"မင်းနဲ့ ပထမဆုံးဆုံတုန်းက အခုလို ကောင်းကောင်းသီချင်းဆိုတတ်မယ်လို့ ကိုယ် လုံးဝ မထင်ထားမိဘူး" ဟု ကျွန်တော် ကပြောလိုက်သည်။
သူမက ရှေးဟောင်း ဂရိကျောက်ရုပ်များ၏ မျက်လုံးများကဲ့သို့ စိတ်ခံစားချက် အလျင်း မရှိဟု ထင်ရသော်လည်း တဖက်တွင် ခံစားချက်အပြည့်ရှိနေသယောင်ရှိသည့် မျက်ဝန်းမျိုးဖြင့် ကျွန်တော် ကိုကြည့်လာသည်။ "ရှင် ဘယ်လိုလုပ် သိမှာလဲ။ အဲဒီတုန်းက ကျွန်မ အသက် ဆယ့်ခြောက်နှစ်ပဲ ရှိသေးတာလေ။"
"ကိုယ့် အသက်ကလည်း နှစ် ဆယ့်ငါးနှစ်ပဲ ရှိသေးတာဆိုတော့ ဘာသိ ဦးမှာလဲ။"
ဂီတသံများ ဆူညံ နေသည်မို့ သူမကြားရအောင် သူမနားသို့ တိုးကပ်လိုက်ပြီး စီးကရက် တလိပ် ကမ်းပေးလိုက်သည်။ စတုတ္ထမြောက် မူဝါဒ- မိန်းမတစ်ယောက်က ကိုယ့်ကိုငြင်းပယ်မည့်အစား တခြားတခုခုကို ငြင်းပယ်ခွင့် ပေးပါ။ အကယ်၍ သူမသာ လူလားမြောက်ပြီးသား မိကောင်းဖခင် သမီး ကောင်းတယောက်ပီပီ စီးကရက်ကို ငြင်းပယ်ခဲ့မည် ဆိုလျင် တောင်မှ ကျွန်တော်တွင် ကိုယ်တိုင်တလိပ်ထုတ်သောက်ဖို့ အကြောင်းပြချက်ကောင်း ရှိသွားမှာဖြစ်ပြီး၊ သူမက ကျွန်တော် ၏ စီးကရက်ကို အာရုံစိုက်နေစဉ် ကျွန်တော် အနေနှင့် တခုခုပြောဖို့ အချိန်အနည်းငယ် ရသွားလိမ့်မည်။
သို့သော် လာနာ က မထင်မှတ်ဘဲ လှမ်း ယူလိုက်သဖြင့် တချိန်က မစ္စက် မိုရီ ကို မီးညှိပေးခဲ့ဖူးသလိုမျိုး သူမရဲ့စီးကရက်ကို လည်း မီးညှိပေးခွင့် ရသွားခဲ့သည်။
"ရှင် အမေနဲ့အဖေက ဒီအလုပ်တွေအပေါ် ဘယ်လိုထင်ခဲ့ကြလဲ။"
"သူတို့ကတော့ သီချင်းဆိုတာနဲ့ ကတာကို အချိန်ကုန်လူပင်ပန်း အလကားပဲလို့ ထင်ကြတယ်။"
"ရှင်လည်း သူတို့လိုပဲ ပေါ့ "
ကျွန်တော် စီးကရက်ကို အရင် မီးညှိလိုက်သည်။ "ကိုယ်သာ သူတို့လို သဘောထားရင် ဒီ ရောက်လာပါ့မလား"
"ရှင်က ကျွန်မအဖေ ပြောသမျှကို သဘောတူတာပဲလေ။"
"ကိုယ်က မင်းအဖေပြောတဲ့ အချက်အလက်တချို့ကိုပဲ သဘောတူတာပါ။ ဒါပေမဲ့ သဘောမကျရင်လည်း သဘောမကျဘူး မပြောတာဘဲ ရှိတယ်"
"ဒါဆို ရှင်က ဂီတနဲ့ပတ်သက်လာရင် ကျွန်မနဲ့ အမြင်တူတာပေါ့ "
"ဂီတနဲ့ သီချင်းဆိုခြင်းက ကိုယ်တို့ကို အသက်ရှင်စေတယ်၊ မျှော်လင့်ချက်တွေ ပေးတယ်။ ကိုယ်တို့မှာ ခံစားချက်ရှိနေသေးသမျှ ကာလပတ်လုံး ကိုယ်တို့အသက်ရှင်နေဆဲပဲဆိုတာကို သိနိုင် စေတဲ့ ဖန်တီးမှုပဲ။
ပြီးတော့ ကိုယ်တို့ ချစ်ခြင်း မေတ္တာတရားတွေ ရှိသေးတယ်ဆိုတာကိုလည်း သိနိုင်တယ်။"
သူမက ကျွန်တော့် ဖက်သို့ မခိုးမခန့် မျက်နှာ ပေး မျိူးနှင့် စီးကရက် မီးခိုးများ မှုတ်ထုတ်လိုက်သည်။ အကယ်၍ သူမသာ ကျွန်တော့် မျက်လုံးတဲ့တဲ့ ကိုဖြစ်စေ၊ ကိုယ်ပေါ်က ဘယ်နေရာကိုပဲဖြစ်စေ မီးခိုးတွေ မှုတ်ထုတ်ခဲ့မယ်ဆိုရင်တောင် ကျွန်တော်ကတော့ အလွန်တရာ ဝမ်းမြောက်ဝမ်းသာ လက်ခံမိမှာ အမှန်ပင်။
"ကျွန်မရဲ့ မိဘတွေက သီချင်းဆိုတာက အိမ်ထောင်ရေးကို ပျက်စီးစေလိမ့်မယ်လို့ စိုးရိမ်နေကြတယ်" ဟု သူမက ဆက်ပြောသည်။ "သူတို့ ကျွန်မကို ဖြစ် စေချင် နေတာကတော့ အခုချက်ခြင်းပဲ အလွန် ချမ်းသာပြီး ဂုဏ်သရေရှိ တဲ့သူတစ်ယောက်နဲ့ လက်ထပ်လိုက်ဖို့ပဲ။ ကပ္ပတိန်၊ ရှင်ကတော့ အဲဒီနှစ်ခုစလုံးထဲက တခုမှ မဟုတ်ဘူး မဟုတ်လား။"
"ကိုယ့် ကို ရိုသေလေးစားထိုက်ပြီး ချမ်းသာတဲ့သူ ဖြစ် စေချင် သေးလို့လား။"
"ရှင်သာ အဲဒီလိုလူမျိုးသာဆိုရင် အခုလို စိတ်ဝင်စားစရာ ကောင်းလာမှာ မဟုတ်တော့ဘူး။"
"ဒီလိုမျိုး ယူဆထားတာ ကမ္ဘာ့သမိုင်းမှာ မင်းဟာ ပထမဆုံး မိန်းမပဲ ဖြစ်မယ်" ဟု ကျွန်တော် ထပ်ပြောလိုက်သည်။
ထိုသို့ပြောနေစဉ်အတွင်း သူမ၏ ရင်နှစ်မွှာကြား မှ အက်ကွဲကြောင်း၏ ဆွဲငင်အားကြောင့် မျက်လုံးမလွှဲမိအောင် ထိန်းရသည်မှာ အလွန်တရာမှ ခက်ခဲလှ၍ ကျွန်တော်၏ အကြည့်များကို သူမ၏ မျက်ဝန်းများဆီသို့သာ တစိုက်မတ်မတ် ရွှေ့ပြောင်း ထားခဲ့ရသည်။ အနောက်တိုင်းယဉ်ကျေးမှုနှင့်ပတ်သက်ပြီး ဝေဖန်စရာ အချက်များစွာ ရှိခဲ့သော်လည်း ရင်နှစ်မွှာ ကြား အရေးကမူ မပါဝင်ခဲ့ပေ။
တရုတ်လူမျိုးများက ယမ်းနှင့် ခေါက်ဆွဲကို တီထွင်ခဲ့ကြကောင်း တီထွင်ခဲ့ကြ ပေလိမ့်မည်။ သို့သော် အနောက်တိုင်းသားတို့ကမူ လေးနက်သော်လည်း တန်ဖိုးထားခံရလေ့ မရှိသော သက်ရောက်မှုများစွာနှင့်အတူ ရင်နှစ်မွှာကြားအလှကို တီထွင်ခဲ့ကြသည်။
တပိုင်းတစပေါ်နေသော ရင်သားများကို ငေးကြည့်နေသည့် ယောက်ျားတဦးသည် ရိုးရိုးတန်းတန်း တပ်မက်ချင်စိတ်ဖြင့် ကြည့်နေရုံသာမက၊ "နှစ်ခြမ်းကွဲခြင်း" နှင့် "ပေါင်းစပ်ခြင်း" ဟူသော အဓိပ္ပာယ်နှစ်မျိုးစလုံးကို ဆောင်သည့် "cleave" ဆိုသည့် ကြိယာ၏ ရုပ်ပိုင်းဆိုင်ရာ သရုပ်ဖော်မှုကို သတိမထားမိသည့် တိုင် ဆင်ခြင်တွေးတောမိမည်သာ ဖြစ်သည်။ မိန်းမတစ်ယောက်၏ ရင်နှစ်မွှာ အကြားသည် ဤဆန့်ကျင်ဘက် အဓိပ္ပာယ်နှစ်ခုကို အပြည့်အစုံ ဖော်ပြနေ၏။ ရင်သားနှစ်ခုမှာ သီးခြားစီ တည်ရှိနေကြသော်လည်း တခုတည်းအဖြစ် ပေါင်းစပ်သွားသည့် အလှမျိုး ဖြစ်သည်။
ဤနှစ်ခွဖြစ်သော အဓိပ္ပာယ်သည် ယောက်ျားနှင့် မိန်းမကို ခြားနားပစ်လိုက်သလို၊ ယောကျ်ား တယောက်ကို ချော်လဲလွယ်သော တောင်စောင်းအတိုင်း လျှောဆင်းသွားချင်အောင် ဆွဲငင်ခေါ်ဆောင်သွား နိုင်စွမ်း ရှိ နေသည်။
ယောက်ျားများတွင်မူ ဤကဲ့သို့သော အရာနှင့် ထပ်တူကျသည့်အရာ မရှိသလောက်ပင်။ မိန်းမအများစု အမှန်တကယ် ဂရုစိုက်ကြသည့် ယောက်ျားတို့၏ "ရင်နှစ်မွှာ" ဆိုသည်က ငွေကြေးပြည့်စုံသော ပိုက်ဆံအိတ်ကို ဖြဲ၍ပြခြင်း သို့မဟုတ် ပိတ်ပြခြင်း မျိုးသာ ဖြစ်သည်။
သို့သော် မိန်းမများက ကျွန် တော် တို့ကို အချိန်ဘယ်လောက်ကြာကြာ ငေးကြည့်ကြည့် သဘောကျကြသော်လည်း၊ ကျွန် တော်တို့က သူတို့ကို ကြည့်မိလျှင်လည်း အပြစ်တင်ခံရတတ်သလို၊ မကြည့်ဘဲနေလျှင်လည်း အပြစ်မကင်းကြပြန်ပေ။ ထူးကဲသာလွန်သော ရင်နှစ်မွှာ ကြားအလှကို ပိုင်ဆိုင်ထားသော မိန်းမတဦးအနေဖြင့် သူမအား ယောက်ျား တယောက်၏ ငေးအကြည့်ကို မခံရလျှင် မကျေမနပ် ဖြစ်သွားမည်မှာ ကျိုးကြောင်းဆီလျော်ပေသည်။ ထို့ကြောင့် ယဉ်ကျေးမှုအရ သင့်တင့်လျောက်ပတ်သော အကြည့်တချက်ကို ပစ်သွင်းရင်း နောက်ထပ် စီးကရက် တလိပ် ကို ထုတ်ယူ လိုက်သည်။
သူမ၏ အံ့မခန်းဖွယ် ရင်သားနှစ်မွှာကြားတွင် ရွှေကြိုးစွပ်ထားသော ရွှေလက်ဝါးကပ်တိုင်တခုက လှုပ်ခါနေပြီး၊ ထိုလက်ဝါးကပ်တိုင်ပေါ်တွင် သံမှိုစိုက် အသေခံရမည်ဆို လည်း ပျော်ပျော်ကြီး ခံဖို့ ဝန်မ လေးသည့် ခရစ်ယာန်စစ်စစ်တယောက် ဖြစ်ချင်သွားမိသည်အထိပင်။
"စီးကရက် ထပ်သောက်ဦးမလား" ဟု ကျွန် တော် တို့နှစ်ဦး အကြည့်များ တဖန်ဆုံမိချိန်တွင် စီးကရက်ဘူးကို ကမ်းပေးရင်း ပြောလိုက်သည်။
လာနာက ကျွန်တော် ကမ်း ပေးလိုက်သည့် ဘူးထဲမှ စီးကရက် တလိပ်ကိုသူမ၏ သိမ်မွေ့သောလက်ဖြင့် နှိုက်ယူကာ သကြားသီးကဲ့သို့ ချိုမြိန်သော သူမ၏နှုတ်ခမ်းကြား ညှပ်လိုက်သည်။ ထို့နောက် ကျွန် တော်၏ လက်ဖြင့် မီးညှိ ပေးသည်ကို စောင့်ဆိုင်းနေခဲ့ပြီးမှ တဖြည်းဖြည်းချင်း ဖွာရှိုက်နေခဲ့သည်။
အကယ်၍ ယောက်ျားတဦးအနေဖြင့် ပထမဦးဆုံး စီးကရက်တလိပ် ကုန်ဆုံးသွားသည်အထိ ရှင်သန် ရပ်တည်နိုင်ခဲ့ပါက၊ မိန်းမတစ်ယောက်၏ ခန္ဓာကိုယ်ဟူသော ကမ်းစပ်တွင် ခြေချနိုင်ဖို့ တိုက်ပွဲဝင်နိုင်မည့် အခွင့်အလမ်း အနည်းငယ်တော့ ရှိလာပေလိမ့်မည်။ ယခုမူ ဒုတိယမြောက် စီးကရက်ကိုပါ ကျော်ဖြတ်နိုင်ခဲ့ပြီဖြစ်ရာ ကျွန် တော် ၏ ယုံကြည်ချက်မှာ အတိုင်းအဆမရှိ တိုးပွားလာခဲ့တော့သည်။
ထို့ကြောင့်ပင် ကျွန် တော် ဝင်ထိုင်နေခဲ့သည့် ကုလားထိုင်ပိုင်ရှင်ဖြစ်သော ဆံပင်ကောက်ကောက် အဆို တော် မလေး ပြန်ရောက်လာသည့်အခါ၊ ယုံကြည်မှုအပြည့်ဖြင့် ထရပ်လိုက်ပြီး လာနာ ဖက်ကိုလှည့်ကာ "ဘား ဆီ သွားကြရအောင်" ဟု ပြောလိုက်သည်။ ပဉ္စမမြောက် မူဝါဒ- သွားမလား ဟူ သော မေးခွန်းမျိုး မေးသည်ထက် သွားမည်ဟု အတည်ပြု ပြောဆိုချက် မျိုးက ငြင်းပယ်ခံရနိုင်ခြေ ပိုနည်းပါးစေသည်။ သူမက ပခုံးတွန့်ပြကာ လက်ကို ကမ်းပေးလာခဲ့သည်။