ဂျိုးဘိုင်ဒင်သာ နိုဝင်ဘာ ၃ ရက်နေ့ ရွေးကောက်ပွဲကို အနိုင်ရသွားမည်ဆိုလျင် ဝမ်းနည်းကြေကွဲကြမည့် ကမ္ဘာခေါင်းဆောင်များ စာရင်းက စိတ်ကူးနိုင်သလောက် ရှည်လျားစွာ ထွက်ပေါ်လာမည် ဖြစ်သည်။
ထိုအထဲတွင် ကင်ဂျုံအန်းသည် ထိပ်ဆုံးမှ ပါဝင်လာမည်ဖြစ်သည်၊ ဒုံးကျည်တစင်း ပြစ်လွှတ်လိုက်တိုင်း သူ့အား ကပ်ဖားရပ်ဖားလုပ်လာသည့် မိတ်ဆွေ ကြီး က ရှိတော့မည်မဟုတ်၊
ဖီလစ်ပိုင် သမ္မတ သည်လည်း ကမ္ဘာ အဖွဲ့အစည်းများကို မထေမဲ့မြင် အတူ လုပ်နေကျ စိတ်တူ ကိုယ်တူ မိတ်ဆွေကြီး ဆုံးရှုံးသွားပေတော့မည်။
ပူတင်သည်လည်း သူအမုန်းကြီး မုန်းခဲ့သည့် အိုဘာမား လူများ အိမ်ဖြူတော်သို့ ပြန်ရောက်လာတော့မည်။
ဆော်ဒီ အိမ်ရှေ့မင်းသား သည်လည်း နောက်တကြိမ် လူသတ်မှုကျုးလွန်လျင် ကယ်မည့်သူမရှိတော့။
တူရကီ သမ္မတ သည်လည်း အရှေ့အလယ်ပိုင်းတွင် လူတွင် ကျယ် လုပ်ခဲ့သည့် ရက်များကို တမ်းတနေပေရော့မည်။
သူတို့ အဖို့က ထရန့်ကို မြှောက်ပင့် ပြောဆိုခြင်း၊ သို့မဟုတ် ဟိုတယ်၊ အပန်းဖြေ စခန်းများ ဆောက်နိုင်စရာ ရှိသည်ဟူသော ညှော်နံ့ပေးလို့ မရကြတော့။
တရုတ် သမ္မတကြီး ရှီသည်လည်း သူ့လှည့်စားချင်တိုင်း လှည့်စား၍ ရသည့်၊ ကျပ်ခြင်တိုင်း ကျပ်၍ရခဲ့သည့် မိတ်ဆွေကြီး အတွက် သူ ပြန် အရွေးခံရအောင် ဒီထက် လုပ်ပေးနိုင်ခဲ့လျင် ကောင်းလေစွ ဟု နောင်တရနေရှာတော့မည်။
ရှီ အဖို့က ဟွာဝေး နှင့် တစ်တော့ တို့ ဆုံးရှုံးသွားသော်လည်း တဖက်တွင် ထရန့်ကြောင့် ကမ္ဘာတဝှမ်း အမေရိကန်၏ soft power ကျဆင်းလာမှုကြောင့် မိမိတို့ အရင်ကထက် ရဲရဲတင်းတင်း လုပ်နိုင်ခဲ့သည် နှင့် စာလျင် ဖြေသာ ခဲ့ရသည် မဟုတ်ပါလား။
ဤသည်က Nikkei Asia Review မှ တိုကျို အခြေစိုက် သတင်းစာ ဆရာ နှင့်Japanization: What the world can learn from Japan's lost decades" ရေးသူ William Pesek ၏ တင်ပြချက်ဖြစ်သည်။
ကျွန်တော်၏ အမြင်ကို တင်ပြပါမည်၊ ကျွန်တော်တို့ အဖို့ bigger picture ကို ကြည့်တတ်ဖို့ လိုပေသည်။
ထရန့်၏ လေးနှစ် သက်တမ်းအတွင်း သူ့ကြောင့် တရုတ်တို့ ခေါင်းမထောင်ရဲအောင် ငြိမ်ကုပ်သွားခဲ့ပါသလော။
ဟောင်ကောင်ကို သူ့မျက်စိရှေ့မှောက်မှာပင် တရုတ်က ဝင်ရောက် သိမ်းပိုက်သွားခဲ့ပြီ မဟုတ်လော၊ ဒီမိုကရေစီ အရေး လှုပ်ရှားသူများ အဖမ်းခံကြရ၊ ပြေးကြလွှားကြ ဖြစ်ကုန်ပြီ မဟုတ်ပါလော။
တောင်တရုတ် ပင်လယ်တွင် အမေရိကန် သမ္မတ အဆက်ဆက် တရုတ်တို့ မလုပ်ရဲခဲ့သည့် ၎င်းတို့ဖန်တီးထားသည့်ကျွန်းများတွင် ပင် စစ်အခြေစိုက်စခန်းများ ပြုလုပ်လာခြင်း၊ အင်အားပြလာခြင်းတို့ ကျုးလွန်ခဲ့ကြသည် မဟုတ်ပါလော။
တိုင်ဝမ်ကို သိမ်းယူရန် ဗြောင်ကျကျ စစ်ရေးလေ့ကျင်လာသည်၊ အမေရိကန်ပိုင် ဂူအမ်ကျွန်း ရှိ စစ်စခန်းကြီးကို ချေမှုန်းရန် ပင်လေ့ကျင့်လာခဲ့ပြီ မဟုတ်ပါလော၊
အမေရိကန်က မဟာမိတ် လုပ်ရန် ကြံနေသော အိန္ဒိယ ကိုပင် နယ်ခြားပြဿနာ ဖြစ်အောင် တမင်ဖန်တီးကာ ရန်စခဲ့ကြပြန်သည်။ ရှင်ကျန်းတွင်လည်း ပို၍ ပင် ဖိနှိပ်လာခဲ့သည်။
ကုန်သွယ်ရေး စစ်ပွဲသည်က ထရန့်သည် စီးပွားရေး သမားပီပီ အမေရိကန်တို့ တဖက်သတ် ခံနေရပြီဟူသော မခံချင်စိတ်ဖြင့်ထလုပ်ခဲ့ခြင်းသာ ဖြစ်သည်၊ ဤသည်ကလည်း ပီတာ နာဗာရို၊ မိုက်ကယ် ဘာနွန်ကဲ့သို့သော တဖက်စွန်းရောက်များ၏ အကြံညဏ်များ လည်း ပါသည်။
နောက်တချက်ကလည်း တရုတ်တို့မှ Made in China 2025 ဆိုပြီး အမေရိကန် အား စက်မှု နှင့် နည်းပညာ တွင် ဖြတ်ကျော်တက်မည်ဟု ဗြောင်ကျကျ ကြေငြာလိုက်သော အမှားကို ကျုးလွန်ခဲ့ကြခြင်း ကြောင့်ပင် ဖြစ်သည်၊ ထရန့်က သူ သမ္မတ ဖြစ်လာမှ ပြောလာခြင်းသည် စော်ကားမော်ကား လုပ်လိုက်ခြင်းဟု ယူဆပြီး တရုတ်ကို ဦးချိုး ပြစ်မည် can't let it happen under my watch ဟူသော personal mission တရပ် အဖြစ် ခံယူ လာခဲ့ခြင်း လည်း ဖြစ်သည်။
ယခု ကုန်သွယ်ရေး စစ်ပွဲ တွင် နောက်ဆုံးချုပ်ဆိုခဲ့သော သဘောတူ စာချုပ်အရ ဆိုလျင် သူက အခွန်တိုးကောက်သည်၊ တဖက်ကလည်း ပြန်တိုးကောက်သည်၊ Give and Take သဘောဖြင့် ဤနေရာတွင် ထရန့်ကြောင့် အကျိုးအမြတ် ရှိလာသူများသည် သူ့အား အဓိက ထောက်ခံနေကြသော အမေရိကန် လယ်သမား များ၊ ယှေလကျောက်မှ ရေနံထုတ်လုပ်နေကြသူများသာ အကြီးအကျယ် အကျိုးအမြတ် ထွက်ကုန်ကြသည်၊ ဤသည်ကလည်း တရုတ်ဖက်မှ ပို၍ ဝယ်ယူ တင်သွင်းပေးပါမည်ဟူသောကတိကြောင့်ပင် ဖြစ်သည်။ အဓိက နစ်နာသွားရသူများကတော့ တရုတ်ပစ္စည်းများကို ဈေးနှုန်းချိုချို ဖြင့် ဝယ်မရတော့မည့် အမေရိကန် လူဆင်းရဲများပင် ဖြစ်လေသည်။
၂၀၁၆ မှစ၍ တရုတ် နှင့် ကုန်သွယ်ရေး လိုငွေ ပြမှုအား ရိုက်ချိုးပြစ်မည် ဆိုသည်ကလည်း နဲနဲလေး အရာထင်သွားသည်သာ ရှိခဲ့သည် ယခင် အတိုင်းပင်။
အမေရိကန်တို့သာ အလဲလဲ အပြိုပြို ဖြစ်နေသော်လည်း တရုတ်ဖို့ အရှုံးထွက်ဖို့ နေနေသာသာ GDP ပင် အရင်အတိုင်းနီးပါး ပြန်လည် ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
မြန်မာ ပြည်နှင့် ပတ်သက်၍ ဆွေးနွေးပါမည်။
ထရန့်သည် မြန်မာသာမက အရှေ့တောင်အာရှ ကို လုံးဝ စိတ်ဝင်စားသူ မဟုတ်၊ အာရှ-ပစိဖိတ် ထိပ်သီး အစည်းအဝေးကိုပင် ကိုယ်တိုင်ကိုယ်ကျ တက်ရောက်ခဲ့ခြင်းမရှိ၊ သူ့အဖို့က G-20 လောက် အရေးမပါဟု ရှု့မြင်ထားသူဖြစ်သည်။
လက်ရှိ ထိုင်း တွင် ဖြစ်ပျက်နေသည်များကိုလည်း တခွန်းတပါဒမျှပင် ပြောဆိုခဲ့ခြင်း၏မရှိ။
မြန်မာပြည်တွင်လည်း အရေးတကြီး ကိစ္စများပေါ်ပေါက်လာနိုင်စရာ ရှိနေသည်။
မြန်မာပြည် အရေးတွင် အမေရိကန်အား ပြည်တွင်း ရေး တွင် ဝင်ရောက် ခြေမရှုပ်ရ ဘိုနေမြဲ ကျားနေမြဲသာ ဆက်၍ နေရမည် မိမိတို့မှ လိုချင်တာ အချို့ လိုက်လျောမည်ဟု တရုတ်မှ လျို့ဝှက် အပေးအယူ လုပ်လာမည်ဆိုက ထရန့်လို လူမျိုးက နှစ်ခါတောင် ပြန်ပြီး စဉ်း စားမည်မဟုတ်၊ ထိုးကြွေးလိုက်မည်သာ ဖြစ်သည်၊ သူ့အဖို့က deal လုပ်နိုင်ဖို့သာ အရေးကြီးသည်ဟု ခံယူထားသူ ဖြစ်သည်။
ထို့အတွက် ထရန့်နိုင်လျင် တရုတ်နှင့် ပတ်သက်၍ မြန်မာသည် မည်သို့မျှ ထူးခြားမည်မဟုတ်၊ အခြေအနေများက အရင်အတိုင်းဆက်ရှိနေပြီး အန္တရာယ်ပင် ရှိလာနိုင်သည်။
သို့သော် ဘိုင်ဒင် နိုင်မည်ဆိုကလည်း မြန်မာသည် ကျဉ်းထဲ ကျပ်ထဲ ရောက်လာနိုင်သည်၊ ဘိုင်ဒင်သည် လူ့အခွင့်အရေး၊ ဒီမိုကရေစီ အရေး အကြောင်းပြုကာ အားလုံးကို ပြန်ပြီး reset လုပ်လာနိုင်သည်၊ "ရိုဟင်ဂျာ" အရေးကို အကြောင်းပြူ၍ ဖိအားပေးလာနိုင်သည်။
ထို့အတွက် ထရန့်နိုင်လျင် မြန်မာအတွက် ထိုသို့ ကျဉ်းထဲ ကျပ်ထဲ မရောက်နိုင်သည့်အတွက် ကောင်းသည်ဆိုလျင် လက်ခံသည်။ ထရန့်နိုင်လျင် တရုတ် တို့ မြန်မာပြည် အားအနိုင်ကျင့်၍ မရ၊ တရုတ်တို့ ခေါင်းမထောင်ရဲဆိုသည့် သဘောကိုတော့လက်ခံနိုင်စရာ မရှိ။
တရုတ် ခေါင်းဆောင်များသည့် မက်စ်ဝါဒ အရည်ကျို သောက်ထားသူများ ဖြစ်၍ အိမ်ပွဲစားမှ သမ္မတ ဖြစ်လာသူကို ကောင်းစွာကိုင်တွယ်နိုင်မည်သာ ဖြစ်သည်၊ ယခုလည်းအမေရိကန် သမ္မတ ရွေးကောက်ပွဲကို စောင့်ကြည့်နေ၍ ငြိမ်နေကြခြင်းသာ ဖြစ်မည်။ ထရန့် နိုင်လျင် ၎င်းတို့ ပြီးခဲ့သည့် အပတ်အတွင်း ပြုလုပ်ခဲ့ကြသည့် တံခါးပိတ် အစည်းအဝေး ဆုံးဖြတ်ချက် အတိုင်း ဆက်လုပ်သွားကြမည်သာ ဖြစ်သည်။
တရုတ် ကွန်မြူနစ် ပါတီ ခေါင်းဆောင်ပိုင်းတွင်လည်း ထရန့် နှင့် ပတ်သက်၍ သဘော ကွဲလွဲနေကြသည်။ အချို့က ထရန့်ကို ရှုံးစေချင်နေကြသည်။ ဤသည်မှာလည်း လုပ်ချင်ရာ စိတ်ကူးပေါက်ရာ လုပ်သူဖြစ်ပြန်၍လည်း သူနှင့်ပတ်သက်၍ unpredictability ကြိုတင် ခန့်မှန်း၍ မရဖြစ်နေသောကြောင့်ပင်။
အချို့က နိုင်စေချင်နေကြသည်၊ ၎င်းတို့ပြည်တွင်း မကျေနပ်မှုများ၊ အဆင်မပြေမှုများ ရှိလာက မျိုးချစ်များကို အသုံးချ၍ ထရန့်ကြောင့်ဟု လွှဲချ၍ ရနိုင်သည်ဟု ယူဆကြသောကြောင့်ပင်။
အမေရိကန် ဖက်မှလည်း ထရန့် မှ အရှိန်မြှင့်တင်လိုက်သော တရုတ်ဆန့်ကျင်ရေး သဘောထားများကို လက်ခံလာကြပြီး နောက်ပိုင်း သမ္မတ အဆက်ဆက်က မည်သို့မျှ အလျော့ပေး၍ ရတော့မည် မဟုတ်သည်ကား ကြိမ်းသေသည်၊ တရုတ်ကိုအလျော့ပေး သဘောထားသည်ပင် ဝါရှင်တန်၌ political correctness မဟုတ်တော့သည့်အထိ ဖြစ်လာနေသောကြောင့်ပင် ဖြစ်သည်။ တရုတ်တို့ အဖို့ စီးပွားရေး အင်အား တောင့်လာသည်နှင့် အမျှ ကမ္ဘာတွင် လူပေါ်လူဇော် လုပ်ချင်သည့် စိတ်နှင့် အတူ ကော်ရိုနာ ဗိုင်းရပ်စ် ကြီး ဖြစ်လာမှုများကြောင့် မိတ်ဆွေ အများအပြား ဆုံးရှုံးသွားခဲ့ပြီ ဖြစ်၍ အမေရိကန်တို့ တရုပ်ကို ထိန်းချုပ်နိုင်ရေးသည် ယခင်ကထက်ပင် လွယ်ကူလာသည်၊ ထိုကိစ္စကို ဒီမိုကရက်များက ပို၍ ကျွမ်းကျင်စွာ ကိုင်တွယ်နိုင်မည်မှာသေချာသည်၊ ထရန်လို ပြူးပြူးပြဲပြဲ လုပ်ယုံနှင့် မရ။
မိမိတို့ နိုင်ငံ အနေဖြင့် ဘူမိနိုင်ငံရေး အရ လွန်စွာ အရေးပါသော အနေအထားတွင် ရောက်လာနေပြီ ဖြစ်သဖြင့် မည်သူနိုင်သည်ဖြစ်စေ နိုင်ငံတော် အတိုင်ပင်ခံ၏ ကြွယ်ဝသော နိုင်ငံရေး ပရိယာယ် ဖြင့်သာ နိုင်ငံကြီးများ၏ အားပြိုင်မှုအကြားတွင် win-win အနေအထား ဖန်တီးယူနိုင်မည် ဖြစ်သည်။ ထိုအရေးအား သူမထက် သာအောင် လုပ်ပြနိုင်သူ တဦးတလေမျှပင် မရှိသည်ကား သေချာသည်ထက် သေချာနေပေတော့သည်။