ထရမ့် အလွန် ဒီမိုကရက် တို့၏ အနေအထား

by Hla Soewai - Nov 02 2026

"ကျမ စစ်ပွဲတခုကို စတင်ဖို့ ဘယ်တုန်းကမှ မရည်ရွယ်ခဲ့ပါဘူး... မျက်စိမှိတ်ပြီးတော့ပဲ လွှဲရိုက်လိုက်မိတာပါ ဆိုသည်ကတော့ ၂၀၁၃ ခုနှစ်တုန်းက အမေရိကန်ရေဒီယိုတိုင်းမှာ အမြဲလိုလို ကြားခဲ့ရတဲ့ မိုင်လီ ဆိုင်းရပ်စ်၏ “Wrecking Ball” ဆိုတဲ့ လမ်းခွဲပြတ်စဲခြင်း အလွမ်းသီချင်းထဲက စာသား ဖြစ်သည်။

 

"Wrecking Ball" ဆိုသည်က အဆောက်အအုံဟောင်းများကို ဖြိုဖျက်သည့် နေရာတွင် သုံး သော မရိန်းကြိုးနှင့် တွဲလောင်းချထားသည့် သံလုံးကြီးကို ရည်ညွှန်းခြင်း ဖြစ်သည်။

 

ထို ပေါ့ပ်သီချင်း၏ စာသားသည် နားထဲတွင် ခါးခါးသီးသီးနှင့် ထပ်တလဲလဲ ကြား နေရ‌ သော်လည်း၊ ဒုတိယသက်တမ်း ပြန်လည်အရွေးခံရတဲ့ သမ္မတ ဒေါ်နယ်ထရမ့်၏ နိုင်ငံရေးစီမံခန့်ခွဲမှုပုံစံ (Statecraft) ကို နှိုင်းယှဉ် ကြည့်နိုင်ဖို့ ဒီသီချင်းကို ပြန်ပြီး သတိရသင့်ပေသည်။

 

ထရမ့်၏ လုပ်ဆောင်ချက်များကို ခန့်မှန်းဖို့အတွက် အစဉ်အလာ နိုင်ငံခြားရေးမူဝါဒ သီအိုရီများကို အသုံးပြု၍ မဖြစ် ဆိုသည်က လူတိုင်း အသိပင် ဖြစ်သည်။ သို့သော် ယင်းသည် အမေရိကန်၏ နောက်သက်တမ်း အတွက် ယှဉ်ပြိုင်ကြမည့် သူများ အတွက် အန္တရာယ် များသာမက အခွင့်အလမ်းများပါ ထွက်ပေါ်လာခဲ့သည်။

 

အီကောနော်မစ်သည် ထရမ့်သည် စနစ်ဟောင်းများကို သံလုံးကြီးနဲ့ လွှဲရိုက်ဖျက်ဆီးတတ်သည့် အလေ့အထကို ယခင်ကတည်းက သတိပြုမိခဲ့ပြီး ဖြစ်သည်။ သမ္မတရွေးကောက်ပွဲမတိုင်ခင် နှစ်နှစ်အလိုတွင် တော့ ၎င်း၏ ဖျက်ဆီးလိုသည့် ဆန္ဒပြင်းပြမှုသည် နောက်ထပ်သက်ရောက်မှုတခု ဖြစ်လာ စေခဲ့သည်။ ဤသည်ကတော့ အမေရိကန် နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးရာတွင် တချိန်က လွန်စွာ စိတ်ချရသည့် 'ချိန်သီးသီအိုရီ' (Pendulum Theory) ကို ရိုက်ချိုးဖျက်ဆီးပစ်လိုက်ခြင်းပင် ဖြစ်သည်။

 

ချိန်သီးသီအိုရီ ဆိုသည်က နာရီချိန်သီးသည် ဘယ်ဘက်ကို အဆုံးအထိ ရောက်သွားပြီးက ညာဘက်ကို ပြန်လွှဲလာသလိုမျိုး၊ အမေရိကန်နိုင်ငံရေးတွင်လည်း သမ္မတတယောက်က တဖက်စွန်းကို ရောက်သွားလျင် နောက်တက်လာသည့်သမ္မတသည် ဆန့်ကျင်ဘက် အစွန်းကို ပြန်လွှဲပြီး အုပ်ချုပ်တတ်သော အစဉ်အလာကို ခေါ်ဆိုခြင်း ဖြစ်သည်။

 

သမ္မတ ရစ်ချတ် နစ်ဆင် နှင့် သူ့နောက် တက်လာသည့် ဂျင်မီ ကာတာ ခေတ်ကို ကြည့် မည် ဆိုက သမ္မတအများစုသည် အရင် သမ္မတဟောင်းများ၏ အကြီးမားဆုံး အားနည်းချက်၊ အပြစ်အနာအဆာများကို လွန်လွန်ကဲကဲ ပြုပြင်ပြောင်းလဲဖို့ ကြိုးစားခဲ့ကြသည်ကို တွေ့ရမည် ဖြစ်သည်။

 

Tricky Dick ဟု အမည်တွင်ခဲ့သည့် နစ်ဆင်၏ ကောက်ကျစ်ပြီး လက်တွေ့ကျ နိုင်ငံရေးအတတ်ပညာ Realpolitik ကို တုံ့ပြန်သည့် အနေနှင့် နောက်တက်လာသည့် သမ္မတ ကာတာသည် ကိုယ်ကျင့်တရားပိုင်းကို အလွန်အမင်း တင်းကျပ်ပြသည့် အုပ်ချုပ်ရေးပုံစံနှင့် အစားထိုးခဲ့သည်။

 

မကြာခင်မှာပင် မဲဆန္ဒရှင်များက အမေရိကန်နိုင်ငံသည် ကမ္ဘာ့အလယ် တွင် မည်သူမျှ အလေးအနက်ထား မခံရ တော့ဟုခံစားလာရပြီး၊ 'အရာရာကို လုပ်နိုင်တယ်' ဆိုသည့် ရေဂင် ၏ အကောင်းမြင်ဝါဒကို ရွေးချယ်ခဲ့ကြပြန်သည်။

 

အမေရိကန်ပြည်သူများသည် အမျှော်အမြင် ရှိသော်လည်း အလျော့အတင်း မလုပ်တတ်သည့် ဂျော့ချ် အိတ်ချ် ဒဗလျူ ဘုရှ် (ဘုရှ်အကြီး) ကို ငြီးငွေ့လာသည့် အခါ၊ ပြည်သူများ၏ ခံစားချက်ကို ကိုယ်ချင်းစာနာတတ်ပါသည် ဆို သော ဘီလ် ကလင်တန်ကို ရွေးကောက်ခဲ့ကြသည်။

 

စဉ်းစားမနေဘဲ စိတ်ဆန္ဒစောစောနှင့် ဆုံးဖြတ်တတ်သည့် ဂျော့ချ် ဒဗလျူ ဘုရှ် (ဘုရှ်အငယ်) နောက်တွင်တော့ အမေရိကန်များသည် တည်ငြိမ်ပြီး ဦးနှောက်ပြေးသည့် ဘာရက် အိုဘာမား ကို သဘောကျခဲ့ကြသည်။ နောက်ပိုင်းတွင်တော့ မာနကြီးသည့် ပညာတတ်အသိုင်းအဝိုင်းကို စိတ်ပျက်လာကြပြီး နိုင်ငံရဲ့ ကံကြမ္မာ အတွက် ထရမ့်ကိုပဲ ပုံအောပြီး လောင်းကြေးထပ်ရွေးချယ် လိုက်ကြပါတော့သည်။

 

ယခု ခေတ်တွင် တော့ ထို ချိန်သီး သီအိုရီသည် သိပ်ပြီး အသုံးမဝင်တော့။ အဘယ်ကြောင့် ဆိုသော ထရမ့်သည် လမ်းကြောင်းပေါင်းစုံကို စိတ်အလိုရှိသလို ယိမ်းထိုးနေ၍ ဖြစ်သည်။ ရုရှားနဲ့ ပြေလည်အောင်စေ့စပ်ဖို့ ယူကရိန်းကို ဖိအားပေး အကျပ်ကိုင်သည့် အခါ သူသည် 'အင်အားရှိတဲ့သူပဲ မှန်တယ်' ဆိုတဲ့ လက်တွေ့ဆန်သူကြီး Realist ဖြစ်နေပြန်သည်။ ဗင်နီဇွဲလားနိုင်ငံမှာကျတော့လည်း ကြားခံလူတွေကတဆင့် သွယ်ဝိုက်အုပ်ချုပ်ဖို့ ကြိုးစားခဲ့သည် သူ့၏ စတိုင်အား ၁၉ ရာစု နယ်ချဲ့ဝါဒီ များပင် အထင်ကြီးသွားစေလောက်သည်။

 

အရှေ့အလယ်ပိုင်းဒေသတွင်လည်း အီရန်နိုင်ငံကို သူ့အလိုကျ ဒူးထောက်လာအောင် ဇွတ်အတင်းလုပ်ရင်း၊ စစ်ပွဲထဲ ခြေချော်လက်ချော် မဝင်မိခင်အချိန်အထိ အစိုးရအပြောင်းအလဲလုပ်ရမည့် အရေး မှန်သမျှ ကို ရှုတ်ချခဲ့သူဖြစ်သည်။ ကွန်မြူနစ်ဝါဒသည် အမေရိကန်ကို ခြိမ်းခြောက်နေသည်ဟု ပြောလေ့ရှိသော်လည်း တရုတ်ကွန်မြူနစ်ပါတီ အကြီးအကဲ ရှီကျင့်ဖျင် ကို သူငယ်ချင်းဟု ခေါ်ပြန်သည်။

 

သူ့ထံတွင် တသမတ်တည်း ခံယူထားသည့် အချက်သည်က 'လက်ရှိအခြေအနေ စနစ်ဟောင်းများ ကို ရိုက်ချိုးဖျက်ဆီးပစ်ချင်တဲ့ စိတ်ဆန္ဒ' ပင် ဖြစ် ပေသည်။ အဆောက်အအုံဖြိုသည့် သံလုံးကြီးပေါ် ခွစီးထား သော ထရမ့်၏ ပုံရိပ်ကို စိတ်ကူးထဲမှာ မြင်ယောင်ကြည့်လိုက်ပါ။

 

 အမေရိကန်၏ ဂုဏ်သတင်းကောင်းကို ဖျက်ဆီးပစ်ခဲ့သည့် ထရမ့်အား ရုံးခန်းထဲကနေ ကဲ့ရဲ့ရှုတ်ချပြီး မောင်းထုတ်ခံရဖို့ ဖြစ်နိုင်ခြေ တော်တော်လေး ရှိ နေသည်။ ၎င်း၏ လုပ်ရပ်တွေကို ပြောင်းပြန်လုပ်ချင်သည့် နောက်တက်လာမည့်သမ္မတ အတွက်ကတော့ ရွေးချယ်ရမည့် လမ်းကြောင်းတွေ အများကြီး ရှိနေမည် ဖြစ်သည်။

 

ပျက်စီးသွားသည့် နိုင်ငံခြားရေးမူဝါဒ 'ချိန်သီးသီအိုရီ' ကို မူလအရှိန်အတိုင်း အပြည့်အဝ ပြန်လည်လွှဲ နိုင်လာစေဖို့အတွက် ၄၈ ယောက်မြောက် သမ္မတသည် ၎င်း၏ အကျိုးစီးပွားထက် အမျိုးသားအကျိုးစီးပွားကို ဦးစားပေး လုပ်ဆောင်နိုင်သည်။ သို့မဟုတ်ပါကလည်း အကျိုးအမြတ်မရှိဘဲ စွန့်စားရမည့် စစ်ပွဲများကို ရှောင်ရှားပြီး၊ အခြား နိုင်ငံအစိုးရ အပြောင်းအလဲ ဖြစ််‌ အောင် ကြံဆောင်မည့် ကိစ္စများကို ဝေးဝေးက ရှောင်ကျဉ်နိုင်ပေသည်။

 

သို့မဟုတ်ကလည်း မဟာမိတ် ဆက်ဆံရေးတွေကို ပြန်လည်တည်ဆောက်ဖို့ ကြိုးပမ်းနိုင်ပြီး၊ ရုရှားကို ရင်ဆိုင်နေရသည့် ဥရောပနိုင်ငံများကို ကူညီရန် နှင့် တရုတ်ကို တားဆီးဟန့်တားနေရသည့် အာရှရှိ မိတ်ဆွေနိုင်ငံများကို ကူညီပံ့ပိုးပေးမည်ဟု ကတိကဝတ် ပြုနိုင်သည်။ ထိုရွေးချယ်စရာ လမ်းကြောင်းအားလုံးသည် 'ထရမ့်ဝါဒ' ၏ ပုံစံအမျိုးမျိုးကို ရိုက်ချိုးဖျက်ဆီးပြီး လမ်းခွဲလိုက်ခြင်းပင် ဖြစ် ပေ လိမ့်မည်။

 

ဒီမိုကရက်ပါတီဝင်များအတွက်ကတော့ ထရမ့်ဝါဒကို ဆန့်ကျင်ပြီး အစဉ်အလာ မူဝါဒများဆီ ပြန်သွားရန် ရွေးချယ်စရာ လမ်းကြောင်းများက အထူးသဖြင့် ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ရှိနေမည် ဖြစ်သည်။

 

ထရမ့်၏ ဒုတိယသမ္မတဖြစ်သူ ဂျေဒီဗန့်စ် သည် ရီပတ်ဘလစ်ကန်ပါတီတွင်း ပြိုင်ဘက်မရှိ လမ်းခင်းနိုင်သည်ဖြစ်စေ၊ သို့မဟုတ် ပါတီတွင်း အကြိတ်အနယ် ယှဉ်ပြိုင်ရမည့် ပဏာမရွေးကောက်ပွဲ Primaryနှင့် ရင်ဆိုင်ရသည်ဖြစ်စေ၊ ရီပတ်ဘလစ်ကန် ပါတီဝင်များ အနေနှင့် မူ ထရမ့်ကို လုံးဝပယ်ချလိုက်ခြင်းအားဖြင့် MAGA (Make America Great Again) ဝါဒအပေါ် သစ္စာစောင့်သိသည့် မဲဆန္ဒရှင်ထုကြီးကို ဒေါသထွက်အောင် လုပ်မိမည်ကို အမြဲတမ်း စိုးရိမ်သတိထားနေရမည် ဖြစ်သည်။

 

ဒီမိုကရက်များသည် မိမိကိုယ်ကိုယ် အလိုလိုက်လွန်းတဲ့ အတ္တဆန်သည့် အစုအဖွဲ့တခု ဖြစ်နေပြီး — နိုင်ငံရေးပါတီတခုအနေနှင့် ကြည့်လျင်လည်း — အံ့ဩစရာကောင်းလောက်အောင် နိုင်ငံရေး ကစားကွက် ညံ့ဖျင်းလွန်းနေ၍ ၎င်းတို့သည် ယခုလို ထရမ့်အလွန်မှာ ရရှိလာမည့် အခွင့်အလမ်းကောင်းများကို အသုံးချ ရမည့် အစား မိမိတို့၏ ဘာမဟုတ်သည့် ပြဿနာ အသေးအဖွဲများကိုသာ ထိုင်ပြီး အပြန်အလှန် အပြစ်တင် ငြင်းခုံနေကြရင်း အချိန်ကုန် နေကြသည်။

 

ဝါရှင်တန်ဒီစီက နိုင်ငံခြားရေးမူဝါဒဆိုင်ရာ သြဇာတိက္ကမကြီးမားသူ ထိပ်တန်းပညာရှင် များ နှင့် စကားပြောကြည့်ရာမှ ဒီမိုကရက်ပါတီထဲတွင် အုပ်စုကြီး နှစ်စု ကွဲနေသည်ဟု သိရသည်။ ထို နှစ်ဖွဲ့သည် 'ဗဟိုဝါဒီ အလယ်အလတ်အုပ်စု' နှင့် 'တိုးတက်ပြောင်းလဲရေးဝါဒီ လက်ဝဲအုပ်စု' တို့ ဖြစ်သည်။

 

ထို အုပ်စုနှစ်စုစလုံး သဘောတူညီကြသည့် တခုတည်းသော အချက်သည်က မဲဆန္ဒရှင်ပြည်သူ များသည် ပြည်တွင်းရေးနှင့် စီးပွားရေးပြဿနာများကိုသာ အလေးထားဆုံး ဟု ခံယူထားကြခြင်း ပင် ဖြစ်သည်။ အထူးသဖြင့် လုပ်ငန်းခွင်ဝင် မိသားစုများ၏ 'စားဝတ်နေရေးနှင့် နေ့စဉ်လူမှုဘဝ စိုးရိမ်ပူပန်မှုများ' ကို ပိုပြီး ဂရုစိုက်ဖို့လိုကြောင်း ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးဖြစ်ကြသည်။ သို့ပေသိ တဖက်တွင် နိုင်ငံတကာအရေးအခင်းများသည် ၎င်းတို့ဆန္ဒမပါဘဲ ကြားဖြတ်ဝင်ရောက် နှောင့်ယှက်တတ်သည့် သဘာဝ ရှိသည် ဆိုသည်ကို အုပ်စုနှစ်စုစလုံးက ကောင်းစွာ သိထားကြပြီး ဖြစ်သည်။

 

နိုင်ငံတကာ၏ တောင်းဆိုလာချက်များကို တုံ့ပြန်သည့်အနေနှင့် ဒီမိုကရက်တစ် အကြံပေးပညာရှင်များ နှင့် အစိုးရအရာရှိဟောင်းများ ပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့များသည် ပြည်ပအစိုးရများ၊ နိုင်ငံရေးသမားများ နှင့် စတင်တွေ့ဆုံနေကြပြီ ဖြစ်သည်။ ပါတီတွင်း အလယ်အလတ်သမားရော လက်ဝဲသမားများပါ ပူးပေါင်းပါဝင်သည့် အဖွဲ့တဖွဲ့သည် ယခုလထဲမှာပင် ဘရပ်ဆဲလ်၊ လန်ဒန် နှင့် ပဲရစ် တို့ကို ရောက်ရှိလာခဲ့ကြသည်။

 

၎င်းတို့ တညီတညွတ်တည်း ကောက်ချက်ချလာသည်က ဒုတိယကမ္ဘာစစ်ပြီး ကတည်းက ရှိလာခဲ့သည့် ကမ္ဘာ့စနစ်ဟောင်းကြီးသည် မည်သည့်အခါ မှ ပြန်လည်သက်ဝင်လာမှာ မဟုတ်တော့ ဆိုသည်ပင် ဖြစ်သည်။ ထို့အပြင် အနာဂတ်တွင် မည်သူ သမ္မတဖြစ်ဖြစ် — 'အမေရိကန်ပြည်သူတွေကို ဦးစားပေးမယ်' ဆိုသည့် ကြွေးကြော်သံ များ နှင့် ပြည်တွင်းစက်မှုကုန်ထုတ်လုပ်မှုကို အလေးထားမည် ကဲ့သို့သော — 'ထရမ့်ဝါဒ' ၏ အဓိကမဏ္ဍိုင်အချို့ ဆက်လက်တည်ရှိနေဦးမှာဖြစ်ကြောင်း မဟာမိတ်နိုင်ငံများကို အသိပေးခဲ့ကြသည်။

 

ထရမ့်လက်ထက်က သတ်မှတ်ခဲ့သည့် သွင်းကုန်အကောက်အခွန် များသည် သဘောထားကွဲလွဲစရာ ကိစ္စတခု ဖြစ်နေသည်။ လူထုစစ်တမ်းများအရ မဲဆန္ဒရှင်များသည် ယခုလို ကုန်ဈေးနှုန်းကြီးမြင့်နေရတာဟာ အကောက်ခွန်များကြောင့် ဟု အပြစ်တင်နေကြကြောင်း သိရသည်။

 

သို့သော် လည်း ဗဟိုဝါဒီ အလယ်အလတ် ဒီမိုကရက်များသည် ၎င်းတို့ အာဏာရလာသည့် အခါ သွင်းကုန်ခွန်အများစုကို ချက်ချင်းပယ်ဖျက်ပစ်ပြီး စီးပွားရေးကို အရှိန်မြှင့်တင် ကာ ဈေးနှုန်းချိုသာအောင် လုပ်ရမည်လား၊ သို့မဟုတ် ကုန်သွယ်ဖက်နိုင်ငံများကို နှာတဖျားအသာစီးရဖို့ 'အကျပ်ကိုင်" စရာ အဖြစ် ဆက်ရှိနေအောင် လက်ရှိ အခွန်နှုန်းထားများကို ယာယီဆက်ထားရမလား — ဆိုသည်ကို ပြတ်ပြတ်သားသား မဆုံးဖြတ်နိုင်ဘဲ ဖြစ်နေကြသည်။

 

တဖက်တွင်လည်း လက်ဝဲဝါဒီများက မိမိတို့မျက်နှာသာပေးရမည့် ပြည်တွင်း စက်မှုလုပ်ငန်းများကို ကာကွယ်စောင့်ရှောက်ပေးထားရမည်ဟု ယုံကြည်ကြသလို (ထိုလုပ်ငန်းများကလည်း ကုန်သွယ်မှုအတားအဆီးတွေကို ဆက်ထားဖို့ အစိုးရကို လာရောက်ချဉ်းကပ် နားချကြမည် ဖြစ်သည်)၊ အခွန်တိုးကောက်လို့ ရလာမည့် အစိုးရအခွန်ဘဏ္ဍာငွေကိုလည်း သဘောကျ နေကြသည်။

 

ဒီမိုကရက်ပါတီထဲက အသံကျယ်ကျယ်ထွက်နေသည့် လက်ဝဲစွန်း အုပ်စုတစုသည် အစ္စရေးမူဝါဒပိုင်းတွင် ပါဝင်ပတ်သက်ခဲ့ကြသည့် ဘိုင်ဒန်လက်ထက်က အရာရှိများကို 'ဂါဇာပြည်သူတွေရဲ့ သွေးတွေ စွန်းပေနေသူတွေ' လို့ သတ်မှတ်ပြီး၊ အနာဂတ်အစိုးရအဖွဲ့တွင် ရာထူးပြန်မပေးဖို့ ပိတ်ပင်တားဆီးချင်နေကြသည်။

 

တဖက်မှာလည်း အစ္စရေးနိုင်ငံကို အမှားအမှန်မခွဲခြားဘဲ မျက်စိမှိတ် အလိုလိုက် ထောက်ခံအားပေးတာမျိုးကို ငြင်းပယ်ဖို့အတွက် ဒီမိုကရက်ရော ရီပတ်ဘလစ်ကန်ပါ ပါဝင်သည့် ပါတီစုံ ဘုံသဘောတူညီချက် တခု ရှိနေသည်

 

လက်ဝဲဝါဒီ အချို့ကတော့ အမေရိကန်စစ်တပ်ကို အရှေ့အလယ်ပိုင်းဒေသကနေ လုံးဝဆုတ်ခွာစေချင်ကြပြီး၊ ယူကရိန်းနိုင်ငံအပေါ်မှာလည်း အကန့်အသတ်မရှိ မဟုတ်ဘဲ သတိနဲ့ ကူညီပံ့ပိုးပေးဖို့ လိုလားနေကြသည်။

 

တရုတ်နိုင်ငံနှင့် ပတ်သက်သည့် မူဝါဒ ပိုင်းတွင်တော့ ပါတီတွင်း ပြင်းပြင်းထန်ထန် အငြင်းပွားလျက် ရှိသည်။ ဗဟိုဝါဒီ အလယ်အလတ် သမားများကတော့ အမေရိကန်သည် နည်းပညာပိုင်းနှင့် ကမ္ဘာ့အစီအစဉ်သစ် တွင် ခေါင်းဆောင်ဖြစ်ရန် အတွက် တရုတ်နိုင်ငံနှင့် 'ခေတ်တခေတ်၏ သမိုင်းတွင်မည့် ပြိုင်ပွဲကြီး' ကို ဆင်နွှဲနေရသည်ဟု ယုံကြည်ကြသည်။ တဖက်တွင် တော့ ထင်ရှားသည့် လက်ဝဲဝါဒီများက အလွန်အမင်း ချဲ့ကားပြောဆိုမှု အဖြစ် ရှူမြင်ကြပြီး ရာသီဥတုပြောင်းလဲမှုနှင့် တခြားကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများတွင် တရုတ်နှင့် ပူးပေါင်းလုပ်ဆောင်ရန် မျှော်လင့်နေကြသည်။

 

အချို့‌ သော လက်ဝဲသမားများဆိုက ကမ္ဘာလုံးဆိုင်ရာ အနည်းဆုံး လုပ်ခ သတ်မှတ်ဖို့အတွက် တရုတ်အစိုးရသည် ၎င်းတို့၏ အလုပ်သမားများကို အမေရိကန်အလုပ်သမားများ နှင့် ပူးပေါင်းခွင့်ပြုလိမ့်မည် အထိ ရယ်စရာကောင်းလောက်အောင် စိတ်ကူးယဉ်နေကြသည်။ သို့ပေသိ ကံဆိုးစွာပင် ထိုသို့ စိတ်ကူးယဉ်နေသူများအတွက် ယခုအခါ စိုးရိမ်လာရသည့် 'AI ၏ ဘေးကင်းလုံခြုံမှု' နှင့် 'နည်းပညာကုမ္ပဏီကြီးများ၏ အာဏာစက်' ပြဿနာများသည် ၎င်းတို့ကို တခြားလမ်းကြောင်းတခုဆီကို တွန်းပို့လာနေသည်။

 

နိုင်ငံရေးအရ ကြည့်မည်ဆိုက မည်သည့် ဒီမိုကရက်နိုင်ငံရေးသမားတဦးတလေမျှ အမေရိကန်၏ AI ကုမ္ပဏီများကို ဘေးကင်းအောင် ထိန်းချုပ်/အရှိန်လျှော့ရန် တောင်းဆိုရဲကြမည် မဟုတ်‌ ပေ။ အဘယ့်ကြောင့်ဆိုသော် တရုတ်နိုင်ငံက ၎င်းတို့ ကုမ္ပဏီများကိုပါ ဟန့်တားမထားက အမေရိကန် တို့ အရေးနိမ့်သွားမည် ကို စိုးရိမ်ကြ၍ ဖြစ်သည်။

 

တရုတ်ကို ဟန့်တားနိုင်ဖို့က အဆင့်မြင့် ကွန်ပျူတာချစ်ပ် များ နှင့် ထို ချစ်ပ်များ ထုတ်လုပ်သည့် စက်ပစ္စည်းများကို တရုတ်နိုင်ငံဆီ မရောင်းဖို့ ပိတ်ပင်ကန့်သတ်ချက်များ ချမှတ်ရမှာ ဖြစ်ပြီး၊ ထိုသို့ လုပ်မည်ဆိုကလည်း တရုတ်တို့အကြီးအကျယ် ဒေါသထွက်လာအောင် လုပ်သလို ဖြစ်သွား ပေမည်။

 

အချို့သော ကဏ္ဍများ တွင်တော့ ဒီမိုကရက်များသည် ထ ရမ့် ၏ လမ်းကြောင်းကနေ ခွဲထွက်နိုင်သလို၊ တဖက်မှာလည်း ထရမ့်၏ ပေါ်လစီအချို့ကို ဆက်လက်ကျင့်သုံးသည့် ပုံစံမျိုးလုပ်လာနိုင်သည်။ ပါးရေနပ်‌ရေရှိကြသည့် ဒီမိုကရက်များသည် မဲဆန္ဒရှင်များ သဘောကျမည့် 'တင်းကျပ်သည့် နယ်စပ်ထိန်းချုပ်မှု' များကို ဆက်လက်ထားရှိနိုင် သော်လည်း၊ အမေရိကန်နိုင်ငံအတွင်းတွင်တော့ ရွှေ့ပြောင်းနေထိုင်မှုဆိုင်ရာ ဥပဒေများကို အကြင်နာတရားကင်းမဲ့စွာ အဓမ္မကိုင်တွယ်တာမျိုးကို လျှော့ချမည်ဟု ကတိပြုနိုင်သလို၊ တရားဝင် ဝင်ရောက်လာမည့် ရွှေ့ပြောင်းအခြေချသူများကိုလည်း ပိုပြီး နွေးထွေးစွာ ကြိုဆိုပြနိုင် ပေသည်။

 

ထရမ့် တင်ပြထားသည့် စစ်ဘက်ဆိုင်ရာ အသုံးစရိတ်ဘတ်ဂျက်များသည် များပြားလွန်းတာကြောင့် စစ်လိုလားသည့် ဒီမိုကရက်များပင်လျှင် သူတို့ကိုယ်သူတို့ စစ်ရေးအရပျော့ညံ့သူများ အဖြစ် အထင်ခံရမည်ကို မစိုးရိမ် တော့ ဘဲ စစ်အသုံးစရိတ်ကို လျှော့ချပစ်နိုင်သည်။ မည်သို့ပင် ဖြစ်စေပြိုကွဲပျက်စီးစေမည့်၊ ခန့်မှန်းလို့မရနိုင် သော အပြောင်းအလဲများကတော့ ရှေ့ဆက်ပြီး ရောက်လာ ပေ တော့မည်။ အဆောက်အအုံဖြိုသည့် သံလုံးကြီးများ နှင့်ပတ်သက်ပြီး မိမိတို့ သိထားရမည်က ၎င်းတို့သည် စိတ်ထင်သလို လမ်းကြောင်းမျိုးစုံကို ရမ်းခါလာတတ်ပြီး ခန့်မှန်းရ အလွန်ခက်ခဲသည်' ‌ဆိုခြင်းပင် ဖြစ်သည်။

 

(၂၀၂၆ အောက်တိုဘာ ၂၀ ရက်နေ့ အီကောနော်မစ် ပါ "MAGA foreign policy is a mess. Democrats disagree on what comes next" ဆောင်းပါးကို ပြန်လည် တင်ပြသည်။)