် လက်တာ ၏ ဦးဆောင်မှုဖြင့် တပ်ဖွဲ့များသည် ဘုရားကုန်း တော် ပေါ် သို့ တက်ရာလမ်းရှိ လွင်ပြင်ကျယ်ကို ဖြတ်သန်းခဲ့ကြသည်။ သေနတ်၊ အမြောက်များ၏ ပြင်းထန်သော ပစ်ခတ်မှုများအောက်တွင်ပင် တည်ငြိမ်စွာ ရှေ့တိုး လာခဲ့ကြပြီး ကုန်းမြင့်ပိုင်းသို့ ရောက်ရှိချိန်တွင်မူ မီးခိုး ငွေ့ များကြားမှ စင်္ကြန်လှေကားထစ်များအတိုင်း ညာသံ ပေး၍ ဘုရား ကုန်း တော် အပေါ် သို့ စီးနင်းတိုက်ခိုက်ခဲ့ကြသည်။
အထက်ရင်ပြင်သို့ ရောက်သည်နှင့် တပ်ကို ဖြန့်ကျက်လိုက်ကြပြီး မကြာမီပင် ရန်သူများကို လှံစွပ်များဖြင့် ထိုးကာမောင်းထုတ်နိုင်ခဲ့ကြသည်။ မြန်မာတပ်များမှာ အရပ်ရှစ်မျက် နှာ သို့ ထွက်ပြေးလွတ်မြောက်သွားကြပြီး၊ ၎င်းတို့၏ စခန်းကို အလွယ်တကူ သိမ်းပိုက်ရရှိ နိုင်ခဲ့၍ စစ်သည်များက အားရပါးရ အော်ဟစ်ကြွေးကြော်ခဲ့ကြသည်။
အမြောက်ကြီး အလက် ၉၀ ကျော်၊ အမြောက်ငယ် ၈၀ ခန့်နှင့် ခဲယမ်းမီးကျောက် အမြောက်အမြားကို သိမ်းပိုက်ရရှိခဲ့သည်။ ဧပြီလ ၁၂ ရက်မှ ၁၄ ရက်အထိ သုံးရက်ကြာ တိုက်ပွဲအတွင်း ဗြိတိသျှတို့ဘက်မှ အဆင့်ဆင့်သော စစ်သည် ၁၇ ဦး သေဆုံးပြီး ၁၃၂ ဦး ဒဏ်ရာရရှိခဲ့သည်။ မြန်မာဖက်က အများစုမှာမူ ညပိုင်းကတည်းက စွန့်ခွာထွက်ပြေးသွားခဲ့ကြပြီး ဖြစ်သည်။
ရန်ကုန် တမြို့လုံးသည် ဗြိတိသျှတို့ လက်အောက်သို့ ကျရောက်သွားခဲ့ပြီဖြစ်သည်။ ထို့နောက် နှစ်ပတ်၊ သုံးပတ်ခန့်အထိ စစ်ရေးလှုပ်ရှားမှုမရှိဘဲ ငြိမ်သက်နေခဲ့ကြသည်။ ထိုကာလအတွင်း အပူရှိန်ပြင်းထန်မှုကြောင့် ကာလဝမ်းရောဂါသည်လည်း တဖန် ပြန်လည်ဖြစ်ပွားပျံ့နှံ့လာခဲ့သည်။
နောက်ဆုံးတွင် အမှတ် (၆၇) ဘင်္ဂလားဒေသခံ ခြေလျင်တပ်ရင်း ၏ စစ်ကူများ ရောက်ရှိလာပြီးနောက် ဗိုလ်ချုပ် ဂေါဒွင် သည် စစ်သား ၈၀၀ ခန့်ကို စစ်သင်္ဘောသုံးစင်းပေါ်သို့ ၎င်း ကျန်ရှိသော ရေတပ်တတဖွဲ့ကိုလည်း စတုတ္ထမြောက် စစ်သင်္ဘောပေါ် တင်ပေးခဲ့သည်။
ထို့နောက် ရန်ကုန်မြစ်အတိုင်း အောက်ဘက်သို့ ဆန်ဆင်းကာ နောက်ပိုင်းတွင် နဂရစ်ဒေသရှိ ရေလမ်းကြောင်း
အတိုင်း အထက်ဘက်သို့ ဆန်တက်ပြီး မေလ ၁၉ ရက်နေ့တွင် ပုသိမ်မြို့ကို တိုက်ခိုက်ရန် ချီတက်ခဲ့ကြသည်။
ပုသိမ်သည် ထိုနေ့မှာပင် ဗြိတိသျှတို့လက်သို့ ကျရောက်သွားခဲ့ပြီး အရာရှိ၊ စစ်သည် အဆင့်အတန်း စုစုပေါင်း ၂၃ ဦးသာ အသေအပျောက် ရှိခဲ့သည်။
ယခုအချိန်အထိ အခြေအနေများ အဆင်ပြေချောမွေ့နေသော်လည်း မိုးရာသီ စတင်လာခဲ့ပြီဖြစ်၏။ ထိုကဲ့သို့ အောင်မြင်မှုများ ရရှိထားသော်လည်း မြန်မာတို့ဘက်က စစ်ပြေငြိမ်းရေး စည်းကမ်းချက်များကို တောင်းဆိုမည့် လက္ခဏာ မပြသခဲ့ပေ။ စစ်သည်များသည် ကြားကာလ အချိန်များကို တတ်နိုင်သမျှ ကုန်လွန်စေရန် ဘုရားကျောင်းကန်များနှင့် ကြီးမားလှသော ဆင်းတုတော်ကြီးများထဲတွင် ရတနာ ရှာဖွေရင်း သေနတ်ပစ် လေ့ကျင့်ကာ အပျင်းဖြေနေခဲ့ကြသည်။
လော်ရီ သည် စစ်သားတဦးက ရွှေတိဂုံစေတီတော်၏ အထက်ပစ္စယာပေါ်တွင် ကြီးမားလှသော ရွှေချထားသည့် ဆင်းတုတော်ကြီးတဆူကို ပေါက်ဆိန်ဖြင့် ထုခွဲနေသည်ကို တွေ့ရှိခဲ့ရသည်။
“သူက အဲဒီရုပ်ပွားတော်ရဲ့ ရင်ဘတ်နဲ့ ဦးခေါင်းထဲမှာ ရတနာ— ရွှေ၊ ငွေဆင်းတုတော်ငယ်လေးတွေ ဒါမှမဟုတ် ပတ္တမြားတွေ ရှိရမယ် ဆိုပြီး ရှာနေတာ။ ဒီမြင့်မြတ်တဲ့နေရာကြီးဟာ အမှန်တော့ အလွန်ကြီးမားတဲ့ ရုပ်တု တွေ ပူဇော်ရာ ကျောင်းတော်ကြီးတခုပါပဲ” ဟု သူက မှတ်တမ်းတင်ရေးသားခဲ့သည်။
မေလကုန်ပိုင်းတွင် ပဲခူးနယ်သားများက မြန်မာအုပ်ချုပ်သူများအား လက်နက်ကိုင် ပုန်ကန်ထကြွလာကြောင်း ကြားသိရသောအခါ ဂေါ်ဒွင် သည် ပဲခူးမြို့ကို သိမ်းပိုက်ရန် မြောက်ဘက် ၅၅ မိုင် ရှည် ခရီးသို့ စစ်ကြောင်းတခု စေလွှတ်ရန် ဆုံးဖြတ်ခဲ့သည်။ ဇွန်လ ၃ ရက်နေ့တွင် ခြေလျင်တပ်ခွဲနှစ်ခွံ၊ မိုင်းခွဲတပ်သားများနှင့် ရေကြောင်းတပ်သား၊ ရေတပ်သား အနည်းငယ်တို့သည် မေဂျာ ကော့တန်နှင့် ကွန်မန်ဒါ တားလ်တန်တို့ ဦးဆောင်၍ ထွက်ခွာခဲ့ကြသည်။ နှစ်ရက်အကြာတွင် သူတို့သည် ပဲခူးကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ မြန်မာတပ်များက မဆိုသ လောက်သာ ခုခံပြီး ထွက်ပြေးသွားကြသည်။
နိုင်ငံရေးအကြောင်းပြချက်များကြောင့် ဒေသခံတပ်များဖြစ်သော တလိုင်းတပ်များအား အစောင့်ထားခဲ့သော်လည်း ရက်သတ္တပတ်အနည်းငယ်ကြာပြီးနောက် မြန်မာတပ်များ ပြန်ရောက်လာကာ သူတို့ကို မောင်းထုတ်လိုက်သဖြင့် အဆိုပါ စစ်ဆင်ရေးတခုလုံးသည် အချိန်ဖြုန်းရုံသက်သက်သာ ဖြစ်သွားခဲ့သည်။