တခေတ်ဆန်း အာဏာရှင် ဝါဒ တည်ဆောက်လာခြင်း (၁၉၉၂-၂၀၀၂) - (၁၂)
အစိုးရသည် ၎င်း၏ ပစ်မှတ်များကို ရွေးချယ်ရာတွင် ပိုမို ပါးနပ်စိစစ်လာခဲ့သည်။ သဘောထားကွဲလွဲသူများကို တရားစွဲဆို၍ ထောင်ဒဏ်ချမှတ်ခြင်းအား ယခင်ကထက် လျှော့ချလိုက်ပြီး "နိုင်ငံတော်အာဏာကို ယိမ်းယိုင်စေမှု" ဟူသော စွပ်စွဲချက်မျိုးအစား "အများပြည်သူ အေးချမ်းသာယာမှုကို နှောင့်ယှက်မှု" ကဲ့သို့သော နိုင်ငံရေးနှင့် တိုက်ရိုက် မသက်ဆိုင်သည့် ပြစ်မှုများဖြင့်သာ ပြစ်ဒဏ်ခတ်ရန် ရွေးချယ်လာကြသည်။
ပြည်တွင်းရှိ နိုင်ငံရေးအတိုက်အခံများကို ခေါင်းမထူနိုင်အောင် ပြုလုပ်ရန်နှင့် ၁၉၈၉ နောက်ပိုင်း အစိုးရအနေဖြင့် အနောက်နိုင်ငံ အစိုးရများထံမှ ရင်းနှီးမြှုပ်နှံမှု၊ နည်းပညာနှင့် ဈေးကွက်များ ဆက်လက် ရရှိနိုင်ရေးအတွက် ဆွဲဆောင်စည်းရုံးနေရ၍ ၎င်းတို့အား နှစ်သိမ့်နိုင်ရန်အတွက် ပါတီသည် ထိန်းချုပ်ရခက်သော နာမည်ကျော် သဘောထားကွဲလွဲသူ နီးပါး အားလုံကို ပြည်ပသို့ ပြည်နှင်ဒဏ်ပေးခဲ့သည်။
၎င်းတို့အနက် ၁၉၇၈-၁၉၇၉ ဒီမိုကရေစီနံရံ လှုပ်ရှားမှု ၏ သင်္ကေတဖြစ်သူ ဝေကျင်းရှန်း နှင့် ၁၉၈၉ တီယန်မင် ဆန္ဒပြပွဲ ခေါင်းဆောင်များဖြစ်ကြသော ဝမ်တန်း နှင့် ဝမ်ကျွင်းထောင်း တို့ကဲ့သို့ ခေါင်းဆောင်များလည်း ပါဝင်ခဲ့သည်။
တီယန်မင် အရေးအခင်းအပြီးတွင် တရုတ်အစိုးရသည် ၎င်း၏ အာဏာစက် ထိန်းချုပ်နိုင်စွမ်းကို အရှိန်အဟုန်မြှင့် တိုးမြှင့်ခဲ့ရုံမျှမက ဖိနှိပ်ချုပ်ချယ်သည့် နည်းဗျူဟာများကိုလည်း ပိုမို သိမ်မွေ့နက်နဲအောင် ပြောင်းလဲကျင့်သုံးနိုင်ခဲ့သည်။ ထိုသို့ ဖြစ်လာရသည် မှာလည်း တီယန်မင် အကျပ်အတည်းအတွင်း အာဏာလက်လွှတ်ရမည့် ဘေးနှင့် သီသီ လေး ကြုံတွေ့ခဲ့ရမှုကြောင့် ပါတီအနေဖြင့် မိမိ၏ အင်အားသုံး ထိန်းချုပ်နိုင်စွမ်းသည်သာ အစိုးရအဖွဲ့ ရေရှည်တည်တံ့ရေး၏ အဓိက အာမခံချက်ဖြစ်ကြောင်းနှင့် ယင်းကဲ့သို့သော အကျပ်အတည်းမျိုး ထပ်မံမဖြစ်ပွားအောင် ကြိုတင်ကာကွယ်ခြင်းသည် ရက်စက်စွာ နှိမ်နင်းခြင်းထက် အဆပေါင်းများစွာ ပိုမိုကောင်းမွန်ကြောင်း သဘောပေါက်နားလည်လာခဲ့ သော ကြောင့်ပင် ဖြစ်သည်။
၁၉၉၀ ပြည့်လွန်နှစ်များ စီးပွားရေး တိုးတက်လာမှုနှင့်အတူ အခွန်ဘဏ္ဍာရငွေ လျှင်မြန်စွာ မြင့်တက်လာခြင်းကလည်း အစိုးရအား တရားဥပဒေ စိုးမိုးရေးနှင့် စောင့်ကြည့်ထောက်လှမ်းရေး ကဏ္ဍများတွင် အရင်းအမြစ်များ ပိုမို စိုက်ထုတ်နိုင်စေခဲ့သည်။
ယခုကဲ့သို့ အာဏာရှင်ဆန်သော သိမ်မွေ့သည့် ဖိနှိပ်ရေး နည်းဗျူဟာများသို့ ပြောင်းလဲလိုက်ခြင်းဖြင့် ပါတီသည် နိုင်ငံရေးအရ ခြိမ်းခြောက်မှု အနည်းငယ်ကိုသာ ပိုမိုထိရောက်စွာ ပစ်မှတ်ထား ချေမှုန်းနိုင်ခဲ့ပြီး ပြည်သူ အများစုကိုမူ ထိခိုက်မှုမရှိဘဲ ချန်ထားနိုင်ခဲ့သည်။
နိုင်ငံရေးအရ ကြည့်လျှင်လည်း ရွေးချယ်ဖိနှိပ်သည့် နည်းလမ်းသည် ပါတီအတွက် အလွန်ထိရောက်ခဲ့၏။ စီးပွားရေး တိုးတက်ကောင်းမွန်လာသည်နှင့်အမျှ သာမန် ပြည်သူအများစုမှာ ကိုယ်ရေးကိုယ်တာ လွတ်လပ်ခွင့်များ ပိုမို ရရှိခံစားခဲ့ကြရပြီး၊ ယင်းမှတဆင့် အစိုးရအပေါ် ပြည်သူလူထု၏ ထောက်ခံမှုကို ရရှိစေခဲ့သည်။
ပထဝီနိုင်ငံရေးအရမူ ထိုသို့သော သိမ်မွေ့သည့် အာဏာရှင်ဆန်သော ဖိနှိပ်မှုများသည် တရုတ်နိုင်ငံနှင့် အနောက်အုပ်စုရှိ အဓိက ကုန်သွယ်ဖက် နိုင်ငံများအကြား တင်းမာမှုများကို လျှော့ချပေးနိုင်ခဲ့သည်။ ထို့ပြင် တရုတ်နိုင်ငံနှင့် စီးပွားရေးအရ ထိတွေ့ဆက်ဆံခြင်းသည် အနာဂတ်တွင် စီးပွားရေး လွတ်လပ်ခွင့်မှတဆင့် နိုင်ငံရေး ပွင့်လင်းမှုဆီသို့ ဦးတည်သွားနိုင်သည်ဆိုသည့် ခိုင်လုံသော သက်သေအဖြစ် ပြသရာ ရောက်ခဲ့ပေသည်။
ပိုမိုခေတ်မီဆန်းပြားသော ဖိနှိပ်ချုပ်ချယ်သည့် နည်းဗျူဟာများကို ကျင့်သုံးလာခဲ့ကြသော်လည်း အာဏာရှင်စနစ်၏ မရှိမဖြစ်လိုအပ်သော ဗျူရိုကရေစီ အဖွဲ့အစည်းများနှင့် အစုလိုက်အပြုံလိုက် အကြမ်းဖက်မှုများ နှိမ်နှင်းရန် အသုံးချရသည့် ယန္တရားများမှာမူ မူလအတိုင်း ဆက်လက် တည်ရှိနေဆဲဖြစ်သည်။ ပါတီ၏ အာဏာကို တိုက်ရိုက် ရဲရဲဝံ့ဝံ့ စိန်ခေါ်လာသည့် အခြေအနေမျိုးနှင့် ကြုံတွေ့ရသည့်အခါ — ၁၉၉၉ ခုနှစ်တွင် ဖာလွန်းဂေါင်း ဝိညာဉ်ရေးရာ အုပ်စုက ဆန္ဒပြမှုများ ပြုလုပ်ခဲ့စဉ်ကကဲ့သို့ပင် — ပါတီသည် ထို ယန္တရား များကို လျင်မြန်စွာပင် စုစည်း နိုင်ခဲ့သည်။
တနိုင်ငံလုံး အတိုင်းအတာဖြင့် နောက်လိုက်သန်းပေါင်းများစွာ ရှိသည်ဆိုသော ဤအဖွဲ့ကို ပါတီခေါင်းဆောင်ပိုင်းက ပိတ်ပင်ကြောင်း အမိန့်ထုတ်ပြန်ပြီးနောက် တရုတ်ရဲတပ်ဖွဲ့သည် ၎င်းတို့၏ ခေါင်းဆောင်များနှင့် နောက်လိုက်များကို ဖမ်းဆီးခြင်း၊ ထောင်ချခြင်းနှင့် ညှဉ်းပန်းနှိပ်စက်ခြင်းတို့ဖြင့် အလွန်တရာ ရက်စက်ကြမ်းကြုတ်သော နည်းလမ်းများကို အသုံးပြုခဲ့ကြရာ၊ နှစ်ပေါင်းများစွာ စနစ်တကျ ဖွဲ့စည်းထားသော ထို အဖွဲ့ကြီးကို နှစ်အနည်းငယ်အတွင်းမှာပင် ထိရောက်စွာ ဖြိုခွင်းဖျက်ဆီးပစ်နိုင်ခဲ့သည်။
ဖာလွန်း ဂေါင်း တဖွဲ့လုံး နီးပါး လုံးဝဥဿုံ ပျက်သုဉ်းသွားခဲ့ရခြင်းသည် နောက် ဆယ်စုနှစ် အကြာ တွင် ရှီကျင့်ဖျင်လက်ထက် အာဏာရှင်စနစ် ပြန်လည်ရောက်ရှိလာမည်ဖြစ်ကြောင်းကို ကြိုတင် နိမိတ်ပြနေခဲ့ခြင်းပင် ဖြစ်ပေသည်။