မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန်ဖြစ်သူ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မာရီယာ သီရီဆာ လာဇာရို သည် ဗုဒ္ဓဟူးနေ့ (အောက်တိုဘာ ၂၈ ရက်) နှင့် ကြာသပတေးနေ့တို့တွင် နှစ်ရက်ကြာ ခရီး အဖြစ် နေပြည်တော်သို့ ရောက်ရှိမည်ဖြစ်ကြောင်း ၎င်း၏ ထိုင်းနိုင်ငံခြားရေးဝန်ကြီး တွဲဖက်က ပြောကြားခဲ့သည်။
၆ နှစ် နီးပါး မင်း အောင်လှိုင်၏ ဖမ်းဆီးထိန်းသိမ်ခံနေရသူ လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခြင်း ရှိ၊ မရှိကိုမူ ချက်ချင်း ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေ။
ထိုင်း နိုင်ငံခြား ရေး ဝန်ကြီး ဆီဟာဆက် ဖွမ်ကေအို က ခရီးစဉ်အသေးစိတ်ကို "လက်ရှိတွင် ဆွေးနွေးညှိနှိုင်းနေဆဲဖြစ်သည်" ဟု အင်္ဂါနေ့က ဘန်ကောက်မြို့ရှိ သတင်းထောက်များအား ပြောကြားခဲ့သည်။
ထိုအထဲတွင် လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ဆုံခွင့်ရရေး ပါမပါ ဆိုသည်က အတည် မပြု နိုင်သေး သော်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ တာဝန်ရှိသူတဦးက ဒေါ်အောင်ဆန်းစုကြည်သည် ၎င်း၏ ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်း အမှတ် (၅၄) ရှိ နေအိမ်ရှိ ဗီရိုထဲမှ ဝတ်စုံ ၂၀ ကို ပေးပို့ရန် စစ်အုပ်စု မှ တဆင့် တောင်းဆိုခဲ့၍ အမှတ် ၅၄ တက္ကသိုလ် ရိပ်သာ လမ်းရှိ ဝန်ထမ်း များကို အသိပေးလာသည် ဆိုသော သတင်းကိုလည်း ဒီဘီဗီ ၏ ဖေါ်ပြခဲ့မှု သည်လည်း ရှိနေပြန်သည်။
NLD ပါတီဘက်မှ ထွက်ပေါ်လာသော "ဒေါ်အောင်ဆန်းစုကြည်က ၎င်း၏ နေအိမ်မှ ဝတ်စုံ ၂၀ တောင်းဆိုသည်" ဟူသော သတင်းသည် ၎င်း၏ ကျန်းမာရေး သို့မဟုတ် ထိန်းသိမ်းထားရှိမှု အခြေအနေ ပြောင်းလဲခြင်း ရှိ၊ မရှိ သံတမန်များအကြား စိတ်ဝင်စားစရာ ဖြစ်နေပြီး၊ အထူးသံတမန်အနေဖြင့် သူမ၏ အခြေအနေကို လူကိုယ်တိုင် သိရှိခွင့်ရရန် ပိုမို ကြိုးပမ်းလာနိုင်ပါသည်။
အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်သော လာဇာရို သည် ယခုနှစ်အစောပိုင်းက ဒေါ်အောင်ဆန်းစုကြည်နှင့် "ခဏတာ တွေ့ဆုံခွင့်" ပေးရန် တောင်းဆိုခဲ့သော်လည်း ငြင်းပယ်ခြင်း ခံခဲ့ရသည်။
ယင်းအား တုံ့ပြန်သည့်အနေဖြင့် ဖိလစ်ပိုင်နိုင်ငံက ယခုအခါ ဒေါ်အောင်ဆန်းစုကြည်အား "အလုံးစုံနှင့် ခြွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးရန်" နှင့် တွေ့ဆုံခွင့်ရရှိရေးအတွက်လည်း ထပ်မံတောင်းဆိုခဲ့သည်။
လာဇာရို ၏ ခရီးစဉ်သည် ထိပ်သီးခေါင်းဆောင်များအစည်းအဝေး မတိုင်မီ ကျင်းပမည့် အာဆီယံဝန်ကြီးများအစည်းအဝေးသို့ အထူးသံတမန်အနေဖြင့် ပြန်လည်အစီရင်ခံတင်ပြနိုင်ရန် အချိန်ကိုက်စီစဉ်ထားခြင်းဖြစ်ကြောင်း နှင့် သူမပြန်လည်တင်ပြနိုင်ဖို့အတွက် ထူးခြားတဲ့တိုးတက်မှုအချို့ ရှိလာလိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့် ကြောင်း ဆီဟာဆက် က ပြောကြားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့် ရ၊ မရကို ချက်ချင်း ထုတ်ဖော်မပြောနိုင်ခြင်းနှင့် ခရီးစဉ်အသေးစိတ်ကို "ညှိနှိုင်းနေဆဲ" ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ဆိုထားခြင်းကြောင့် စစ်အုပ်စုဘက်က ဆက်လက်တင်းခံထားမည့်သဘော ရှိနေသည်။
ဤခရီးစဉ်သတင်းကို ကာယကံ ရှင် ဖိလစ်ပိုင်ထက် ထိုင်းနိုင်ငံခြားရေးဝန်ကြီးက စတင်ထုတ်ဖော်ပြောကြားခဲ့ခြင်းက စိတ်ဝင်စားစရာ ဖြစ်နေပြီး ထိုင်းသည် လျို့ဝှက်ထားသင့်သည် များကို လျို့ဝှက်မထားဘဲ ထုတ်ဖေါ်ပြောဆိုလာခြင်းသည် စစ်အုပ်စု အား နောက်ကြော ဓါးနှင့် ထိုးခြင်းလော၊ သို့မဟုတ်ပါက မြန်မာ့အရေးတွင် ထိုင်းနိုင်ငံသည် အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင် နှင့် စစ်အုပ်စု အကြား အဓိက သံတမန်ရေးရာ ပေါင်းကူးတံတား သို့မဟုတ် ပွဲစားအဖြစ် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေသည်ကို ပြသလို၍သာ ဖြစ်ပေမည်။
ဤခရီးစဉ်သည် မြန်မာ့အရေး တိုးတက်မှုပြသရန် အာဆီယံ၏ နောက်ဆုံး သံတမန်ရေးရာ ကြိုးပမ်းမှုဖြစ်ပြီး၊ စစ်အုပ်စု ဘက်က ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်၍ မည်မျှအထိ လိုက်လျောပေးမည်နည်းဆိုသည့်အပေါ်တွင်သာ ဤခရီးစဉ်၏ အောင်မြင်မှု အဆုံးအဖြတ် ဖြစ်လာမည် ဖြစ်သည်။
စစ်အုပ်စုသည် သဘောထား အလယ်အလတ် ရှိသော ဖိလစ်ပိုင် နှင့် အဆင်ပြေ အောင် မလုပ် နိုင်ပါက ၎င်းတို့အား လုံးဝ မဆက်ဆံလိုသည့် စင်္ကာပူ နှင့် ၂၀၂၇ တွင် ထိပ်တိုက် တွေ့ရတော့မည် ဖြစ်သည်။
စင်္ကာပူ ကိုလည်း အပြစ် ပြောလို့မရ၊ ယခုပင် မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟာဆန် က မလေးရှားနိုင်ငံမှ နေရပ်ပြန်ပို့လိုက်သည့် သူများထဲမှ ၃၀၀ ခန့်သည် ရန်ကုန်ရှိ စစ်ဘက်ဆိုင်ရာ ထိန်းသိမ်းရေးစခန်းများတွင် ဆက်လက်ဖမ်းဆီးခံထားရသည်ဟူသော သတင်းများနှင့် ပတ်သက်၍ မြန်မာနိုင်ငံထံမှ ရှင်းလင်းချက်တောင်းခံသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
တကယ်တော့ ထို လူ ၃၀၀ အား စစ်ထဲ ထဲ့ရန် စခန်းသွင်းထားခြင်းက ပို၍ ဖြစ်နိုင်ခြေ ရှိနေပေသည်။
ထိုသို့ မလေးရှားဖက်မှ စိုးရိမ် ပူပန်မှု များ ဖြစ်လာပြီး ထပ်မံ မပို့ရဲတော့၊ ၎င်းတို့ကလည်း လက်ခံစရာ မလိုတော့၊ ကွာလာလမ်ပူ သို့လည်း သွားခဲ့ရပြီ ဖြစ်သည် မဟုတ်ပါလား၊ အဘယ်အတွက်ကြောင့် များ ထပ်လက်ခံနေဖို့ လိုပေမည်နည်း။ ထိုသတင်းကို ပေါက်ကြား ပေးလိုက်ယုံဖြင့် ပျက်ပျယ်သွားပေတော့မည်။
နောက်ထပ် သတိထားမိစရာ များ တွေ့လာရသည်က မင်းအောင်လှိုင်၏ အရှိန်အဝါများ ကျဆင်းလာနေပြီလား ဆိုသည့် အချက်ပင် ဖြစ်သည်။
ပြည်သူတို့ ၏ တရားသော စစ် မုချ အောင်ရမည်!!!