ဂေါ်ကီ ၏ အမေ(86)

by Hla Soewai - Nov 02 2026

"အမေ ချစ်တဲ့ သား..တို့ရယ်..." ဟု အမေသည် လူအုပ်ကြီးထဲသို့ တိုးဝင်ရင်း ဟစ်အော်လိုက်သည်။ အမေ့ အသံ ကြောင့် လူများက လေးစားသမှုဖြင့် လမ်းဖယ်ပေးကြ၏။

 

တစုံတယောက်က "သူ့ လက်ထဲမှာ အလံကြီးကို ကိုင်ထားတာ ကြည့်စမ်းပါဦး" ဟု ဆိုကာ ရယ်မော လှောင် ပြောင် လိုက်သည်။

 

အခြား တဦးက "ပါးစပ်ပိတ်ထားစမ်း!" ဟု အော်ဟစ်လိုက်၏။

 

အမေသည် သူမ၏ လက်နှစ်ဖက်ကို ရှေ့သို့ ဆန့်ထုတ်လိုက်ရင်း -

 

"ခရစ်တော်၏ မေတ္တာတော်ကို ထောက်ထား၍ နားထောင်ကြပါ! သားတို့ အားလုံးဟာ ချစ်စရာကောင်း၊ စိတ်ထားကောင်းကြတဲ့ လူတွေပါ။ သားတို့ရဲ့ အသည်းနှလုံးတွေကို ဖွင့်ဟလိုက်ကြပါ။ ကြောက်ရွံ့ထိတ်လန့်ခြင်း မရှိဘဲ ပတ်ဝန်းကျင်ကို ဝိုင်းဝန်းကြည့်ရှု ပေးကြပါ။

 

သားတို့ တတွေဟာ အခု ကမ္ဘာကြီးထဲကို လှမ်းချီ ထွက်ခွာနေကြပါပြီ။ အမေ့ရဲ့ ကလေးတွေ၊ အမေတို့ရဲ့ သွေးသားရင်းချာတွေဟာ သစ္စာတရားအတွက် ထွက်ခွာနေကြတာပါ။ ရိုးသားဖြောင့်မတ်တဲ့ စိတ်ဓာတ်တွေနဲ့ သူတို့ဟာ လမ်းသစ်ကြီးရဲ့ တံခါးတွေကို ဖွင့်လှစ်ပေးနေကြပါတယ်။ အဲဒါဟာ အားလုံးအတွက် လမ်းသစ်၊ ဖြောင့်မတ်ကျယ်ဝန်းတဲ့ လမ်းမကြီးပါပဲ။

 

အားလုံးအတွက်၊ အားလုံးရဲ့ ရင်သွေးငယ်လေးတွေရဲ့ အနာဂတ်အတွက် ဆိုတဲ့ မွန်မြတ်တဲ့ ရည်မှန်းချက်နဲ့ သူတို့ဟာ သူတို့ကိုယ်သူတို့ ပေးဆပ်စွန့်လွှတ် နေကြတာပါ။ သူတို့ဟာ အစဉ်အမြဲ လင်းလက်တောက်ပနေမယ့် နေ့သစ်ရဲ့ နေရောင်ခြည်ကို ရှာဖွေနေကြတာပါ။ သူတို့ဟာ သစ္စာတရားနဲ့ တရားမျှတမှုရှိတဲ့ ဘဝ၊ အားလုံးအတွက် ကောင်းခြင်းမင်္ဂလာနဲ့ ပြည့်စုံတဲ့ ဘဝမျိုးကို လိုချင်နေကြတာပါ" ဟု ကြွေးကြော်လိုက်လေသည်။

 

သူမ၏ ရင်ထဲတွင် တင်းကြပ်လာမှု နှင့် အတူ တဆစ်ဆစ် နာကျင်ကြေကွဲလျက်ရှိ၏။ လည်ချောင်းတို့လည်း ခြောက်သွေ့ပူစပ်နေသည်။ သူမ၏ စိတ်ဝိညာဉ် အနက်ရှိုင်းဆုံးနေရာမှစ၍ စကားလုံးများ ပေါက်ဖွားလာကြသည်— ထိုစကားတို့မှာ ကြီးမားထက်မြက်ပြီး အရာရာကို လွှမ်းခြုံနိုင်စွမ်းရှိသော မေတ္တာတရားတို့ပင်တည်း။ ထိုစကားလုံးများသည် သူမ၏ လျှာကို ပူလောင်စေကာ ပိုမိုအားကောင်းလာစေပြီး ပို၍ လွတ်လပ်ပေါ့ပါးစွာ ထွက်ပေါ်လာစေသည်။

 

လူထုပရိသတ်ကြီးက သူမ၏ စကားများကို စူးစိုက်နားထောင်နေကြသည်ကို မြင်တွေ့ နေရသည်။ အားလုံး တိတ်ဆိတ်ငြိမ်သက်နေကြသည်။ သူတို့သည် သူမကို ဝိုင်းရံထားကြရင်း စဉ်းစားတွေးတောနေကြကြောင်း ခံစားသိရှိနေရသည်။ ဤလူအများကို သူမ၏သားနောက်သို့ လိုက်ပါကြရန်၊ အန်ဒရေး နောက်သို့ လိုက်ပါကြရန်၊ စစ်သားများ၏ လက်ထဲသို့ ကျရောက်သွားကြသူ များ နောက်သို့ လိုက်ပါကြရန်၊ ၊ စွန့်ပစ်ခံကြ ရ တော့မည့် လူ အားလုံးတို့၏ နောက်သို့ လိုက်ပါကြရန် တွန်းပို့ပေးလိုသည့် ပြင်းပြလာသော ဆန္ဒတစ်ခုမှာ သူမ၏ရင်ထဲတွင် ရှင်းလင်းပြတ်သားစွာပင် ကြီးထွားလာတော့သည်။

 

သူမ အနီးတဝိုက် စိုးရိမ်တကြီး မျက်နှာပေးများ နှင့် စိတ်ဝင်တစား နားထောင်နေကြသည့် မျက်နှာများကို ကြည့်ရင်း သူမသည် ခပ်တိုးတိုး နှင့် တည်ကြည် ပြတ်သားသော လေသံ ဖြင့် ဆက်ပြောလိုက်၏။

 

"ကျမ တို့ရဲ့ သားသမီးတွေဟာ ပျော်ရွှင်ချမ်းမြေ့စရာ ဖြစ်လာမယ့် ကမ္ဘာကို ဦးတည် လျှောက်လှမ်းနေကြတာပါ။ သူတို့ဟာ လူအားလုံးအတွက်၊ ခရစ်တော်ရဲ့ အမှန်တရားအတွက် ထွက်ခွာသွားကြတာ။ ကျမတို့ကို အာဃာတတွေ၊ အလိမ်အညာတွေ၊ လောဘတရားတွေနဲ့ ချည်နှောင်ဖိနှိပ်ထားတဲ့ အရာအားလုံးကို တော်လှန်ဖို့အတွက် သူတို့ ထွက်သွားကြတာပါ။ ကျမတို့ ချစ်ရတဲ့ ရင်သွေး လေးတွေ အုံကြွလာခဲ့ရတာလည်း အားလုံးအတွက်ပါပဲ။ 

 

လူထုတရပ်လုံးအတွက်၊ တကမ္ဘာလုံးအတွက်၊ အလုပ်သမားထုတရပ်လုံးအတွက် သူတို့ တိုက်ပွဲဝင်ခဲ့ကြတာ။ ဒါကြောင့် သူတို့ကို ပစ်ပယ်မထားကြပါနဲ့။ ကျမတို့ရဲ့ သားသမီးတွေကို အထီးကျန် ဖြစ်သွား အောင် ဒီအတိုင်း ပစ်မထားကြပါနဲ့။ ကျမတို့အားလုံးကို အမှန်တရားရဲ့ လမ်းကြောင်းပေါ် လမ်းညွှန်ပြသဖို့၊ အားလုံးကို အဲဒီလမ်းပေါ် ခေါ်ဆောင်သွားနိုင်ဖို့ပဲ သူတို့ ထွက်သွားကြတာပါ။ 

 

ကိုယ်ကို ကိုယ် သနားရင် သူတို့ကို ချစ်ကြပါ၊ ကလေးတွေရဲ့ ရင်ဘတ်ကို နားလည်ပေးကြပါ။ ကျမတို့ ကလေး တွေရဲ့ ရင်ဘတ်ထဲက ယုံကြည်ချက်ကို ယုံကြည်ပေးကြပါ။ သူတို့ဟာ အမှန်တရားကို ဖော်ထုတ်ခဲ့ကြသူတွေပါ၊ အဲဒီအမှန်တရားဟာ သူတို့ရင်ထဲမှာ တောက်လောင်နေတယ်၊ အဲဒီအတွက်ပဲ သူတို့ အသက်စွန့်နေကြတာ။ သူတို့ကို ယုံကြည်ပေးကြပါ!"

 

သူမ၏ အသံမှာ တုန်ယင်ကာ တိုးဝင် ပျောက်ကွယ်သွားပြီး အားအင်များ ကုန်ခမ်းသွားသဖြင့် ခန္ဓာကိုယ်လည်း ယိုင်ထိုးသွားခဲ့၍ ဘေးမှတယောက်ယောက်က သူမ၏ လက်မောင်းနှစ်ဖက်ကို ထိန်းကိုင်ပေးလိုက်ရသည်။

 

"သူပြောနေတာ ဘုရားသခင်ရဲ့ စကားတွေပဲ!" ဟု လူတစ်ယောက်က စိတ်လှုပ်ရှား မှု အပြည့်ဖြင့် အော်ဟစ်လိုက်သည်။ "ဘုရားစကားပါပဲ၊ လူကောင်း မှန်သမျှနားထောင်ကြစမ်းပါ!"

 

အခြားလူတဦးက သူမကို သနားကရုဏာ သက်စွာ ဖြင့် ပြော၏။ "ကြည့်စမ်း၊ သူ ကိုယ်သူ ထိခိုက် အနာတရ ဖြစ်အောင် လုပ်နေတယ်ဆိုတာကို!"

 

"သူ့ကိုယ်သူ အနာတရအောင် လုပ်နေတာ မဟုတ်ဘူး၊ ငါတို့ လူမိုက်တွေကို ရိုက်နှက်နေတာကွ၊ အဲဒါကို နားလည်ကြစမ်း!" ဟု အပြစ်တင်သံပါသည့် တုံ့ပြန်သံ ထွက်ပေါ်လာသည်။

 

လူအုပ်ကြီးကြားမှ တုန်တုန်ရီရီဖြင့် အသံတသံ ထွက်ပေါ်လာသည်—

 

"အို... ကျမ ရဲ့ စိတ်နှလုံးဖြူစင်လှတဲ့သား လေးက ဘာများ လုပ်ခဲ့လို့လဲဟင်။ သူ ချစ်တဲ့ အဖော်တွေနောက်ကို လိုက်သွားခဲ့တာလေ။ သူပြောတာ မှန်တယ်... ကျမတို့ရဲ့ သားသမီးတွေကို ဘာကြောင့်များ ပစ်ထားရမှာလဲ။ သူတို့က ကျမတို့အပေါ် ဘယ်လို ဆိုးသွမ်းဒုက္ခ‌ တွေ ပေးခဲ့ဖူးလို့လဲ"

 

အမေသည် ထိုစကားများကြောင့် တုန်လှုပ်သွားပြီး မျက်ရည်များ ကျလာခဲ့သည်။

 

"နိလော့ဗ်နာ… အိမ်ပြန်တော့! ပြန်တော့ အမေ… အမေလည်း အရမ်းမောပန်းနေပြီ" ဟု စိဇော့ဗ်က ကျယ်လောင်စွာ ပြောလိုက်သည်။ သူ၏ ဖြူဖျော့နေပြီး စုတ်ဖွားဖြစ်နေသော မုတ်ဆိတ်မွေးများ တလှုပ်လှုပ် ဖြစ်နေ၏။ ရုတ်တရက် မျက် မှောင် ကြုတ်လိုက်ရင်း ပတ်ဝန်းကျင်ရှိ လူအားလုံးကို တင်းမာသော အကြည့်ဖြင့် ဝှေ့ကြည့်လိုက်သည်။ ထို့နောက် ကိုယ်ကို မတ်မတ်မတ်ရပ်လိုက်ပြီး ပြတ်သားစွာ ပြောလိုက်သည် -

 

"ငါ့သား မက်ဗေးဟာ စက်ရုံမှာ စက်ပိပြီး ဆုံးပါးသွားခဲ့တယ်။ မင်းတို့လည်း အသိပဲ! ဒါပေမဲ့ မက်ဗေးသာ သက်ရှိထင်ရှား ရှိနေသေးရင် ဒီလူတွေ နောက် ပါသွားအောင် ငါကိုယ်တိုင်ပဲ လွှတ်လိုက်မှာ။ ငါကိုယ်တိုင်ပဲ သူ့ကို ပြောလိုက်မှာ… 'မက်ဗေး… မင်းလည်း သွားစမ်း! ဒါဟာ မှန်ကန်တဲ့အကြောင်းတရား၊ ရိုးသားဖြောင့်မတ်တဲ့ အ ရေးပဲ' လို့ပေါ့။"

 

သူသည် ပြောနေရင်းက စကားကို ရုတ်တရက် ရပ်လိုက်သည်။ သို့သော် နားထောင် နေသူ တိုင်းသည် ကြောက်ရွံ့ထိတ်လန့်ခြင်း မရှိကြတော့ဘဲ ဆန်းသစ်သော ခံစားချက်များ ဖြစ်ပေါ်လာပြီး တိတ်ဆိတ် ငြိမ်သက်သွားကြ၏။

 

ဆိဇော့ဗ်သည် သူ၏လက်ကို မြှောက်ကာ လှုပ်ရှားလိုက်ပြီးနောက် ဆက်ပြောလေသည် -

"မင်း တို့ကို ပြောနေတာ လူအိုကြီးတစ်ယောက်ပါ။ မင်းတို့ ငါ့ကို သိကြပါတယ်! ငါ ဒီမှာ အလုပ်လုပ်လာတာ ၃၉ နှစ်ရှိပြီ၊ အသက်လည်း ၅၃ နှစ်ရှိပြီ။ ဒီနေ့တော့ သူတို့ ငါ့ တူကို ဖမ်းသွားကြပြီ။ စိတ်သဘောထား ဖြူ စင်ပြီး ဉာဏ်ပညာထက်မြက်တဲ့ ကလေးပါ။ သူလည်း ဗလတ်ဆော့ဗ်နဲ့ ဘေးချင်းယှဉ်ပြီး ရှေ့ဆုံးက အလံတော်ရဲ့ ဘေးမှာ ရပ်ခဲ့တာ။"

 

ဆိဇော့ဗ်သည် သူ၏လက်ဖြင့် အမေ၏ လက်ကို ကိုင်ရင်း ပြောလိုက်သည် -

"ဒီအမျိုးသမီးကြီး ပြောတာ အမှန်ပဲ။ ငါ တို့ရဲ့ သားသမီးတွေဟာ ဂုဏ်သိက္ခာရှိရှိနဲ့ အသိဉာဏ်အမျှော်အမြင်ရှိရှိ ယှဉ်တွဲနေထိုင်ချင်ကြတာ။ ငါတို့ကတော့ သူတို့ကို စွန့်ပစ် ခဲ့ကြတယ်... ဟုတ်တယ်! သွားပါ နီလော့ဗ်နာ!"

 

"သားတို့ သမီးတို့..." သူမသည် မျက်ရည်ဝိုင်းနေသော မျက်လုံးများဖြင့် သူတို့အားလုံးကို ကြည့်ရှုရင်း ပြောလိုက်သည်။ "ဘဝဆိုတာ အမေတို့ရဲ့ သားသမီးတွေအတွက် ဖြစ်သလို၊ ကမ္ဘာမြေဆိုတာလည်း သူတို့အတွက်ပဲဖြစ်တယ်။"

 

"ကဲ... နီလောဗ်နာ၊ ဒီအလံတိုင် တုတ် ကို ယူပြီး အားပြုကိုင်ထားလိုက်!" စိဇော့ဗ်က ကျိုးနေသော အလံတိုင်ကို သူမအား ကမ်းပေးရင်း ပြောလိုက်သည်။ အမေ့အား ကြည့်နေကြသော သူတို့၏ မျက်နှာ ပေါ်တွင် ဝမ်းနည်းမှု၊ လေးစားမှုများ ထင်ဟပ် နေကြပြီး စာနာဂရုဏာသက်သော သက်ပြင်းချသံ၊ တီးတိုး ရေရွတ်သံ များ ထွက်လာခဲ့သည်။ စိဇော့ဗ်သည် သူမ၏လမ်းတွင် ပိတ်နေသော လူများကို လက်ဟန် ခြေဟန် ဖြင့် ဖယ်ရှားခိုင်းလိုက်သည်။ လူများကလည်း သူမနောက်သို့ လိုက်မည်ဟူသော စိတ် ဖြင့် ငြိမ်သက်စွာပင် လမ်းဖယ်ပေးခဲ့ကြသည်။ သူတို့သည် သူမနောက်သို့ ဖြည်းဖြည်းချင်း လိုက်ပါရင်း လမ်းတလျှောက် တိုးတိုးနှင့် တိုးတိုး နှင့် ပြောလာခဲ့ကြသည်။

 

အမေသည် သူ့အိမ်တံခါးဝသို့ ရောက်သောအခါ၊ အလံတိုင်ကျိုးကို အားပြုရပ်ရင်း လူများဘက်သို့ လှည့်ကာ ကျေးဇူးတင်စွာဖြင့် ဦးညွှတ်လိုက်သည်။ "ကျေးဇူးတင်ပါတယ်" ဟူလည်း တိုးတိုးလေး ပြောလိုက်သည်။ ထို့နောက် သူမ စိတ်ထဲတွင် ရှိနေ သော အတွေးကို ရုတ်ခြည်း သတိရသွားကာ - "အမေတို့ရဲ့ အရှင်ယေရှုခရစ်တော် ဆိုတာလည်း သူ့အတွက်ကြောင့် လူတွေ စွန့်လွှတ်အနစ်နာ မခံခဲ့ကြဘူးဆိုရင် ဖြစ်လာမှာ မဟုတ်ပါဘူး" ဟု ပြောလိုက်သည်။

 

လူအုပ်ကြီးသည် သူမကို တိတ်ဆိတ်စွာ စိုက်ကြည့်နေကြသည်။ သူမသည် လူအုပ်ကို နောက်တကြိမ် ဦးညွှတ်ပြီး အိမ်ထဲသို့ ဝင်သွားရာ စိဇော့ဗ်သည်လည်း ခေါင်းကို ငိုက်စိုက်ချလျက် သူမနှင့်အတူ လိုက်ဝင်သွားခဲ့သည်။ လူများက တံခါးဝတွင် ရပ်၍ စကားပြောနေကြပြီးနောက် ဖြည်းဖြည်းနှင့် ငြိမ်သက်စွာ ထွက်ခွာသွားကြတော့သည်။

 

*****************