မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်း သည် ပြည်ပနိုင်ငံများသို့ သွားရောက်ခဲ လှသူဖြစ်သည်။ ထို့ကြောင့် အောက်တိုဘာလ ၂၄ ရက်နေ့တွင် တရုတ် နှင့် မြောက်ကိုရီးယားတို့ နယ်နိမိတ်ချင်း ထိစပ်နေသော ဒန်တုန်း မြို့သို့ မမျှော်လင့်ဘဲ ရောက်လာခဲ့ခြင်းသည် အထူးသတိပြုစရာ ဖြစ်လာရသည်။
ကင်ဂျုံအွန်းသည် ရုရှားနှင့် လေးနှစ်ကြာ နီးကပ်သော ဆက်ဆံရေး တည်ဆောက်ခဲ့ပြီးနောက် (ယူကရိန်းစစ်ပွဲ အတွက် ရုရှားသို့ တပ်ဖွဲ့ဝင်များနှင့် စစ်ပစ္စည်းများ ပေးပို့ခဲ့ခြင်းအပါအဝင်) ယခုအခါ တရုတ်နိုင်ငံနှင့် ဆက်ဆံရေးကို ပြန်လည်တည်ဆောက်နေခြင်း ဖြစ်သည်။
ထို့အပြင် နိုဝင်ဘာလတွင် အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့် နှင့် မတွေ့ဆုံခင် တိုင်ပင်ဖို့လည်း ဖြစ်နိုင်သည်။
ကင်ဂျုံအွန်း၏ ယခုနောက်ဆုံး ခရီးစဉ်၏ တရားဝင်ရည်ရွယ်ချက်မှာ ၁၉၅၀ ပြည့်နှစ်တွင် ကွန်မြူနစ် မြောက်ကိုရီးယားကို ကူညီရန် တရုတ်နိုင်ငံက ကိုရီးယားစစ်ပွဲအတွင်း ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းကို အထိမ်းအမှတ်ပြုလိုသည့် သဘော ဖြစ်သည်။
တရုတ်နှင့် မြောက်ကိုရီးယား နှစ်နိုင်ငံစလုံးသည် စစ်ကာလအတွင်း အတူတကွ ရပ်တည်ခဲ့ကြသည့် သမိုင်းဝင်စည်းလုံးညီညွတ်မှုကို ယခုအခါ ပိုမိုအလေးပေးဖော်ပြလာ နေကြသည်။
ယခုနှစ်သည် နှစ်နိုင်ငံအကြား ချုပ်ဆိုခဲ့သော “ချစ်ကြည်ရေးစာချုပ်” ၏ ၆၅ နှစ်ပြည့် နှစ်ပတ်လည်လည်း ဖြစ်သည်။ ၎င်းစာချုပ်သည် နှစ်နိုင်ငံအကြား အပြန်အလှန် ကာကွယ်ရေးသဘောတူညီချက် ဖြစ်သည်။
သို့သော် ကင်ဂျုံအွန်းအနေဖြင့် တရုတ်နိုင်ငံ၏ ကိုရီးယားစစ်ပွဲအတွင်း ပါဝင်တိုက်ခိုက်ခဲ့မှုကို တရုတ်မြေပေါ်တွင် ယခုကဲ့သို့ ထင်ထင်ရှားရှား အသိအမှတ်ပြုဖော်ပြခြင်းမှာ ရှားရှားပါးပါး ဖြစ်ရပ်လည်း ဖြစ်သည်။
ထို့အပြင် နှစ်နိုင်ငံဆက်ဆံရေးအပေါ် ၎င်း၏ ချီးကျူးပြောဆိုမှုမှာလည်း ထူးခြားစွာပင် အရေးပါလှသည်။ နှစ်နိုင်ငံဆက်ဆံရေးသည် “သွေးဖြင့် ပုံသွင်းတည်ဆောက်ထားသော ဆက်ဆံရေး” ဖြစ်သည်ဟုပင် ဂုဏ်ပြုပြောကြားခဲ့သည်။
ကင်ဂျုံအွန်းအနေဖြင့် တရုတ်နိုင်ငံသို့ လာရောက်ခဲ့သော်လည်း တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင် နှင့် မတွေ့ဆုံခဲ့ခြင်းမှာလည်း ထူးခြား နေပေသည်။
၎င်းတို့နှစ်ဦးသည် ယခုနှစ် ဇွန်လက မြောက်ကိုရီးယားနိုင်ငံ မြို့တော် ပြုံယမ်း တွင် တွေ့ဆုံခဲ့ကြသည်။ ထိုစဉ်က ရှီကျင့်ဖျင်သည် ခုနစ်နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် မြောက်ကိုရီးယားသို့ သွားရောက်ခဲ့ခြင်း ဖြစ်သည်။ ယင်းခရီးစဉ်မတိုင်မီ ၂၀၂၅ ခုနှစ်တွင်လည်း ဘီဂျင်း၌ ထိပ်သီးဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြသည်။
သို့သော် ယခုတကြိမ်တွင် ရှီကျင့်ဖျင်သည် အောက်တိုဘာလ ၂၆ ရက်နေ့တွင် ဘီဂျင်း၌ စတင်ကျင်းပမည့် ကွန်မြူနစ်ပါတီ၏ ဗဟိုကော်မတီ အစည်းအဝေးအတွက် ပြင်ဆင်နေရသဖြင့် အလုပ်များနေခဲ့သည်။
ထို့ကြောင့် ရှီကျင့်ဖျင်ကိုယ်တိုင် တွေ့ဆုံမည့်အစား တရုတ်နိုင်ငံ၏ ခေါင်းဆောင်မှုအဆင့်တွင် စတုတ္ထအဆင့်ရှိသူ ဝမ်ဟူနင်းကို ကင်ဂျုံအွန်းနှင့် တွေ့ဆုံရန် စေလွှတ်ခဲ့သည်။ ကင်ဂျုံအွန်းသည် အာဏာရယူပြီးနောက် တရုတ်နိုင်ငံသို့ ယခင်ငါးကြိမ် သွားရောက်ခဲ့သည့် အခါတိုင်း ရှီကျင့်ဖျင်နှင့် ကိုယ်တိုင်ကိုယ်ကျ တွေ့ဆုံဆွေးနွေးခဲ့သည်ချည်း ဖြစ်သည်။
ကင်ဂျုံအွန်းသည် တရုတ်နိုင်ငံသို့ ငါးကြိမ်တိုင် နယ်စပ်ဖြတ်ကျော်သွားခဲ့ရာတွင် ၎င်း၏ ကိုယ်ပိုင် သံချပ်ကာ ရထား ကို အသုံးပြုလေ့ရှိသည်။ ထိုရထားသည် တရုတ်နိုင်ငံ၏ မီးရထားလမ်းများပေါ်တွင်လည်း ပြေးဆွဲနိုင်သည်။
သို့သော် ယခုတကြိမ်တွင်မူ မြောက်ကိုရီးယားနှင့် တရုတ်နိုင်ငံတို့ကို ပိုင်းခြားထားသော ယာလူမြစ် ပေါ်ရှိ တံတားကို ဖြတ်ကျော်ရာတွင် Mercedes Maybach ဇိမ်ခံကားဖြင့် ရောက်လာခဲ့သည်။
အဆိုပါတံတားကို တရုတ်နိုင်ငံက နှစ်နိုင်ငံအကြား နယ်စပ်ဖြတ်ကျော် သယ်ယူပို့ဆောင်ရေး တိုးချဲ့ရန် ယခင်က ကြိုးပမ်းခဲ့သည့် စီမံကိန်းတခုအဖြစ် ၂၀၁၄ ခုနှစ်တွင် ဆောက်လုပ်ပြီးစီးခဲ့သည်။
သို့သော် ကင်ဂျုံ အွန်းသည် ထိုစီမံကိန်းကို စတင်ဦးဆောင်ခဲ့သည့် ဦးလေး ဖြစ်သူကို ကွပ်မျက်ခဲ့ပြီးနောက် တံတားဖွင့်လှစ်မည့်အစီအစဉ်မှာ အကြိမ်ကြိမ် ရွှေ့ဆိုင်းခံခဲ့ရပြီး၊နောက်ဆုံးတွင် အောက်တိုဘာလ ၁၅ ရက်နေ့၌ ဖွင့်လှစ်နိုင်ခဲ့သည်။
ဦးလေး ဖြစ်သူ သည် နောက်ပိုင်းတွင် အာဏာသိမ်းရန် ကြံစည်ခဲ့သည်ဟု စွပ်စွဲခံခဲ့ရသူဖြစ်ပြီး တရုတ်နိုင်ငံနှင့် အလွန်နီးကပ်သော ဆက်ဆံရေးရှိသူအဖြစ်လည်း သတ်မှတ်ခံထားရသည်။
ကင်ဂျုံအွန်းသည် တံတားဖွင့်ရန် ကိုယ်တိုင် ကိုယ်ကျ ရောက်ရှိလာခြင်းသည် မြောက်ကိုရီးယားအပေါ် ရုရှား၏ သြဇာလွှမ်းမိုးမှု တိုးပွားလာနေခြင်းနှင့်ပတ်သက်၍ တရုတ်နိုင်ငံ၏ စိုးရိမ်ပူပန်မှုများကို လျော့ပါးစေရန် ရည်ရွယ်ထားပုံရသည်။
မြောက်ကိုရီးယား၏ တရားဝင် နိုင်ငံတကာကုန်သွယ်မှု စုစုပေါင်း၏ ၉၀ ရာခိုင်နှုန်းကျော်ကို တရုတ်နိုင်ငံက ပိုင်ဆိုင်ထားသည်။
သို့သော် မကြာသေးမီကာလများအတွင်း ကင်ဂျုံအွန်းနှင့် ရုရှားခေါင်းဆောင် ဗလာဒီမာပူတင် တို့၏ ဆက်ဆံရေးမှာ ပိုမိုနီးကပ်လာခဲ့သည်။
မြောက်ကိုရီးယားက ရုရှားသို့ တပ်ဖွဲ့ဝင်များနှင့် လက်နက်များ ပေးပို့ခဲ့သည့်အတွက် အပြန်အလှန်အားဖြင့် ရုရှားက ကင်ဂျုံအွန်းအစိုးရကို လောင်စာဆီ၊ စားနပ်ရိက္ခာနှင့် စစ်ဘက်ဆိုင်ရာ နည်းပညာများ ထောက်ပံ့ပေးခဲ့သည်။ နှစ်နိုင်ငံသည် ၂၀၂၄ ခုနှစ်တွင် အပြန်အလှန် ကာကွယ်ရေးစာချုပ် ကိုလည်း လက်မှတ်ရေးထိုးခဲ့ကြသည်။
ထို့အပြင် နှစ်နိုင်ငံအကြား နယ်စပ်ဖြတ်ကျော် အခြေခံအဆောက်အအုံ စီမံကိန်းများကိုလည်း တိုးချဲ့ဆောင်ရွက်ခဲ့ကြပြီး စက်တင်ဘာလတွင် နှစ်နိုင်ငံကို ဆက်သွယ်ထားသော ကားလမ်း တွင် တံတားတစင်းကို ဖွင့်လှစ်ခဲ့ကြသည်။
ရှီကျင့်ဖျင်သည် လည်း ထို အခြေအနေကို ရိပ်စားလာမိသဖြင့် မြောက်ကိုရီးယား၏ နျူကလီးယားလက်နက် အစီအစဉ် များနှင့်ပတ်သက်၍ တရုတ်နိုင်ငံ၏ စိုးရိမ်ပူပန်မှုများကို လျော့ပေါ့ ပြောဆို လာခဲ့သည်။
တချိန်တည်းမှာပင် တရုတ်နိုင်ငံသည် မြောက်ကိုရီးယားနှင့် ဆက်သွယ်ထားသော သယ်ယူပို့ဆောင်ရေးလမ်းကြောင်းများကို အဆင့်မြှင့်တင်နေပြီး နယ်စပ်ဖြတ်ကျော် ကုန်သွယ်ရေးအပေါ် ချမှတ်ထားသည့် ကန့်သတ်ချက်များကိုလည်း ဖြေလျှော့ပေးလာသည်။
ယခုနှစ် ပထမကိုးလတာကာလအတွင်း နှစ်နိုင်ငံအကြား တရားဝင်ကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ ၂.၃ ဘီလီယံအထိ ရောက်ရှိခဲ့သည်။ ယမန်နှစ် အလားတူကာလက ဒေါ်လာ ၁.၉ ဘီလီယံသာ ရှိခဲ့ခြင်းနှင့် နှိုင်းယှဉ်ပါက တိုးတက်လာခြင်း ဖြစ်သည်။
တရုတ်နိုင်ငံ၏ အဆင့်မြင့်ခေါင်းဆောင်တဦးဖြစ်သူ ဝမ်ဟူနင်းကလည်း ယခုတံတားသစ်သည် “နှစ်နိုင်ငံအကြား ပြည်သူများ အပြန်အလှန် သွားလာဆက်ဆံမှုနှင့် ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုများကို တိုးချဲ့နိုင်စေလိမ့်မည်” ဟု ပြောကြားခဲ့သည်။
စိတ်ဝင်စားစရာအကောင်းဆုံးအချက်မှာ ကင်ဂျုံအွန်း၏ ယခုခရီးစဉ်သည် အမေရိကန်နှင့် ပြုလုပ်မည့် သံတမန်ရေးရာ ဆက်ဆံမှုများကို တရုတ်နိုင်ငံနှင့် ကြိုတင်ညှိနှိုင်းရန် ရည်ရွယ်ထားခြင်းလည်း ဖြစ်နိုင်သည်။
ထရမ့်သည် ၎င်း၏ ပထမသမ္မတသက်တမ်းအတွင်း ကင်ဂျုံအွန်းနှင့် သုံးကြိမ်တိုင်တိုင် တွေ့ဆုံခဲ့သည်။ ထိုတွေ့ဆုံမှုများ၏ ရည်ရွယ်ချက်မှာ မြောက်ကိုရီးယား၏ နျူကလီးယားလက်နက်အစီအစဉ်ကို အဆုံးသတ်နိုင်မည့် သဘောတူညီချက်တရပ် ရရှိရန် ဖြစ်သည်။
ထိုတွေ့ဆုံမှု သုံးကြိမ်အနက် နှစ်ကြိမ်စလုံး ကင်ဂျုံအွန်းသည် ရှီကျင့်ဖျင်နှင့် ဆွေးနွေးရန် ရက်သတ္တပတ်အနည်းငယ် ကြိုတင်၍ တရုတ်နိုင်ငံသို့ သွားရောက်ခဲ့ဖူးသည်။
အမေရိကန်သမ္မတ ထရမ့်ကလည်း ကင်ဂျုံအွန်းနှင့် နောက်တကြိမ် ထပ်မံတွေ့ဆုံလိုကြောင်း ပြောကြားထားသည်။ ထိုတွေ့ဆုံမှုသည် နိုဝင်ဘာလလယ်ပိုင်းတွင် တရုတ်နိုင်ငံတောင်ပိုင်း၊ ရှန်ကျန်း ၌ ကျင်းပမည့် အာရှ-ပစိဖိတ်ဒေသ ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးအတွင်း ဖြစ်နိုင်သည်။
အမေရိကန်အစိုးရတာဝန်ရှိသူများသည် ထရမ့်နှင့် ကင်ဂျုံအွန်းတို့ တွေ့ဆုံနိုင်ခြေရှိသည်ဟူသော အယူအဆကို ပယ်ဖျက်ရန် ကြိုးပမ်းခဲ့ကြပြီး တွေ့ဆုံမှု ဖြစ်လာနိုင်ခြေ နည်းပါးကြောင်း ပြောဆိုခဲ့ကြသည်။
သို့သော် တရုတ်အစိုးရ၏ အကြံပေးပုဂ္ဂိုလ်အချို့ကမူ ရှီကျင့်ဖျင်သည် ထိုတွေ့ဆုံမှု ဖြစ်ပေါ်လာစေရန် အလွန်စိတ်အားထက်သန်နေကြောင်း ပြောဆိုကြသည်။
ရှီကျင့်ဖျင်၏ ရည်ရွယ်ချက်မှာ မြောက်ကိုရီးယားအပေါ် တရုတ်နိုင်ငံ၏ သြဇာလွှမ်းမိုးမှုကို ပြန်လည်ခိုင်မာစေရန်နှင့် ထရမ့်၊ ကင်ဂျုံအွန်းတို့အကြား ဖြစ်လာနိုင်သည့် မည်သည့်သဘောတူညီချက်တွင်မဆို တရုတ်နိုင်ငံက ပါဝင်ညှိနှိုင်းခွင့်၊ သဘောထားထည့်သွင်းခွင့် ရရှိစေရန် ဖြစ်သည်။
ပြိုင်ဘက်အင်အားကြီးနိုင်ငံများကို တနိုင်ငံနှင့်တနိုင်ငံ ယှဉ်ပြိုင်စေခြင်းဖြင့် ကင်ဂျုံအွန်းသည် မိမိဘက်တွင် အင်အားနည်းပါးနေသည့် အခြေအနေကိုပင် တဖန် အကျိုးရှိရှိ အသုံးချကစားနိုင်ခဲ့ပြန်သည်။
(၂၀၂၆ အောက်တိုဘာ ၂၇ ရက်နေ့ထုတ် အီကောနော်မစ် မဂ္ဂဇင်းပါ "Kim Jong Un’s curious visit to China" ဆောင်းပါးကို ပြန်လည် တင်ပြသည်။)