အာရက္ခတပ်တော် (AA) သည် ရခိုင်ဒေသ မှ စစ်အုပ်စု တပ်များ တကောင် တမြီးမျှ မကျန် မောင်းထုတ်ပစ်မည်ဟု ကြွေးကြော်ကာ ထိုးစစ်များ ဆင်နွှဲလာနေပြီး၊ စစ်အုပ်စု ဘက်ကလည်း မြို့တော်စစ်တွေနှင့် ကျောက်ဖြူကဲ့သို့သော အဓိက နေရာများကို လက်မလွှတ်ရရေးအတွက် နည်းဗျူဟာပြောင်းလဲကာ အပြင်းအထန် ခုခံနေသဖြင့် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသည်။
အောက်တိုဘာ ၂၆ ရက်နေ့၊ သီတင်းကျွတ် လပြည့်ညတွင် စစ်တွေမြို့နှင့် ပေါက်တောမြို့နယ်အကြား ကုလားတန်မြစ်ဝတွင် အခြေစိုက်ထားသည့် စစ်အုပ်စု ၏ ရေတပ်စစ်သင်္ဘောများကို AA က ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သင်္ဘော ၃ စင်း ထိမှန်ပြီး ၂ စင်း လုံးဝနစ်မြုပ်သွားကြောင်း AA ပြောခွင့်ရ ဦးခိုင်သုခ မှ သတင်း ထုတ်ပြန်လာခဲ့သည်။
အဆိုပါ ဖရီးဂိတ် စစ်သင်္ဘော များသည် စစ်တွေနှင့် ပေါက်တောမြို့နယ်ကြား ကုလားတန်မြစ်ဝတွင် လုံခြုံရေးယူထားပြီး ယင်းမှတစ်ဆင့် ပေါက်တော နှင့် ပုဏ္ဏားကျွန်းမြို့နယ်ဖက်တို့ကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ကာ စစ်ရေးအရ ဖိအားပေးနေခြင်းဖြစ်သည်။ ထို့ပြင် စစ်တွေမြို့ လုံခြုံရေးနှင့် ငပြီကျွန်းထိုးစစ်များ အတွက် အဓိက ပစ်ကူပေး တိုက်ခိုက်ပေးနေသည့် စစ်သင်္ဘောများဖြစ်သည်ဟု စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။
စစ်အုပ်စု သည် စစ်တွေမြို့ထဲသို့ AA မဝင်နိုင်ရန် ပေါက်တော၊ ပုဏ္ဏားကျွန်းနှင့် ရသေ့တောင်ဘက်သို့ ရွှေမင်းဂံရေတပ်စခန်းနှင့် တပ်ရင်းများထဲမှနေ၍ လက်နက်ကြီးများဖြင့် နေ့စဉ် ကြိုတင်ကာကွယ်သည့်အနေဖြင့် ပစ်ခတ်နေသည်။ စစ်တွေမြို့ပတ်ပတ်လည်တွင် မိုင်းများထောင်ခြင်း၊ ကတုတ်ကျင်းများနှင့် သံဆူးကြိုးများဖြင့် ခံစစ်ကို အခိုင်အမာ ပြင်ဆင်ထားသည်။ မြို့တွင်းကျန်ရှိနေတဲ့ ဒေသခံများကို လူသားဒိုင်း အဖြစ် ဓါးစာခံလုပ်ပြီး ခုခံတိုက်ခိုက်နေသည်။
အာရက္ခတပ်တော်ဖက်ကလည်း လက်နက်ကြီးနှင့် ဒရုန်းများကို အသုံးပြုကာ တိုက်ခိုက်နေကြောင်း စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။
တရုတ်စီမံကိန်းများရှိရာ ကျောက်ဖြူမြို့နယ်အတွင်း တိုက်ပွဲများ ပြန်လည်ပြင်းထန်လာနေပြီး စစ်ကောင်စီအောက်ရှိ ပြည်သူ့စစ်အချို့ AA ထံ လက်နက်ချခိုလှုံမှုများ ရှိနေသည်။
ငပြီကျွန်းဘက်တွင်လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး စစ်အုပ်စု တပ်ဖွဲ့ဝင်များ ပိတ်မိကာ အထိနာနေသည်ဟု သတင်းများ ထွက်ပေါ်နေသည်။
စစ်အာဏာရှင်တပ်များက ငပြီကျွန်းကို ကမ်းတက်ခြေကုပ်ယူနိုင်ဖို့ ပြင်းပြင်းထန်ထန် ကြိုးစားခဲ့ သော်လည်း AA က ဆက်လက် ထိန်းချုပ်ထားနိုင်ခဲ့သည်ဟု ဦးခိုင်သုခက ဆိုသည်။
ငပြီကျွန်းသည် ပေါက်တော မြို့နယ်အတွင်း တည်ရှိပြီး စစ်အုပ်စု ၏ အဓိကရေတပ်စခန်းဖြစ်သော စစ်တွေရွှေမင်းဂံ ရေတပ်စခန်း/ချောင်းဝနှင့် လှမ်းမြင်နေရသည့် အကွာအဝေး တွင် ရှိသည်။ ထို့ကြောင့် ဤကျွန်းကို အာရက္ခတပ်တော် (AA) က စိုးမိုးထားနိုင်ပါက စစ်တွေမြို့ရှိ စစ်ကောင်စီ၏ တပ်ရင်းများနှင့် ဌာနချုပ်များကို တိုက်ရိုက် လက်နက်ကြီးများဖြင့် စီးမိုး ပစ်ခတ်နိုင်မည့် အန္တရာယ်ရှိနေသည်။
စစ်အုပ်စုသည် ငပြီကျွန်းကို တံတိုင်းသဖွယ် ရှေ့တန်းခံစစ်စည်းအဖြစ် ပြန်လည်ခြေကုပ်ယူရန် မဖြစ်မနေ ကြိုးပမ်းနေရခြင်း ဖြစ်သည်။ ထို့ကြောင့်လည်း လေကြောင်းမှ ဗုံးအလုံးပေါင်းများစွာ ကြဲချပြီး ရေတပ်စစ်သင်္ဘောများဖြင့် ပစ်ကူပေးကာ ကမ်းတက်ထိုးစစ်ဆင်ခဲ့ခြင်း ဖြစ်သည်။
ဤကျွန်းကို ထိန်းချုပ်နိုင်သူသည် စစ်တွေနှင့် ပတ်ဝန်းကျင်မြို့နယ်များအကြား စစ်သည်အင်အား၊ ရိက္ခာနှင့် လက်နက်ခဲယမ်း ထောက်ပံ့သည့် ရေကြောင်းလမ်းကြောင်းများကို အလုံးစုံ စိုးမိုး သို့မဟုတ် ပိတ်ဆို့ ဖြတ်တောက်နိုင်ခွင့် ရှိသွားမည် ဖြစ်သည်။
AA အနေဖြင့် စစ်တွေမြို့ကို အလုံးစုံ ဝိုင်းပတ်ပိတ်ဆို့ပြီး မြို့သိမ်းတိုက်ပွဲ အောင်မြင်ရန်အတွက် ငပြီကျွန်းကို အခြေပြု၍ ရွှေမင်းဂံရေတပ်စခန်းကို ဆက်လက်ထိုးစစ်ဆင်ရမည် ဖြစ်ရာ ဤကျွန်းသည် နှစ်ဖက်စလုံးအတွက် အသက်သွေးကြောသဖွယ် အရေးပါသော ဗဟိုချက် ဖြစ်နေရခြင်း ဖြစ်သည်။
ယခုအခါ စစ်သင်္ဘော ၂ စင်း နစ်မြုပ်ပြီး ၁ စင်း အပြင်းအထန် ပျက်စီးကာ ရေတပ်စခန်း၏ နောက်ဆုံးခံစစ်စည် ကျိုးပေါက်သွားခဲ့ရပြီ ဖြစ်၍ စစ်အုပ်စု၏ ငပြီကျွန်း အိမ်မက်သည် အပြီးအပိုင် ပျက်ပြယ်သွားခဲ့ရပြီ ဖြစ်သည်။
စစ်တွေမြို့အနီး တိုက်ပွဲများ တဖြည်းဖြည်း နီးကပ်လာချိန်တွင် စစ်အုပ်စု က ၎င်းတို့၏ ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးကို အရေးပေါ် အပြောင်းအလဲ ပြုလုပ်ခဲ့သည်ဟု သိရသည်။
ကုန်းကြောင်းတွင် စစ်စခန်း အများအပြား ဆုံးရှုံးထားရသဖြင့် စစ်ကောင်စီသည် လေကြောင်းအင်အားကို အဓိကသုံးကာ AA ထိန်းချုပ်ရာ မြောက်ဦး၊ ကျောက်တော်မြို့များနှင့် စစ်ဘေးရှောင်စခန်းများကို ဗုံးကြဲတိုက်ခိုက်လျက်ရှိသည်။
အမ်းမြို့နယ်နှင့် မကွေးတိုင်းဒေသကြီး ငဖဲမြို့နယ်တို့ကို ဆက်သွယ်ဖောက်လုပ်ထားသည့် အမ်း-ပဒန်းရိုးမလမ်းပေါ်ရှိ ပိတ်မိနေသော နတ်ရေကန်ဗျူဟာသို့ စစ်ကူပေးရန် ထိုးဖောက်ဝင်ရောက်လာသည့် အကြမ်းဖက်စစ်တပ် စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီးနောက် ၁၀ ဦးထက်မနည်း သေဆုံးကာ ၅ ဦးထက်မနည်း အရှင်ဖမ်းဆီးရမိကြောင်း နိရဉ္စရာသတင်းဌာနက ဆိုသည်။
မြို့တွင်းနှင့် အနီးတစ်ဝိုက် လက်နက်ကြီးကျရောက်မှု၊ လေကြောင်းတိုက်ခိုက်မှုများကြောင့် နေ့စဉ်နှင့်အမျှ အရပ်သား သေဆုံးဒဏ်ရာရမှုများ ရှိနေသည်။ စစ်တွေမြို့နယ်အတွင်းရှိ မွတ်စလင်ကျေးရွာများမှ လူငယ်များကိုလည်း စစ်အုပ်စု က အတင်းအဓမ္မ စစ်မှုထမ်းခိုင်းနေဆဲ ဖြစ်သည်။
ရခိုင်စစ်မျက်နှာသည် လက်ရှိတွင် ကုန်းကြောင်း၊ ရေကြောင်းပါမကျန် စစ်တွေမြို့သိမ်းတိုက်ပွဲဆီသို့ ဦးတည်ကာ တိုက်ပွဲများ အရှိန်အဟုန် အပြင်းထန်ဆုံး အခြေအနေသို့ ရောက်ရှိနေပါသည်။
မည်သို့ပင် ဆိုစေ စစ်တပ် အာဏာသိမ်းမှု ကြောင့် အမြတ်ထွက်သွားရသည်က အာရက္ခ တပ်တော်ပင် ဖြစ်ပေသည်။
ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!