အာဏာ နှင့် လွှမ်းမိုးချုပ်ကိုင်မှုကို ကျော်လွန်၍ ဦးဆောင်ရန် ရဲစွမ်းသတ္တိရှိသူ - ဒေါ် အောင်ဆန်းစုကြည်

by Hla Soewai - Nov 02 2026

DVB တွင် ပါရှိသည့် Alan Clements ၏ "Aung San Suu Kyi and the courage to lead beyond domination" ဆောင်းပါးမှ ကောက်နှုတ်တင်ပြသည်။

 

အောက်တိုဘာလ ၂၂ ရက်နေ့တွင် ကင်အဲရစ် သည် မိခင်ဖြစ်သူနှင့် ငါးနှစ်ကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် စကားပြောခွင့် ရရှိခဲ့သည်။

 

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်အာဏာသိမ်းမှုနောက်ပိုင်းမှစ၍ ဖမ်းဆီးထိန်းသိမ်းခံထားရသော ၎င်း၏ အသက် ၈၁ နှစ် ရှိပြီ ဖြစ်‌ သော မိခင်ကြီးသည် ယခုအခါ စစ်အုပ်ချုပ်ရေး အဆက်ဆက်ကာလများအတွင်း ထောင်ဒဏ်ကျခံရခြင်း သို့မဟုတ် နေအိမ်အကျယ်ချုပ်ဖြင့် နေထိုင်ရခြင်းတို့ကို စုစုပေါင်း နှစ်ပေါင်း ၂၀ ကျော် ဖြတ်သန်းခဲ့ရပြီဖြစ်သည်။ ယင်းကာလသည် သူမ ဘဝသက်တမ်း၏ လေးပုံတပုံခန့်နှင့် ညီမျှသည်။

 

သားဖြစ်သူ သည် မိခင်၏အသံကို ပြန်လည်ကြားခွင့် ရရှိခဲ့သည်။ သို့သော် ထိုသို့ ၎င်းတို့ ချစ်ရသူများနှင့် ပြန်လည်ဆုံတွေ့ခွင့်ရရန် ယနေ့တိုင် စောင့်မျှော်နေကြရသည့် မရေမတွက်နိုင်သော မိသားစုများ ရှိနေကြသည်။

 

ထိုသားအမိနှစ်ဦး စကားပြောခွင့်ရခဲ့ခြင်းကို ကျွန်ုပ်တို့ ဝမ်းမြောက်စွာ ကြိုဆိုသင့်ပါသည်။ သို့သော် အာဏာပိုင်များက ခြွင်းချက်အနေဖြင့် ခွင့်ပြုပေးလိုက်ခြင်းကို မူလကတည်းက ရရှိသင့်သည့် အခွင့်အရေးတရပ် ပြန်လည်ပေးအပ်လိုက်ခြင်းနှင့် မရောထွေးသင့်ပါ။

 

ဒေါ်စုနှင့် ကျွန်ုပ် အကြိမ်ကြိမ် စကားပြောဆိုခဲ့ရာမှ လွတ်လပ်မှုနှင့်ပတ်သက်သည့် သူမ၏ အမြင်တရပ်ကို ကျွန်ုပ် နားလည်လာခဲ့သည်။ ထိုအမြင်အရ ဆွေးနွေးညှိနှိုင်းခြင်းသည် ပျက်စီးဆုံးရှုံးမှုဆီသို့ ဦးတည်နေသည့် အရှိန်အဟုန်ကို ဟန့်တားနိုင်သည်။ ပြန်လည်သင့်မြတ်ရေးသည် မျိုးဆက်တဆက်မှ တဆက်သို့ လက်ဆင့်ကမ်းလာသည့် လက်စားချေမှုသံသရာကို ဖြတ်တောက်နိုင်သည်။ ထို့ပြင် နိုင်ငံရေးဆိုင်ရာ ရဲစွမ်းသတ္တိဆိုသည်မှာ မိမိ၏ ရန်ဘက်ဖြစ်သူကိုလည်း လူသားတဦးအဖြစ် အသိအမှတ်ပြုကာ လူသားဆန်စွာ ဆက်ဆံနိုင်ခြင်းလည်း ပါဝင်သည်။

 

စက်တင်ဘာလတွင် ကင်သည် “Free Her” ဟူသော လှုပ်ရှားမှုကို စတင်ခဲ့ပြီး မိခင်ဖြစ်သူကို ပြန်လွှတ်ပေးရန်နှင့် မြန်မာနိုင်ငံတွင် မတရားဖမ်းဆီးအကျဉ်းချခံထားရသူ အားလုံးကို လွတ်မြောက်ခွင့်ပေးရန် ၎င်း၏ တောင်းဆိုမှုကို အသစ်တဖန် အရှိန်မြှင့်တင်ခဲ့သည်။

 

ကျွန်ုပ်၏ လုပ်ဖော်ကိုင်ဖက် ဖာဂတ်စ် ဟာလို နှင့် ကျွန်ုပ်သည် နောက်ထပ်တောင်းဆိုမှုတစ်ရပ်ဖြစ်သည့် “Use Your Freedom” (သင်၏ လွတ်လပ်ခွင့်ကို အသုံးချပါ) ဟူသော ဆောင်ပုဒ်ကို နှစ်ပေါင်းများစွာ ကြိုးပမ်းလှုံ့ဆော်လာခဲ့ကြသည်။

 

ဤစကားစုနှစ်ခုကို ပေါင်းစပ်လိုက်သောအခါ လူတိုင်းပါဝင်လုပ်ဆောင်ကြရန် တိုက်တွန်းသည့် ဘုံတောင်းဆိုမှုတစ်ရပ် ဖြစ်လာသည်။

 

“Free Her” ဆိုသည်မှာ မည်သည့်အရာကို လုပ်ဆောင်ရမည်ဆိုသည့် ရည်မှန်းချက်ကို ဖော်ပြခြင်းဖြစ်သည်။ “Use Your Freedom" ဆိုသည်မှာ ထိုရည်မှန်းချက် အောင်မြင်လာစေရန် ကျွန်ုပ်တို့တဦးချင်းစီက မည်သို့ ပါဝင်လုပ်ဆောင်ကြမည်နည်းဟု မေးခွန်းထုတ်ခြင်းဖြစ်သည်။

 

မြန်မာနိုင်ငံနှင့် ကျွန်ုပ်၏ ဆက်နွှယ်မှုသည် လွန်ခဲ့သော နှစ်ပေါင်း ၅၀ နီးပါးကတည်းက စတင်ခဲ့သည်။ ကျွန်ုပ်သည် ဗုဒ္ဓဘာသာရဟန်းတပါးအဖြစ် မြန်မာနိုင်ငံတွင် နေထိုင်ခဲ့ပြီး မဟာစည်ဆရာတော်နှင့် ဆရာတော် ဦးပဏ္ဍိတတို့ထံတွင် ပညာသင်ယူခဲ့သည်။ ထို့နောက် မြန်မာနိုင်ငံ၏ ဒီမိုကရေစီရရှိရေးအတွက် အကြမ်းမဖက်သော နည်းလမ်းဖြင့် ဆင်နွှဲသည့် ရုန်းကန်လှုပ်ရှားမှုကို အခိုင်အမာ ထောက်ခံအားပေးသူတဦး ဖြစ်လာခဲ့သည်။

 

တရားထိုင်ခြင်းဘက်သို့ ကျွန်ုပ်ကို ဆွဲဆောင်ခဲ့သည့် မေးခွန်းများသည် နိုင်ငံရေးလောကထဲသို့ ဝင်ရောက်လာသည့်အခါတွင်လည်း ကျွန်ုပ်နှင့်အတူ ပါလာခဲ့သည်။

 

ကြောက်ရွံ့မှုမှသည် နာခံမှုအဖြစ် မည်သို့ ပြောင်းလဲသွားသနည်း။ ဆင်းရဲဒုက္ခခံစားရမှုသည် မည်သို့ ရက်စက်ကြမ်းကြုတ်မှုအဖြစ်သို့ ပြောင်းလဲသွားသနည်း။ ဖိနှိပ်သူများကို တိုက်ဖျက်ရာမှာ မိမိတို့ တိုက်ဖျက်နေသူ များ၏ တရားမှု ပုံစံအတိုင်း ကိုယ်တိုင် လိုက်ပါ ပြောင်းလဲမသွားဖို့ သတိထားနိုင်ပါမည်လား။

 

၁၉၉၅ နှင့် ၁၉၉၆ တွင် အာဏာရှင်စနစ်၏ အန္တရာယ်များနှင့် ကန့်သတ်ချုပ်ချယ်မှုများအောက်၌ ခြောက်လတာကာလအတွင်း စကားပြောဆိုမှုများ ပြုလုပ်ခဲ့ကြသည်။ ထိုကာလအတွင်း ကျွန်ုပ်သည် ရန်ကုန်မြို့ရှိ ဒေါ်စု၏ နေအိမ်တွင် သူမနှင့်အတူ ထိုင်ကာ ဆွေးနွေးပြောဆိုခဲ့သည်။ ထိုစကားဝိုင်းများကို နောက်ပိုင်းတွင် The Voice of Hope (မျှော်လင့်ချက်၏ အသံ) ဟူသော စာအုပ်အဖြစ် ထုတ်ဝေခဲ့သည်။

 

ကျွန်ုပ်တို့နှစ်ဦးသည် ဆရာတော် ဦးပဏ္ဍိတကို အတူတကွ ဆည်းကပ်သင်ယူခဲ့ကြသည်။ ဆရာတော်သည် မြန်မာနိုင်ငံမှ ဝိပဿနာတရားအားထုတ်မှု များနှင့် ပတ်သက်၍ တိကျပြတ်သားပြီး စည်းကမ်းတင်းကျပ်သော သင်ကြားလမ်းညွှန်မှု ပေးခဲ့သဖြင့် ကျွန်ုပ်တို့၏ လုပ်ရပ်များနောက်ကွယ်တွင် ရှိနေသော ရည်ရွယ်ချက်များကို သတိပြုဆန်းစစ်တတ်လာစေခဲ့သည်။

 

ဤကဲ့သို့သော တူညီသည့် စိတ်ပိုင်းဆိုင်ရာ အခြေခံဆက်နွှယ်မှုကြောင့် ကျွန်ုပ်တို့၏ ဆွေးနွေးမှုများသည် နိုင်ငံရေးအခြေအနေများကို ခွဲခြမ်းစိတ်ဖြာဆွေးနွေးခြင်းထက် ပိုမိုနက်ရှိုင်းသည့် အဓိပ္ပာယ်ကို ရရှိခဲ့သည်။ ကျွန်ုပ်တို့သည် အသိစိတ်၏ လွတ်မြောက်မှုနှင့် နိုင်ငံတနိုင်ငံ၏ လွတ်မြောက်မှုတို့အကြားရှိ ဆက်နွှယ်မှု ကို အတူတကွ စူးစမ်းလေ့လာနေခဲ့ကြခြင်း ဖြစ်သည်။

 

ကျွန်ုပ်အတွက် ယခုထိ အဆွဲဆောင်နိုင်ဆုံးအချက်မှာ ရန်ဘက်ဖြစ်နေသူများအကြား ကွဲပြားမှုနှင့် ရန်ငြိုးရန်စများ ရှိနေသော်လည်း လူသားတဦးအနေဖြင့် ပြောင်းလဲနိုင်သည့် အလားအလာကို ပိတ်မပစ်ဘဲ ဖွင့်ထားရန် သူမက အခိုင်အမာ ရပ်တည်ခဲ့ခြင်းဖြစ်သည်။ ရန်ဘက်တစ်ဦးကို ရင်ဆိုင်နိုင်သည်၊ စိန်ခေါ်နိုင်သည်၊ မိမိလုပ်ရပ်များအတွက် တာဝန်ယူစေနိုင်သည်။ သို့သော် ထိုသို့လုပ်ဆောင်နေစဉ်မှာပင် ထိုသူသည် မိမိ၏အပြုအမူကို ပြောင်းလဲရန် ရွေးချယ်နိုင်စွမ်းရှိသူတဦးအဖြစ် ဆက်လက်ဆက်ဆံနိုင်သေးသည်။

 

ရန်သူတဦး ပြောင်းလဲနိုင်သည်ဟူသော အယူအဆကို အန္တရာယ်ရှိသော အထင်မှားမှုတခုအဖြစ် မကြာခဏ သဘောထားတတ်သည့် နိုင်ငံရေးလောကတွင် ဤအယူအဆကို လက်ခံကျင့်သုံးရန်မှာ လွယ်ကူလှသည်မဟုတ်ပေ။ လူတဦး၏ အပြုအမူကို ပြောင်းလဲစေလိုသည်ဆိုလျှင် ထိုသူသည် ပြောင်းလဲနိုင်စွမ်းရှိသူဖြစ်ကြောင်းကို အသိအမှတ်မပြုဘဲ မည်သို့ဆက်ဆံနိုင်မည်နည်း။

 

ဤ အခြေအနေတွင် လက်လျှော့အရှုံးပေးသည့် သဘောမျိုး လုံးဝမပါဝင်ပေ။ ဆွေးနွေးညှိနှိုင်းမှုတခု ပြုလုပ်ရန်အတွက် ဖြစ်ပျက်ခဲ့သမျှကို သတ္တိရှိရှိ ထုတ်ဖော်ပြောဆိုရမည်၊ ကြားရခက်ခဲသော အကြောင်းအရာများကိုလည်း နားထောင်နိုင်ရမည်။ ထို့အပြင် မိမိ၏ ရပ်တည်ချက်နှင့် အမှန်အ မှားဆုံးဖြတ်ချက်ကို စွန့်လွှတ်မပစ်ဘဲ ဆွေးနွေးမှုအတွင်း ဆက်လက်ပါဝင်နေနိုင်ရမည်။

 

အမည်နှင့်ထိုက်တန်သော ပြန်လည်သင့်မြတ်ရေးတစ်ရပ် ဖြစ်လာရန်အတွက် အမှန်တရားကို ဖော်ထုတ်ခြင်း၊ တာဝန်ခံမှုရှိခြင်းနှင့် ထိခိုက်နစ်နာခဲ့သူများ၏ လူ့ဂုဏ်သိက္ခာကို လေးစားခြင်း တို့ လိုအပ်သည်။ ထိုအချက်များ မရှိပါက ပြန်လည်သင့်မြတ်ရေးဆိုသည်မှာ အာဏာရှိသူများက ငြိမ်းချမ်းရေး၏ အဖိုးအခကို ထိခိုက် နစ်နာခဲ့ရသူများကသာ ပေးဆပ်ကြရန် တောင်းဆိုသည့် နောက်ထပ်သဘောတူညီမှုတခုမျှသာ ဖြစ်သွားပေလိမ့်မည်။

 

ရန်ဘက်တဦး၏ နှလုံးသားကို ထိတွေ့ပြောဆိုခြင်းဆိုသည်မှာ ထိုသူ၏ အတွင်းစိတ်၌ ကျန်ရှိနေသေးသည့် မိမိလုပ်ရပ်အတွက် တာဝန်ယူနိုင်စွမ်းကို ရှာဖွေဖော်ထုတ်ရန် ကြိုးစားခြင်းဖြစ်သည်။ ထိုသို့ပြောဆိုခြင်းသည် အတိတ်က ထိခိုက်နစ်နာစေခဲ့မှုများကို မဖြစ်ခဲ့သကဲ့သို့ ဟန်ဆောင်ခြင်းမပြုဘဲ ထိုပုဂ္ဂိုလ် အနေဖြင့် အခြားသူများကို ဆက်လက်ထိခိုက်နစ်နာစေခြင်းမှ ရပ်တန့်နိုင်မည့် လမ်းတလမ်းကို ဖွင့်ပေးခြင်းဖြစ်သည်။

 

အစိုးရများနှင့် ကြားဝင်စေ့စပ်ပေးသူများအတွက် စိန်ခေါ်မှုမှာ ထိုသို့ပြောင်းလဲနိုင်မည့် အခွင့်အလမ်းကို ဆက်လက်ထိန်းသိမ်းထားရင်း အတင်းအကျပ်ဖိအားပေးသူအား အနိုင်ရသလို အကျိုးခံစားခွင့် မပေးရသလို၊ ထိခိုက်နစ်နာခဲ့သူများ၏ အခွင့်အရေးများကို အလဲအလှယ်လုပ်ကာ စွန့်လွှတ်မပစ်ရန် ဖြစ်သည်။ ပြောင်းလဲလာရန် ဖိတ်ခေါ်မှုနှင့်အတူ၊ ထိုဖိတ်ခေါ်မှုကို ငြင်းပယ်ခဲ့လျှင်လည်း ပြည်သူများကို ကာကွယ်ပေးနိုင်မည့် အစီအမံများ ရှိနေရမည်။

 

ဒေါ်စုသည် ကာလကြာရှည်စွာ လက်ဝါးကြီးအုပ်ထားသော စစ်ဘက်အာဏာရှင် ဖွဲ့စည်းပုံတခုကို ရင်ဆိုင်နေရသည့် အမျိုးသမီးတဦးလည်း ဖြစ်သည်။

 

သူမ၏ ရှိနေခြင်းသည်ပင် လူများကို လွှမ်းမိုးချုပ်ကိုင်လိုသူတို့၏ နားလည်ထားပုံကို စိန်ခေါ်နေသည်။ ၎င်းတို့နားလည်ထားသည်မှာ ခေါင်းဆောင်မှုသည် အမိန့်ပေးခြင်း၊ ခိုင်းသမျှ လုပ်စေခြင်းနှင့် သဘောမတူသူများ၏ အသံကို ဖိနှိပ်ခြင်းတို့ ဖြစ်သည်။

 

သူမက ကျွန်ုပ်အား ရှင်းပြခဲ့သည့် ခေါင်းဆောင်မှုအမြင်အရ အာဏာသည် လူထု၏ ယုံကြည်မှုကို ရယူနိုင်ရမည်၊ မတူညီသော အမြင်များကိုလည်း နားထောင်ရမည်၊ ထို့ပြင် ပြည်သူများရှေ့တွင် မိမိ၏ လုပ်ရပ်များအတွက် တာဝန်ခံရမည်။

 

သူမကို ကြည့်လိုက်တိုင်း ရဲစွမ်းသတ္တိက အာဏာဆိုသည်မှာ ဘာလဲဟူသော ကျွန်ုပ်တို့၏ နားလည်မှုကို ပိုမိုကျယ်ပြန့်လာအောင် လမ်းပြခဲ့သည့် စံပြအမျိုးသမီးတဦး၏ ပုံရိပ်ကို မြင်ယောင်မိသည်။ ဤနေရာတွင် အလေးထားဖော်ပြလိုသည့် အရည်အသွေးများသည် လူသားတိုင်း၌ ရှိနိုင်သော စွမ်းရည်များဖြစ်ပြီး ကျား၊ မ မည်သည့်လိင်ဖြစ်သည်နှင့် မသက်ဆိုင်ပေ။

 

သို့သော် အမျိုးသားများက ကာလကြာရှည်စွာ အမြစ်တွယ်ချုပ်ကိုင်ထားခဲ့သော အာဏာစနစ်ကို အမျိုးသမီးတဦးက ထိုအရည်အသွေးများဖြင့် ရင်ဆိုင်ဖော်ထုတ်လာသည့်အခါ နိုင်ငံရေးအရ ထူးခြားသော အင်အားတရပ် ဖြစ်လာသည်။ ဆိုလိုသည်မှာ မိမိကိုယ်ကို ၎င်းတို့ လက်အောက်ခံ မဖြစ်စေဘဲ ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းနိုင်ခြင်း၊ မိမိ၏ ယုံကြည်ချက်ကို စွန့်လွှတ်ခြင်းမရှိဘဲ တဖက်သား၏ စကားကို နားထောင်နိုင်ခြင်း၊ မိမိ၏ ကိုယ်ကျင့်တရားဆိုင်ရာ အသိစိတ်ကို အလျှော့ပေးခြင်းမရှိဘဲ ပြန်လည်သင့်မြတ်ရေးကို ကြိုးပမ်းနိုင်ခြင်းတို့ ဖြစ်သည်။

 

သူမ၏ အသက်အရွယ်ကြောင့် လွတ်မြောက်ခွင့်ရရှိရေးသည် အရေးတကြီး လိုအပ်နေသည်။ သူမသည် လူတဦးအနေဖြင့် ရသင့်ရထိုက်သော အခွင့်အရေးများ ရှိသူဖြစ်သောကြောင့် လွှတ်ပေးရေးသည် သနားကြင်နာမှုအပေါ်သာ မူတည်သည့် ကိစ္စမဟုတ်ဘဲ အခွင့်အရေးဆိုင်ရာ လိုအပ်ချက်ဖြစ်သည်။ သူမ ပြောဆိုခဲ့သည့် ခေါင်းဆောင်မှုအမြင်သည် သူမကို လွှတ်ပေးရေးကိစ္စတခုတည်းအတွက်သာ မဟုတ်ဘဲ နိုင်ငံတနိုင်ငံကို မည်သို့ ဦးဆောင်သင့်သလဲ၊ အာဏာကို မည်သို့ အသုံးပြုသင့်သလဲဆိုသည့် ပိုမိုကျယ်ပြန့်သော မေးခွန်းများနှင့်လည်း သက်ဆိုင် နေသည်။

 

ဤအကြောင်းအရာသည် စစ်ပွဲများကို အဆုံးသတ်ရေး၊ အာဏာရှင်စနစ်ကို ဆန့်ကျင်ရေးနှင့် လူတဦးက အခြားတဦးကို ရိုကျိုး စရာမလိုဘဲ အတူတကွ နေထိုင်နိုင်မည့် အဖွဲ့အစည်းများနှင့် စနစ်များကို တည်ဆောက်ရေးဟူသော မပြီးဆုံးသေးသည့် လုပ်ငန်းတာဝန်များနှင့် သက်ဆိုင်သည်။

 

မြန်မာနိုင်ငံ၏ ဒီမိုကရေစီကြိုးပမ်းမှုကို ကျွန်ုပ် ထောက်ခံခဲ့ခြင်းကြောင့် နိုင်ငံမှ နှင်ထုတ်ခံခဲ့ရသည်။ ၎င်းတို့ မီဒီယာများတွင်လည်း ကျွန်ုပ်အား အပုပ်ချတိုက်ခိုက်ခဲ့ကြပြီး၊ ဝင်ရောက်ခွင့်မပြုရသူများစာရင်း တွင် ၁၇ နှစ်ကြာ ထည့်သွင်းခံခဲ့ရသည်။ ထိုစဉ်က သမ္မတ ဦးသိန်းစိန်က ကျွန်ုပ်အား မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်ခွင့် ပိတ်ပင်ထားမှုကို ရုပ်သိမ်းပေးခဲ့သည့်အခါတွင် တော့ ကျွန်ုပ်၏ လုပ်ငန်းများကို ဆက်လက်လုပ်ဆောင်နိုင်ခဲ့သည်။

 

ဖာဂတ်စ် ဟာလို နှင့်အတူ လုပ်ဆောင်ခဲ့ရာမှ Burma’s Voices of Freedom (မြန်မာ့လွတ်လပ်ရေးအသံများ) ဟူသော စာအုပ်လေးတွဲ ဖြစ်ပေါ်လာခဲ့သည်။ ထိုစာအုပ်များတွင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီကြိုးပမ်းမှုကို မိမိတို့၏ဘဝများဖြင့် အားဖြည့်ပေးခဲ့ကြသော နိုင်ငံရေးအကျဉ်းသားဟောင်းများ၏ ပြောဆိုချက်များကို မှတ်တမ်းတင်ထိန်းသိမ်းထားသည်။

 

ယခုအခါ မြန်မာနိုင်ငံ၏ လွတ်လပ်သော မီဒီယာများနှင့် ပြည်ပသို့ ထွက်ခွာနေထိုင်နေရသော သတင်းသမားများအပေါ် ခြိမ်းခြောက်မှုများ ပြန်၍ အရှိန် မြင့်တက်လာသည့်ကြားတွင်လည်း ထိုလုပ်ငန်းကို ဆက်လက်လုပ်ဆောင်နေဆဲဖြစ်သည်။ ထို့အပြင် စစ်အုပ်စုထိန်းချုပ်ထားသော သတင်းစာများတွင် နိုင်ငံတွင်း၌ဖြစ်စေ၊ နိုင်ငံပြင်ပ၌ဖြစ်စေ အဖျက်အမှောင့်လုပ်သူများဟု သတ်မှတ်ထားသူများကို “အမြစ်ဖြတ်ချေမှုန်း” ရန် တောင်းဆိုသည့် ရေးသားဖော်ပြချက်များလည်း ပါဝင်လာသည်။

 

ဤသို့ တွေ့ဆုံမေးမြန်းမှုများနှင့် အတွေ့အကြုံများက ကမ္ဘာ့အာရုံစိုက်မှုအပြင်ဘက်တွင်ပင် ရဲစွမ်းသတ္တိများ မည်မျှ ရှင်သန်ကျန်ရှိနေသေးသည်ကို မီးမောင်းထိုးပြပေးခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်၏ အမည်ကို ကြားရသည့်အခါ သူမတဦးတည်းကိုသာ သတိရနေခြင်းထက်၊ သူမကဲ့သို့ ရုန်းကန် နေကြရသူ များဆီသို့လည်း ကျွန်ုပ်တို့၏ အာရုံကို ဦးတည်စေသင့်သည်။

 

ကင်မ်၏ လှုပ်ရှားမှုသည် နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးရန် တောင်းဆိုထားပြီးဖြစ်သည်။ ကျွန်ုပ်တို့၏ တာဝန်မှာ ထိုသို့ အပြန်အလှန် စည်းလုံးညီညွတ်စွာ ရပ်တည်ပေးမှုကို လက်တွေ့အဓိပ္ပာယ်ရှိလာအောင် လုပ်ဆောင်ရန်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်၏ အမည်ကြောင့် ရရှိလာသော ကမ္ဘာ့အာရုံစိုက်မှုကို အသုံးချပြီး နိုင်ငံခြားသတင်းခေါင်းကြီးပိုင်းများတွင် အမည်မပါခဲ့ဖူးသော ကျောင်းသား၊ သတင်းသမား၊ စည်းရုံးလှုပ်ရှားသူများနှင့် အခြားမရေမတွက်နိုင်သော လူများကိုလည်း အများသိမြင်လာအောင် ဖော်ထုတ်ပေးရမည်။

 

၎င်းတို့ကို လွှတ်ပေးသင့်ကြောင်း တောင်းဆိုရသည့် အခြေခံအကြောင်းရင်းမှာ လူတဦးတစ်ယောက်ထက် ပိုမိုကျယ်ပြန့်သော မူတရပ်အပေါ် အခြေခံထားသည်။ မိမိတို့၏ နိုင်ငံရေးအခွင့်အရေးများကို ငြိမ်းချမ်းစွာ ကျင့်သုံးခြင်းကြောင့် လူများကို အကျဉ်းချခွင့် မည်သည့်အစိုးရတွင်မျှ မရှိသင့်ပေ။

 

ထိုအခွင့်အရေးများသည် အာဏာပိုင်များက အဆင်ပြေသည့်အခါမှ ခွင့်ပြုပေးနိုင်သော အလျှော့အတင်းတခု မဟုတ်ဘဲ၊ မဖြစ်မနေ လိုက်နာရမည့် တာဝန်တစ်ရပ်ဖြစ်သည်။

 

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရေးကိစ္စကို သူမ လွတ်မြောက်ပြီးနောက် မည်သည့်အရာများ လုပ်ဆောင်ပေးမည်ဟု ကျွန်ုပ်တို့ မျှော်လင့်ထားသည်ဆိုသည့် အချက်များနှင့်လည်း ချိတ်ဆက်ကန့်သတ်မထားသင့်ပေ။ သူမသည် သူမ၏ အခန်းကဏ္ဍကို ကိုယ်တိုင်ရွေးချယ်ခွင့်ရှိရမည်၊ စကားကိုလည်း သူမ၏ ပုံစံအတိုင်း လွတ်လပ်စွာ ပြောဆိုခွင့်ရှိရမည်၊ အနားယူခွင့်ရှိရမည်၊ နိုင်ငံရေးနှင့် လူမှုရေးလုပ်ငန်းများတွင် ပါဝင်ခွင့်ရှိရမည်၊ မိသားစုနှင့်အတူ အချိန်ဖြုန်းခွင့်လည်း ရှိရမည်။

 

မြန်မာနိုင်ငံ၏ အနာဂတ်သည် မတူကွဲပြားမှုများရှိသည့် ပြည်သူများအားလုံးနှင့် သက်ဆိုင်သည်။ ထိုအထဲတွင် မျိုးဆက်သစ်လူငယ်များနှင့် မိမိတို့၏ နိုင်ငံရေးအမြင်များကို အပြည့်အဝ လွတ်လပ်စွာ ဖော်ထုတ်ခွင့်ရသင့်သော တိုင်းရင်းသားလူမျိုးစုများလည်း ပါဝင်သည်။

 

ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးခြင်းသည် နိုင်ငံ၏ အနာဂတ်နှင့်ပတ်သက်သော ဆွေးနွေးမှုတွင် အသံတသံကို ပြန်လည်ပါဝင်ခွင့်ပေးခြင်း ဖြစ်လိမ့်မည်။ သို့သော် လူတဦးတယောက်၏ အသံသည် ထိုဆွေးနွေးမှုတခုလုံးကို အစားထိုး၍ မရနိုင်ပေ။

 

အကျဉ်းချခံထားရခြင်းမှ လွတ်မြောက်နေကြသော ကျွန်ုပ်တို့အတွက်မူ နောက်ထပ်မေးခွန်းမှာ လက်တွေ့တွင် မည်သို့လုပ်ဆောင်ကြမည်နည်း ဆိုသည့်အချက် ဖြစ်လာသည်။

 

ဓာတ်ပုံတပုံ အတူရိုက်ခြင်း၊ လူတဦးက သွားရောက်တွေ့ဆုံခြင်း၊ သို့မဟုတ် တယ်လီဖုန်းဖြင့် ဆက်သွယ်ပြောဆိုခြင်းတို့ကို အကဲဖြတ်ရာတွင် ထိုသူ၏ အခွင့်အရေးများကို မည်မျှအထိ ဆက်လက်ပိတ်ပင်ထားဆဲဖြစ်သည်ကို ထည့်သွင်းစဉ်းစားရမည်။

 

မြန်မာနိုင်ငံအတွင်း နေထိုင်နေကြသူများသည် ပြင်ပရှိကျွန်ုပ်တို့ မကြုံ တွေ့ရသည့် အန္တရာယ်များကို ရင်ဆိုင်နေကြရသည်။ ပိုမိုလုံခြုံမှုရှိပြီး အကာအကွယ်ပိုရရှိထားသူများသည် လူသိရှင်ကြား ထုတ်ဖော်ပြောဆိုလှုံ့ဆော်သည့် လုပ်ငန်းများတွင် ပိုမိုတာဝန်ယူသင့်သည်။ သို့သော် ထိုသို့ လုပ်ဆောင်ရာတွင် မိမိတို့၏ လုံခြုံရေးနှင့် အသက်အန္တရာယ်တို့ကို စွန့်စားနေရသူများ၏ အကြံဉာဏ်နှင့် လမ်းညွှန်မှုကို အခြေခံရမည်။

 

လူသားတဦး၏ အခြေခံဂုဏ်သိက္ခာကို သံတမန်ရေးအရ အသိအမှတ်ပြုမှု ရရှိရန်အတွက် အလဲအလှယ်လုပ်ရသည့် အရာတခုအဖြစ် မည်သည့် အခါမှ မသတ်မှတ်သင့်ပေ။

 

သားတယောက်က မိခင်နှင့် စကားပြောဆိုခွင့်ရရန် ကမ္ဘာတဝန်းလုံးက ဝိုင်းဝန်းလှုပ်ရှားပေးရသည့် အဖြစ်မျိုး မရှိသင့်သလို၊ ထူးခြားသည့် ခွင့်ပြုချက်ဟုလည်း ယူဆစရာ မလိုသပေ။ ထိုသို့ မိခင်နှင့် သား စကားပြောဆိုနိုင်ခြင်းသည် သာမန်လူ့ဘဝ၏ ပုံမှန်အရာတခုသာ ဖြစ်သင့်သည်။

 

ကျွန်ုပ်တို့ တောင်းဆိုနေကြသည့် လွတ်လပ်ခွင့်ကို အကျဉ်းချခံထားရသူများ ကိုယ်တိုင် အသက်ရှင်နေစဉ် ခံစားနိုင်ခွင့်ရကြပြီး၊ ထိုလွတ်လပ်ခွင့် ရရှိလာသည့်အခါ နောက်တဆင့် မည်သို့ဆက်လက်နေထိုင်ကြမည်ကို ၎င်းတို့ဘာသာ ရွေးချယ်ဆုံးဖြတ်နိုင်ကြသေးသည့် အချိန် ရောက်အောင် ကျွန်ုပ်တို့ လက်တွေ့ကျကျ စတင်လုပ်ဆောင်ကြပါစို့။