မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေသည် "ကပ်ဘေးဆိုက်နေသည့် အခြေအနေ" ဖြစ်သည် ဟု မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် ကယ်လီ အန်း အက်ကယ်လ်စ်-ကာရီက သူမ တင်သွင်း သော အစီရင်ခံစာသစ်နှင့် ပတ်သက်၍ ကြာသပတေးနေ့ တွင် ပြုလုပ် သော သတင်းစာရှင်းလင်းပွဲတွင် သတိပေးပြောကြားလိုက်ပြီး၊ အဆုံးသတ်ရန် လမ်းစမမြင်ရဘဲ စစ်မီးမှာ ပိုမိုပြင်းထန် လာနေသည်ဟု ဆိုသည်။
ကာရီ သည် ရီပတ်ဘလီကင် ပါတီဝင် ဖြစ်ပြီး ထရမ့်၏ ယုံကြည်ကိုးစားခြင်း ခံခဲ့ရသူ ဖြစ်သည်။ ၂၀၁၉ ခုနှစ် မတ်လတွင် ကမ္ဘာလုံးဆိုင်ရာ အမျိုးသမီးရေးရာဆိုင်ရာ အမေရိကန် သံအမတ်ကြီး အဖြစ်၎င်း၊ ကုလသမဂ္ဂ အမျိုးသမီးများ အဆင့်အတန်း မြှင့်တင်ရေး ကော်မရှင်ဆိုင်ရာ အမေရိကန် ကိုယ်စားလှယ် အဖြစ်လည်းကောင်း အမည်စာရင်း တင်သွင်းခဲ့သည်။
၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်တွင် အမေရိကန် အထက်လွှတ်တော်၏ ကန့်ကွက်သူမရှိ အသံမဲ ဖြင့် အတည်ပြုခဲ့သည်။ သူမသည် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလတွင် ထိုရုံး၌ စတင်တာဝန်ထမ်းဆောင်ခဲ့သည်။
၂၀၂၆ ခုနှစ်တွင် ကာရီ ကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးသံတမန်အဖြစ် ခန့်အပ်ခဲ့သည်။
ကာရီက သူမ၏ အစီရင်ခံစာတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်အာဏာသိမ်းချိန်မှ ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၅ ရက်အထိ စစ်အုပ်စု ၏ လက်ချက်ကြောင့် အနည်းဆုံး အရပ်သား ၈,၃၈၄ ဦး သေဆုံးခဲ့ရသည် ဟု ဖေါ်ပြထားသည်။
မင်း အောင်လှိုင်က ၂၀၂၆ ခုနှစ် ဧပြီ ၂၀ ရက်မှ ဇူလိုင် ၃၁ ရက်အတွင်း "ရက်ပေါင်း ၁၀၀ ငြိမ်းချမ်းရေးစီမံချက်" ဆိုသည်ကို စတင်ခဲ့သော်လည်း နိုင်ငံအတွင်း အခြေအနေမှာ ပိုမိုဆိုးရွားလာရုံသာရှိခဲ့သည် ဟု ဆိုသည်။
စစ်တပ်သည် စာသင်ကျောင်းများ၊ ကျန်းမာရေးစောင့်ရှောက်မှု အဆောက်အအုံများ၊ ဘာသာရေးဆိုင်ရာ အဆောက်အအုံများ၊ ဈေးများနှင့် စစ်ဘေးဒုက္ခသည်စခန်းများ အပါအဝင် အရပ်ဘက် အခြေခံအဆောက်အအုံများကို ပစ်မှတ်ထား ဖျက်ဆီးရန် လေကြောင်းတိုက်ခိုက်မှုများနှင့် လက်နက်ကြီးများ ကို ဆက်လက်အသုံးပြုနေသည်။
"ဒါတွေက မတော်တဆမှုတွေ မဟုတ်ပါဘူး... ပြည်သူတွေကို ထိတ်လန့်တုန်လှုပ်စေဖို့နဲ့ သူတို့ကို အကြောက်တရားနဲ့ ဒူးထောက်လာပြီး အာဏာဖီဆန်မှုတွေ ရပ်တန့်သွားအောင် ရည်ရွယ်ချက်ရှိရှိနဲ့ အရပ်သားပြည်သူတွေအပေါ် တိုက်ခိုက် ခဲ့တာ ဖြစ်ပါတယ်" ဟု မစ္စ အက်ကယ်လ်စ်-ကာရီ က သတင်းထောက်များကို ပြောကြားခဲ့သည်။
အဆိုပါ ရက်ပေါင်း ၁၀၀ ကာလအတွင်း အရပ်သားပြည်သူ ၇၅၃ ဦးခန့် သေဆုံးခဲ့ရပြီး၊ ထိုအရပ်သား သေဆုံးမှုများ၏ ၈၉ ရာခိုင်နှုန်းမှာ မြန်မာစစ်တပ်နှင့် ၎င်းတို့၏ လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့များ၏ လက်ချက်ကြောင့် ဖြစ်သည်။
စစ်တပ်သည် ၎င်းတို့ကို တော်လှန်ပုန်ကန်နေသည့် မည်သည့်ဒေသမဆို ရိက္ခာ၊ ဘဏ္ဍာငွေ/အရင်းအမြစ်၊ လူသားချင်းစာနာမှုဆိုင်ရာ ကူညီခွင့်နှင့် အဆက်အသွယ် ကွန်ရက်များကို ဖြတ်တောက်ရန် ဆိုသည့် "ဖြတ်လေးဖြတ်" မဟာဗျူဟာပေါ်တွင် အခြေခံထားကြောင်း၊ စစ်တပ်သည် ဆက်သွယ်ရေးလိုင်းများ ဖြတ်တောက်ခြင်း၊ သွားလာလှုပ်ရှားမှုများ ကန့်သတ်ခြင်းနှင့် စစ်ဆေးရေးဂိတ်များ ချထားခြင်းတို့ဖြင့် လူသားချင်းစာနာမှုဆိုင်ရာ လုပ်ငန်းများကို ရည်ရွယ်ချက်ရှိရှိ အဟန့်အတား ပြုလုပ်နေပြီး၊ စစ်ဘေးဒုက္ခသည် လူထုထံသို့ မရှိမဖြစ် လိုအပ်သော ရိက္ခာ၊ ဆေးဝါး၊ စက်သုံးဆီနှင့် အခြားအရေးကြီး ကုန်ပစ္စည်းများ ပေးပို့ဖြန့်ဝေမှုကို ပိတ်ဆို့တားဆီး နေသည်ကိုလည်း သူမက လေ့လာ တွေ့ရှိခဲ့သည်။
ထို့အပြင် ကူညီကယ်ဆယ်ရေး ဝန်ထမ်းများသည်လည်း ခြိမ်းခြောက်ငွေညှစ်ခံရခြင်း၊ မတရားဖမ်းဆီးခံရခြင်း၊ နှိပ်စက်ခြင်းနှင့် သတ်ဖြတ်ခြင်းများကို ရင်ဆိုင်နေရသည်။ ၂၀၂၆ ခုနှစ် ဇူလိုင်လအတွင်းက အရှေ့တောင်ပိုင်းဒေသရှိ ထားဝယ်မြို့တွင် လူသားချင်းစာနာမှုဆိုင်ရာ ကူညီကယ်ဆယ်ရေး ဝန်ထမ်း သုံးဦး နှိပ်စက်သတ်ဖြတ်ခံခဲ့ရကြောင်း သတင်းရရှိသည်။
တရားဝင် စီးပွားရေးလုပ်ငန်းများသည် စစ်ပွဲဒဏ်နှင့် စီးပွားရေး စီမံခန့်ခွဲမှု အမှားမှား အယွင်းယွင်း များကြောင့် ကျဆင်းလာသည်နှင့်အမျှ ဆိုက်ဘာငွေလိမ်လည်မှုလုပ်ငန်းများ၊ တရားမဝင် သတ္တုတူးဖော်မှု၊ လူကုန်ကူးမှုနှင့် အဓမ္မလုပ်အားပေးခိုင်းစေမှု စသည့် ရာဇဝတ်မှုလုပ်ငန်းများက ထိုနေရာတွင် အစားထိုး နေရာယူလာနေသည်။
ထိုသို့သော တရားမဝင် လုပ်ငန်းများ မှ ရရှိသည့် အကျိုးအမြတ်များဖြင့် တရုတ်နှင့် ရုရှားတို့ထံမှ လက်နက်များ ဝယ်ယူ နေကြောင်းနှင့် ၎င်းတို့ အုပ်စု အတွင်း သစ္စာခံမှုများကို ထိန်းသိမ်းထားနိုင်ရန် ပေးကမ်းနေကြောင်း မစ္စ အက်ကယ်လ်စ်-ကာရီ က ရှင်းလင်းပြောကြားခဲ့သည်။
မြန်မာနိုင်ငံရှိ ရာဇဝတ်မှုလုပ်ငန်းအများစု၏ "ပင်မကျောရိုး" မှာ တရုတ်နိုင်ငံဖြတ်ကျော် ရာဇဝတ်ဂိုဏ်း ကွန်ရက်များဖြစ်ပြီး၊ ၎င်းတို့သည် လုပ်ငန်းများ လည်ပတ်ရလွယ်ကူစေရန် Tether ကဲ့သို့သော ခရစ်ပတိုငွေကြေး ပလက်ဖောင်းများနှင့် တစ်တော့၊ မေတာ၊ အက်ဇ် စသည့် လူမှုကွန်ရက်စာမျက်နှာများကို အသုံးပြုနေကြကြောင်း သူမက ဆိုသည်။
တချိန်တည်းမှာပင် အိမ်နီးချင်းနိုင်ငံများရှိ အဂတိလိုက်စားမှုများသည် ဤကဲ့သို့ နယ်စပ်ဖြတ်ကျော် မှောင်ခိုကူးသန်းမှုများကို ပိုမိုဖြစ်ထွန်းစေလျက်ရှိကြောင်း သူမက ဆက်လက်ပြောကြားခဲ့သည်။
ထို့အပြင် ဤရာဇဝတ်မှုကွန်ရက်များကို အရပ်သားပြည်သူများအား ထိခိုက်မှုမရှိစေဘဲ ဖြိုခွဲဖျက်ဆီးရန် ခက်ခဲပုံကိုလည်း အထူးသံတမန်က မီးမောင်းထိုးပြခဲ့သည်။ ဥပမာအားဖြင့် ငွေလိမ်လည်မှုလုပ်ငန်းများ (ကျားဖြန့်စင်တာများ) ၏ စတားလင့်ခ် (Starlink) အင်တာနက်လိုင်းများကို ဖြတ်တောက်ရန် ကြိုးပမ်းမှုများသည် လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့အစည်းများနှင့် ဒေသခံလူထုအတွက် မရှိမဖြစ်လိုအပ်သော ဆက်သွယ်ရေးလိုင်းများကိုပါ ပြတ်တောက်သွားစေသည့် ရလဒ်မျိုး ဖြစ်ပေါ်လာပေမည်။
အောက်တိုဘာ ၂၈ ရက် နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် ၎င်း၏ အဖွဲ့ အစည်းအဝေး၌ နိုင်ငံတော်သမ္မတအဖြစ် သာအမည်ခံထားသူ မင်းအောင်လှိုင်က ...
နယ်စပ်ဒေသအချို့တွင် တရားမဝင် မှောင်ခိုကုန်သွယ်မှုများ ရှိနေသဖြင့် နယ်စပ်ကုန်သွယ်ရေးကိုပဲ လုံးလုံးလျားလျား အားကိုး၍မရကြောင်း၊ မှောင်ခိုကုန်သွယ်မှုကြောင့် နိုင်ငံတော်က ရသင့်ရထိုက်သည့် အခွန်ဘဏ္ဍာများ ဆုံးရှုံးနေရပြီး #ပြည်သူများစံမမှီသည့်ကုန်စည်များသုံးစွဲနေရကြောင်း၊ ထို့ကြောင့် ပင်လယ်ရေကြောင်းကဲ့သို့သော ပုံမှန်ကုန်သွယ်ရေး လမ်းကြောင်းသစ်များကို ရှာဖွေပြီး တရားဝင် လမ်းကြောင်းများမှသာ တင်းတင်းကျပ်ကျပ် ကုန်သွယ်ရမည်ဟု ဆိုသည်။
ဤသည်ကပင် စစ်အုပ်စု အနေဖြင့် နယ်စပ်ကုန်သွယ်ရေးမှ ရရှိမည့် အခွန်ဘဏ္ဍာများ အကြီးအကျယ် ဆုံးရှုံးနေရသည့် အခြေအနေကို ဝန်ခံလိုက်ခြင်း ဖြစ်ပြီး၊ နယ်စပ် ကုန်သွယ် ရေး ကြောင့် ပြည်သူများ စံချိန်မမီသည့် ကုန်များ သုံးစွဲ နေရသည် ဆိုကာ တရုတ်ကို သွယ်ဝိုက် တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်ဟု ယူဆရပေသည်။ ထို့အစား ၎င်းတို့ ထိန်းချုပ်နိုင်ဆဲဖြစ်သော ပင်လယ်ရေကြောင်းနှင့် ပုံမှန်ကုန်သွယ်ရေး လမ်းကြောင်းများကိုသာ ပိုမိုပြောင်းလဲ အားကိုးရန် ကြိုးပမ်းလာသည့် အပြောအဆို ဖြစ်နေသည်။
စစ်အုပ်စု သည် အာဆီယံ မှ ၎င်းတို့အား တင်းပြည့်ကျပ်ပြည့် ပြန်လက်ခံရန် အသည်းအသန် လုံးပမ်း နေချိန်တွင် ယခုလို ၎င်းတို့၏ ထိတ်လန့်ခြောက်ခြားဖွယ် လုပ်ရပ်များက ထောင့် ပေါင်းစုံ မှ ပေါ်ထွက်လာနေပြီ ဖြစ်သည်။
အာဆီယံ အဖို့လည်း ၎င်းတို့ ပြောသည့် စစ်ရှောင်များကို ခေါက်ဆွံခြောက်ထုပ်များ ပေးနိုင်ယုံလောက်နှင့် တိုးတက်မှု ဟု အမည်တပ်ကာ ပြန်လက်ခံဖို့ အကျပ်ရိုက်လာနေပြီ ဖြစ်သည်။
ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!