အာဆီယံ၏ အထူးကိုယ်စားလှယ်သည် ဒေါ်အောင်ဆန်းစုကြည်၏ အရိပ်အယောင်မျှပင် တွေ့ခွင့်မရဘဲ ပြန်လည်ထွက်ခွာသွားခဲ့ရသည်။ ထိုအချိန်တွင် စစ်အုပ်စု၏ တိုက်လေယာဉ်များက ဗုဒ္ဓဘာသာ အခမ်းအနားတစ်ခုကို ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး၊ အမြှောက်ဆံသည် ထိုင်းနိုင်ငံထဲသို့ ကျရောက်သွားခဲ့သဖြင့် ထိုင်းရွာသားတဦး ဒဏ်ရာရရှိခဲ့သည်။
အာဆီယံ အလှည့်ကျ ဥက္ကဌ ဖြစ်သူ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ထရီဆာ လာဇာရိုသည် သူမ၏ နှစ်ရက်ကြာ ခရီးစဉ်အတွင်း ရှမ်းပြည်နယ်သို့ သွားရောက်ကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများ ပေးအပ်ခြင်းနှင့် နေပြည်တော်တွင် နိုင်ငံခြားရေးဝန်ကြီးဆိုသူ တင်မောင်ဆွေနှင့် တွေ့ဆုံဆွေးနွေးခြင်းများ ပြုလုပ်ခဲ့သည်။
စစ်အုပ်စု နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ၎င်းတို့ နှစ်ဦးသည် “မြန်မာနိုင်ငံ၏ အာဆီယံအတွင်း မူလရရှိခဲ့သည့် အခန်းကဏ္ဍနှင့် အခွင့်အရေးများ ပြန်လည်ရရှိလာစေရန် နည်းလမ်းများ” နှင့်ပတ်သက်၍ အလေးအနက် ဆွေးနွေးခဲ့ကြသည်ဟု ပါရှိလာခဲ့သည်။
လာဇာရို၏ ခရီးစဉ်နှင့်ပတ်သက်၍ သူမ၏ရုံးက ထုတ်ပြန်ခဲ့သော ကြေညာချက်တွင်မူ မြန်မာနိုင်ငံ၏ အာဆီယံအတွင်း ယခင်ကရရှိခဲ့သည့် အခန်းကဏ္ဍကို ပြန်လည်ရရှိရေးနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း တစုံတရာ ဖော်ပြထားခြင်းမရှိဟု ရိုက်တာ သတင်းက ဆိုသည်။
တွေ့ဆုံဆွေးနွေးမှုများနှင့်ပတ်သက်၍ နှစ်ဖက် တာဝန်ရှိသူများ၏ တရားဝင်ထုတ်ပြန်ချက်များအကြား ကွဲလွဲမှုများသည် ချက်ခြင်းဆိုသလို ထွက် ပေါ်လာခဲ့သည်။
သို့သော် အသက် ၈၁ နှစ်အရွယ်ရှိ လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်၍မူ ထိုထုတ်ပြန်ချက်တွင် တစုံတရာ ဖော်ပြထားခြင်းမရှိပေ။ အာဏာပိုင်များ၏ ပြောကြားချက်အရ ဒေါ်အောင်ဆန်းစုကြည်ကို မြို့တော်နေပြည်တော်တွင် နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းထားသည်ဟု ဆိုသည်။
လာဇာရိုက သူမနှင့်အတူ ခရီးစဉ်တွင် အတူ လိုက်ပါသွားခဲ့သော ဖိလစ်ပိုင်သတင်းမီဒီယာ Bilyonaryo က ဒေါ်အောင်ဆန်းစုကြည်၏ အခြေအနေနှင့်ပတ်သက်၍ မေးမြန်းခဲ့ရာ “အတော်လေး အပြုသဘောဆောင်သည့်” တုန့်ပြန်ချက်မျိုး ရရှိခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်သည် ကျန်းမာရေးနှင့် အခြေအနေ ကောင်းမွန်နေကြောင်းလည်း သူမအား ပြောခဲ့သည်ဟု ဆိုသည်။
မင်းအောင်လှိုင်သည် ၎င်းလိုချင်တာ မရ၍ လာဇာရိုအား လက်ခံ တွေ့ဆုံခြင်းပင် မရှိတော့ပေ။
ထို အခြေအနေကို သုံးသပ်ရမည်ဆိုက အာဆီယံအဖွဲ့သည် ၎င်း၏ ထိပ်သီးအစည်းအဝေးများသို့ တက်ရောက်ခွင့်ကို ဆက်လက်ပိတ်ပင်ထားခြင်းက လွဲ၍ မြန်မာစစ်အုပ်စု အပေါ် သြဇာလွှမ်းမိုးနိုင်စွမ်း မည်မျှနည်းပါးနေသည်ကို ထင်ရှားစွာ ဖော်ထုတ်ပြသလိုက်ခြင်းပင် ဖြစ်သည်။
စစ်အုပ်ချုပ်ရေးကို ဆက်လက်ခိုင်မြဲစေရန် ရည်ရွယ်၍ ပြုလုပ် ခဲ့သည့် ရွေးကောက်ပွဲအပြီး ဧပြီလတွင် သမ္မတရာထူးရယူခဲ့သည့် မင်းအောင်လှိုင်သည် အိမ်နီးချင်းနိုင်ငံများနှင့် တနိုင်ငံပြီးတနိုင်ငံ ဆက်ဆံရေးတည်ဆောက်လာခဲ့သည်။ ယခုလအတွင်း မလေးရှားနိုင်ငံသည် ၎င်းအား လက်ခံတွေ့ဆုံသည့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအနက် ပဉ္စမမြောက်နိုင်ငံ ဖြစ်လာခဲ့သည်။
ဖိလစ်ပိုင် သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာ ကိုယ်တိုင်ကလည်း အာဆီယံအနေဖြင့် “မြန်မာနိုင်ငံအပေါ် ချဉ်းကပ်ဆောင်ရွက်မှုပုံစံသစ် တရပ် လိုအပ်နေပြီ” ဟု ပြောကြားထားသည်။
နေပြည်တော်ရှိ စစ်ဗိုလ်ချုပ် များကမူ အာဆီယံအတွင်း ၎င်းတို့၏ ယခင် ထိုင်ခုံကိုသာ ပြန်လည်ရယူလိုနေပြီး၊ ထိုရည်မှန်းချက်အတွက် လည်း အမှန်တကယ် လိုက်လျောအလျှော့ပေးမှု တခုတလေမျှပင် မလုပ်ဘဲ အပေါ်ယံ သဘောဆောင်သော အပြုအမူများဖြင့်သာ တုန့်ပြန်နေခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ဩဂုတ်လအတွင်း ကမ္ဘာ ကြက်ခြေနီအဖွဲ့ ကိုယ်စားလှယ် နှင့် တွေ့ဆုံခွင့်ရရှိခဲ့ပြီး၊ အောက်တိုဘာ ၂၂ ရက်နေ့တွင် ဗြိတိန်ဘုရင် ချားလ်စ်ထံမှ စာအုပ်များ လက်ခံရရှိခဲ့သည်။ ထို့ပြင် အောက်တိုဘာ ၂၆ ရက်နေ့တွင် သားဖြစ်သူ ကင်မ်အဲရစ် နှင့် လန်ဒန် ရှိ မြန်မာ သံရုံးမှတဆင့် မိနစ် ၂၀ ကြာ တယ်လီဖုန်းပြောဆိုခွင့် ရရှိခဲ့သည်။ ယင်းမှာ ငါးနှစ်ကျော်ကာလအတွင်း သားအမိနှစ်ဦး ပထမဆုံးအကြိမ် စကားပြောခွင့်ရခြင်းဖြစ်သည်။
ကင်မ်အဲရစ်က AFP သတင်းဌာနသို့ ပြောကြားရာတွင် မိခင်၏အသံမှာ “ကျန်းမာရေးအခြေအနေ အတော်အသင့်ကောင်းမွန်နေပုံရသည်” ဟု ဆိုခဲ့သည်။ သို့သော် မိခင်ကို ဖမ်းဆီး ထားသူများက ၎င်းတို့၏ ပုံရိပ်ကို အရောင်တင်နိုင်ရန်အတွက် အသုံးချနေခြင်း ဖြစ်မည်ကို စိုးရိမ်ကြောင်းလည်း ပြောကြားခဲ့သည်။
ဇန်နဝါရီလအတွင်း လာရောက်ခဲ့သည့် အလားတူ ခရီးစဉ်တွင်လည်း လာဇာရိုသည် ဒေါ်အောင်ဆန်းစုကြည်နှင့် ခဏမျှ တွေ့ပါရစေဟု တောင်းဆိုခဲ့သော်လည်း တွေ့ဆုံခွင့်မရဘဲ ပြန်သွားခဲ့ရသည်။ ထို့နောက် ဇွန်လ ၃၀ ရက်နေ့တွင် ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲ၌ တွေ့ဆုံခွင့်ရရန် ထပ်မံတောင်းဆိုမှုကို စစ်အုပ်စု ပြောရေးဆိုခွင့်ရှိသူ ခိုင်ခိုင်စိုးက ပယ်ချခဲ့ကြောင်း The Straits Times သတင်းစာက ဖော်ပြသည်။
ဩဂုတ်လတွင် အာဆီယံ၏ အထူးကိုယ်စားလှယ် ဆိုသည်ကိုပင် လုံးဝ မလိုအပ်တော့ကြောင်း ပြောလာခဲ့သည်။
လာဇာရို ရောက်ရှိ နေစဉ် မှာပင် မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်းတိုင်းဒေသကြီး၌ အရပ်သား များကို လေကြောင်းမှ တိုက်ခိုက်ခဲ့၍ ဘုန်းတော်ကြီးတပါး ဒဏ်ရာရရှိခဲ့သည်။ ထို့ပြင် ပဋ္ဌာန်းကျမ်း ရွတ်ဖတ်ပူဇော်ပွဲ ကိုလည်း ဖျက်သိမ်းခဲ့ရသည်။
ဒေသခံများကမူ ယင်းတိုက်ခိုက်မှုမှာ ရည်ရွယ်ချက်ရှိရှိ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုခဲ့ကြသည်။
ထို့အပြင် မြန်မာနိုင်ငံ အနောက်မြောက်ပိုင်း ချင်းပြည်နယ်၌လည်း စစ်တပ်သည် စစ်သုံ့ပန်းများကို သတ်ဖြတ်ခဲ့ကြောင်း Myanmar Now က သတင်းဖော်ပြခဲ့သည်။
သို့သော် တိုက်ခိုက်မှုနှစ်ခုစလုံးတွင် သေဆုံးသူဦးရေ မည်မျှရှိသည်ကို သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
စစ်အုပ်စု တပ်များနှင့် တော်လှန်ရေး တပ်ဖွဲ့များအကြား ဖြစ်ပွားနေသော တိုက်ပွဲများမှ လမ်းလွဲကျရောက်လာသည့် လက်နက်ကြီးကျည်တတောင့်ကြောင့် ထိုင်းနိုင်ငံ တာ့ခ်ပြည်နယ်၊ မဲဆောက်ခရိုင်ရှိ ဘန်ဟွေ့မဟာဝေါင်း ကျေးရွာမှ နေအိမ်တလုံး ပျက်စီးခဲ့ပြီး ရွာသားတစ်ဦးလည်း ဒဏ်ရာရရှိခဲ့ကြောင်း Thai PBS World သတင်းဌာနက အောက်တိုဘာ ၃၀ ရက်နေ့တွင် ဖော်ပြခဲ့သည်။
ထိုင်းစစ်တပ်မှ လက် တုံ့ပြန်သည့်အနေဖြင့် တရားဝင်မဟုတ်သော နယ်စပ်ဖြတ်ကျော်ဂိတ်များမှ ကုန်စည်သယ်ယူပို့ဆောင်မှုကို ခုနစ်ရက်ကြာ ရပ်ဆိုင်းခဲ့သည်။ ထို့ပြင် မဲဆောက်နှင့် ဖော့ဖရာ ခရိုင်များရှိ နယ်စပ်ဖြတ်ကျော်ဂိတ်များမှ ကုန်တင်ကုန်ချနှင့် ကုန်စည်ပို့ဆောင်မှုများကိုလည်း ပိတ်ပင်ခဲ့သည်။ ယင်းသို့ ဆောင်ရွက်ခြင်းမှာ နှစ်ဖက်စလုံးထံသို့ ထောက်ပံ့ရေးပစ္စည်းများ မရောက်ရှိစေရန် ရည်ရွယ်ခြင်းဖြစ်သည်။
ထို့အပြင် ထိုင်းလေတပ်က နယ်စပ်ဒေသကို စောင့်ကြည့်လေ့လာရန် ကင်းထောက်လေယာဉ်တစင်း စေလွှတ်ခဲ့သည်။
သို့သော် ထိုင်းဖက်က “မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကိစ္စသာ ဖြစ်သည်” ဟု သဘောထားထုတ်ပြန်ခဲ့သည်။ ယင်းသဘောထားသည် မြန်မာစစ်တပ်နှင့် ဘန်ကောက်အစိုးရတို့အကြား ရှိနေသော နီးကပ်သည့် စစ်ရေးဆက်ဆံရေးနှင့်လည်း ကိုက်ညီနေသည်။
အာဆီယံနိုင်ငံခြားရေးဝန်ကြီးများသည် ဇူလိုင်လအတွင်း အဖွဲ့၏ အချက်ငါးချက်ပါ ငြိမ်းချမ်းရေးအစီအစဉ် ကို ထပ်မံအတည်ပြုကာ ဆက်လက်စွဲကိုင်ထားကြောင်း ပြောကြားခဲ့သည်။ သို့သော် စစ်အုပ်စု အလိုကျ လွှတ်တော်ကမူ အဆိုပါအစီအစဉ်ကို ပယ်ချထားခဲ့သည်။
ဇန်နဝါရီ ၁ ရက်နေ့တွင် စင်ကာပူနိုင်ငံက အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ကို စတင်ထမ်းဆောင်မည်ဖြစ်သည်။ စင်ကာပူက မြန်မာနိုင်ငံကို အာဆီယံအတွင်း ပြန်လည်ပါဝင်ခွင့်မပေးမီ အောက်ပါအချက်နှစ်ချက်ကို လိုလားကြောင်း အသိ ပေး ထားသည်။
၁။ အကြမ်းဖက်မှုများကို အပြီးတိုင် ရပ်စဲရန်။
၂။ နိုင်ငံရေးအကြောင်းပြချက်ဖြင့် ဖမ်းဆီးထိန်းသိမ်းခံထားရသူအားလုံးကို ပြန်လည်လွှတ်ပေးရန်။
သို့သော် ယခုတပတ်အတွင်း ဖြစ်ပျက်ခဲ့သည့် အခြေအနေများအရမူ အဆိုပါလိုအပ်ချက်နှစ်ခုအနက် တခုမျှ ပင် ပြည့်မီခဲ့ခြင်းမရှိပေ။
အာဆီယံ၏ အားနည်းချက်သည် စီးပွားရေးအင်အား သို့မဟုတ် သံတမန်ရေးရာ အင်အားမရှိခြင်း ကြောင့် မဟုတ်ဘဲ အဖွဲ့ဝင်နိုင်ငံများ၏ အကျိုးစီးပွားနှင့် နိုင်ငံရေးဦးစားပေးချက်များ မတူညီခြင်း ကြောင့် ဖြစ်သည်။
အာဆီယံသည် မြန်မာ့အရေးကို NUG၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အခြားတော်လှန်ရေးအင်အားစုများအား ဖယ်ထုတ်ထားပြီး စစ်အုပ်စု တဖွဲ့တည်းနှင့် ဆွေးနွေး နေသမျှ ရေရှည်နိုင်ငံရေးအဖြေတရပ် ထွက်ပေါ် လာမည် မဟုတ်ပေ။ ထို့အပြင် စစ်အုပ်စု နှင့် ပုံမှန်ဆက်ဆံရေး ပြန်လည်တည်ဆောက်ခြင်းဖြင့် နာမည်ပျက်ယုံသာ အဖတ်တင်ပြီး ငြိမ်းချမ်းရေးလည်း ထွက်ပေါ်လာစရာ မရှိ။
အာဆီယံသည် သဘောတူညီချက်တခုကို ချမှတ်နိုင်ခဲ့သော်လည်း အဖွဲ့ဝင်နိုင်ငံအားလုံး၏ သဘောထားတညီတညွတ်တည်း မရှိသည့်အခါ အကောင်အထည် ဖော်ဖို့ အလွန်ခက်ခဲနေခြင်းဖြစ်သည်။
ဤသည်ကို ကောင်းစွာ သဘော ပေါက်ထား သော မင်းအောင်လှိုင်သည် အာဆီယံ၏ စုပေါင်းရပ်တည်ချက်ကို ဖြိုလှဲ နိုင်ရန် တနိုင်ငံချင်းစီ၏ အကျိုးစီးပွား၊ လုံခြုံရေးနှင့် နိုင်ငံရေးဦးစားပေးချက်များကို ကြည့်၍ ခွဲထုတ်ဆက်ဆံ နေခြင်း ဖြစ်သည်။
ပြည်သူ တို့၏ တရားသော စစ် မုချ အောင်ရမည်!!!