ရေလက်ဝါး၊ ပင့်ကူ နှင့် အင်တာနက်၏ သမ္မတ (၆)
၁၈၈၇ ခုနှစ်တွင် သောမတ်စ် အက်ဒီဆင်သည် အသံကို ပြန်လည်ထုတ်လွှင့်ပြသနိုင်မည့် နည်းလမ်းကို ရှာဖွေတွေ့ရှိခဲ့ပြီး ဓာတ်ပြားစက်ကို တီထွင်ခဲ့သည်။ ဤတီထွင်မှုက အရာအားလုံးကို ပြောင်းလဲပစ်ခဲ့၏။ ယခုအခါ ဂီတကို အိမ်သို့ ယူဆောင်သွားပြီး နားဆင်နိုင်ပြီဖြစ်သည်။
လူများသည် ဓာတ်ပြားများကို ပိုမိုနားဆင်လာကြသည်နှင့်အမျှ အသေးစား အသံသွင်း စတူဒီယို ပေါင်းများစွာ စတင်ပေါ်ပေါက်လာခဲ့သည်။ ထိုအခါ ဂီတလုပ်ငန်း၏ ဩဇာအာဏာမှာ စတင် ရွေ့လျား လာတော့သည်။ သီးခြားလွတ်လပ်သော ဂီတပညာရှင်များထံတွင် အာဏာရှိနေရာမှ အသံသွင်းစတူဒီယိုတခုသည် ပါရမီရှင်သစ်တဦးကို ရှာဖွေဖော်ထုတ်ကာ ထိုသူ၏ ဓာတ်ပြားကို ရေဒီယိုနှင့် ဆိုင်များတွင် စျေးကွက်ဖြန့်ကျက် ရောင်းချပေးနိုင်သည့် အနေအထားသို့ ရောက်ရှိသွားခဲ့လေသည်။
ဤသို့ဖြင့် ဓာတ်ပြားခေတ် စတင်မွေးဖွားလာခဲ့သည်။ ထိပ်တန်းဂီတပညာရှင်တဦးအဖြစ် အောင်မြင်ကျော်ကြားရန်အတွက် ယခုအခါ ဂီတထုတ်လုပ်ရေး ကုမ္ပဏီ တခုက မိမိပါရမီကို အသိအမှတ်ပြုလာစေရန်နှင့် မိမိ အပေါ် ရင်းနှီးမြှုပ်နှံလာစေရန် ကြိုးပမ်းရတော့မည် ဖြစ်သည်။ လုပ်ငန်းရှင်ကြီး အနည်းငယ် ထွက်ပေါ်လာခဲ့ပြီးနောက် ဂီတလောကသည်လည်း ဗဟိုချုပ်ကိုင်မှု ပိုမိုအားကောင်းသည့် စနစ်တခု ဖြစ်လာခဲ့သည်။
ဂျိုးအာခင်း ၏ ဂီတသက်တမ်း လှုပ်ရှားမှုကို အစ်ဇက် ပာလ်မန်း ၏ ဂီတသက်တမ်းနှင့် နှိုင်းယှဉ်ကြည့်မည် ဆိုကပာလ်မန်းကို ၁၉၄၅ ခုနှစ်တွင် မွေးဖွားခဲ့ပြီး၊ ထိုနှစ်သည် ဂျိုးအာခင်း ကွယ်လွန်ပြီးနောက် နှစ်ပေါင်း လေးဆယ်ခန့်အကြာဖြစ်သလို၊ ဓာတ်ပြားကုမ္ပဏီ လုပ်ငန်းများ၏ စုစုပေါင်း ဝင်ငွေသည် ဂီတသင်္ကေတ စာရွက် ထုတ်ဝေရေးထက် ပထမဆုံးအကြိမ် ပိုမိုကျော်လွန်သွားသည့် နှစ်လည်း ဖြစ်သည်။
ဂျိုးအာခင်း ကဲ့သို့ပင် ပာလ်မန်းသည်လည်း ထူးခြားဆန်းသစ်သော ပါရမီရှင်တဦးအဖြစ် အသိအမှတ်ပြု ခံခဲ့ရသည်။ ဂျိုးအာခင်းသည် လန်ဒန်တွင် ပထမဆုံး စတင်ပွဲထွက်ခဲ့သကဲ့သို့ ပာလ်မန်းသည်လည်း ကာနေဂျီ ခမ်းမကြီး တွင် ပရိသတ်များကို ရင်သတ် ရှု မော ဖြစ်စေခဲ့သည်။ သို့သော် သူတို့နှစ်ဦး၏ တူညီမှုများသည် ထိုနေရာ၌ပင် အဆုံးသတ်သွားခဲ့၏။
ဂျိုးအာခင်းနှင့် မတူသည်မှာ ပာလ်မန်းတွင် သူ၏ တိုက်ရိုက်ဖျော်ဖြေမှုကို အပြင်၌ တခါမျှ မကြည့်ဖူးသော ပရိသတ်အများအပြား ရှိနေခြင်းဖြစ်သည်။ ခေတ်သစ် နာမည်ကြီး ဂီတပညာရှင်များကဲ့သို့ပင် ပာလ်မန်း၏ ဂီတခရီးလမ်း အောင်မြင်မှုကို အဓိက ဂီတထုတ်လုပ်ရေး ကုမ္ပဏီကြီးများ က ပုံဖော်ဖန်တီးပေးခဲ့ခြင်း ဖြစ်သည်။
နှစ်ဆယ်ရာစု ကုန်ဆုံးချိန်တွင် ကမ္ဘာ့ဓာတ်ပြားလုပ်ငန်း၏ ၈၀ ရာခိုင်နှုန်းကို ကုမ္ပဏီကြီး ငါးခုဖြစ်သည့် Sony, EMI, BMG, Universal Music နှင့် Warner Brothers တို့က လက်ဝါးကြီး အုပ် ထိန်းချုပ်ထားခဲ့ကြသည်။ ထိုစဉ်က ဂီတထုတ်လုပ်ရေး ကုမ္ပဏီငယ်လေး အနည်းငယ်မျှသာ ကျန်ရှိတော့ပြီး၊ အမျိုးမျိုးသော နည်းလမ်းများဖြင့် အောင်မြင်ဖြစ်ထွန်းလာသည့် ကုမ္ပဏီငယ်များကိုလည်း ထို ကုမ္ပဏီကြီး ငါးခု Big Five က လျင်မြန်စွာပင် သိမ်းပိုက်ဝယ်ယူခဲ့ကြသည်။
နှစ်ပေါင်း တရာကျော် ကာလအတွင်း ဂီတထုတ်လုပ်ရေး ကုမ္ပဏီကြီးများသည် ကြီးမားသော လုပ်ပိုင်ခွင့်အာဏာများကို ရရှိသွားခဲ့ကြပြီး၊ ကုမ္ပဏီငယ်များနှင့် လွတ်လပ်သော အမှီအခိုကင်း ဂီတပညာရှင်များမှာမူ ဈေးကွက်အတွင်းမှ ဘေးဖယ်ထုတ်ခြင်း ခံခဲ့ကြရတော့သည်။
ထို့နောက် ကျွန်ုပ်တို့ မြင်တွေ့ခဲ့ရသည့်အတိုင်း ရှောန် ဖန်းနင်း ၏ နပ်ပ်စတာ (Napster) သည် ဂီတစက်မှုဇုန်တစ်ခုလုံးကို လှုပ်ခါသွားစေခဲ့သည်။ ရာစုနှစ်တခုမျှ သက်တမ်းရင့်ခဲ့သည့် စက်မှုလုပ်ငန်းတခုလုံး ဇောက်ထိုးမိုးမျှော် ဖြစ်သွားရန် ငါးနှစ်မျှသာ အချိန်ယူခဲ့ရ၏။
လုပ်ပိုင်ခွင့် အာဏာသည် ပင့်ကူကဲ့သို့ ဗဟိုချက်ရှိသော ဓာတ်ပြားကုမ္ပဏီကြီးများထံမှသည် ဂရော့ခ်စတာ (Grokster) နှင့် အီးမြူးလ် (eMule) ကဲ့သို့သော ရေလက်ဝါး ကြယ်ငါး ပုံစံ ဗဟိုချက်မဲ့ကုမ္ပဏီများထံသို့ လျှင်မြန်စွာ ပြောင်းလဲရောက်ရှိသွားခဲ့သည်။ ယင်းသည် ဗဟိုမဲ့စနစ် တော်လှန်ရေး ၏ လက်တွေ့ကျသည့် ဥပမာတခုပင် ဖြစ်သည်။
လွန်ခဲ့သော နှစ်ပေါင်း ၁၁၅ ကျော် ကာလအတွင်း ဂီတလုပ်ငန်းကြီး၏ ဖြစ်ပေါ်တိုးတက်ပြောင်းလဲလာပုံကို လေ့လာကြည့်ကြပါစို့။ ၁၈၉၀ ပြည့်နှစ်တွင် ဈေးကွက်ကို အနုပညာရှင်များက ဦးဆောင်လွှမ်းမိုးထားခဲ့သည်ကို တွေ့ရမည် ဖြစ်သည်။ ၁၉၄၅ ခုနှစ်တွင်မူ လွတ်လပ်သော တေးသံသွင်းကုမ္ပဏီများ စတင်ပေါ်ထွက်လာခဲ့သည်။ ၎င်းတို့သည် လုပ်ငန်းတခုလုံး၏ ဝင်ငွေစုစုပေါင်းကို မြှင့်တင်ပေးခဲ့သလို အနုပညာရှင်များသည် ငွေကြေးအမြတ်အစွန်းရရှိနေရာမှ ၁၉၄၅ တွင် တေးသံသွင်း စာချုပ်များ ချုပ်ဆိုရသည်အထိ ဖြစ်လာခဲ့သည်။
၁၈၀၀ ပြည့်နှစ်များအတွင်း ဂျိုအာခင်း ၏ တီးခတ်ဖျော်ဖြေမှုမှတဆင့် ချမ်းသာကြွယ်ဝလာသူ တဦးတယောက်မျှ မရှိခဲ့။ သို့သော် ဂီတလုပ်ငန်းကြီးသည် ဗဟိုချုပ်ကိုင်မှု အားကောင်းလာသည်နှင့်အမျှ ကုမ္ပဏီများသည် ဝင်ငွေများကို ပိုမိုရယူလာနိုင်ခဲ့ကြသည်။ ဖိုနိုဂရပ် ခေါ် အသံသွင်းစက်မပေါ်မီက ဂျိုအာခင်း အနေဖြင့် ပရိသတ် တထောင်ခန့်ရှေ့တွင်သာ တီးခတ်ဖျော်ဖြေနိုင်ခဲ့သော်လည်း၊ ယခုအခါတွင်မူ ပါလ်မန် ၏ တေးသံသွင်းခွေများကို လူသန်းပေါင်းများစွာထံ ရောင်းချနိုင်ခဲ့ပြီဖြစ်ပြီး ရောင်းချရသမျှ တိုင်းအတွက်လည်း တေးသံသွင်းကုမ္ပဏီများ အဖို့ အမြတ်အစွန်းများ ရရှိစေခဲ့သည်။
နှစ်ဆယ်ရာစုအကုန်သို့ ရောက်ရှိလာချိန်တွင် ဤပြောင်းလဲမှုမှာ ပိုမို၍ ထင်ရှားလာခဲ့သည်။ ၂၀၀၀ ပြည့်နှစ် လေ့လာချက်အရ အဆိုပါ ဂီတလုပ်ငန်းကြီးသည် တဖြည်းဖြည်းနှင့် ကြီးမားလှသော ဗဟိုချုပ်ကိုင်မှုစနစ်ဆီသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်ကြောင်း ပြသနေသည်။ တေးသံသွင်း ကုမ္ပဏီကြီး ၅ ခု (The Big Five) က ဈေးကွက်ဝေစု အများစုကို ပိုင်ဆိုင်ထားကြပြီး အမြတ်အစွန်းများကိုလည်း လက်ဝါးကြီး အုပ်လာ ခဲ့ကြသည်။ ၂၀၀၁ ခုနှစ်တွင် မည်သည့်အရာများ ဖြစ်ပျက်ခဲ့သည်ကို ကျွန်ုပ်တို့ သိရှိပြီးဖြစ်ပါသည် — ထိုစဉ်က နပ်စတာ ဆိုသည်မှာ ဂီတလောကထဲသို့ စတင်ဝင်ရောက်လာခဲ့ချိန် ဖြစ်ပေသည်။
၂၀၀၅ ခုနှစ်သို့ ရောက်ရှိလာချိန်တွင် ဂီတလုပ်ငန်းလောကကြီးမှာ လုံးဝကို ကွဲပြားခြားနားသွားခဲ့ပြီ ဖြစ်သည်။ ဆိုနီ နှင့် ဘီအမ်ဂျီတို့ ပူးပေါင်းသွားခဲ့ကြပြီး၊ တာဝါ ရီကော့ဒ်စ် ကလည်း ဒေဝါလီခံကြောင်း ကြေညာခဲ့ရကာ၊ ဆယ်ကျော်သက်လူငယ်များလည်း နောက်ဆုံးထွက် တေးသီချင်းများကို ဝယ်ယူရန် စီဒီ ဆိုင်များရှေ့ စုပြုံတန်းစီ ဝယ်စရာ မလို အောင် ဖြစ်လာခဲ့သည်။ ကျန်ရှိနေသေးသော ကုမ္ပဏီကြီး ၄ ခု၏ ပေါင်းစပ်ဝင်ငွေမှာ ၂၀၀၁ ခုနှစ်ကထက် ၂၅ ရာခိုင်နှုန်းခန့် လျော့နည်းသွားခဲ့သည်။ သို့ဆိုလျှင် ဤဝင်ငွေများအားလုံး ဘယ်ဆီ ရောက်ကုန်ကြသနည်း။
P2P သမား များ ထံတော့ မဟုတ်၊ ဗဟိုချုပ်ကိုင်မှု ကင်းမဲ့သော ကွန်ရက်ပုံစံ အဖွဲ့အစည်းများ ကြောင့် ဂီတ လုပ်ငန်းရှင်ကြီးများ၏ ဝင်ငွေများ ကျဆင်းသွားခဲ့ရသည်။ ဤအချက်သည် ဗဟိုချုပ်ကိုင်မှု လျှော့ချခြင်း၏ ဆဋ္ဌမမြောက် သဘောတရားပင် ဖြစ်ပေသည်— သက်ဆိုင်ရာ လုပ်ငန်းနယ်ပယ်တခုသည် ဗဟိုချုပ်ကိုင်မှု ကင်းမဲ့လာသည်နှင့်အမျှ ထို လုပ်ငန်း တခုလုံး၏ အမြတ်အစွန်း ပမာဏမှာလည်း ကျဆင်းသွားတတ်သည်။
ထိုကဲ့သို့သော ဗဟိုချုပ်ကိုင်မှု မရှိသည့် ကွန်ရက်ပုံစံ စနစ်များ ဝင်ရောက်လာသည်နှင့်အမျှ လုပ်ငန်းလောကသည် မြင့်မားသော အမြတ်အစွန်းများ ရရှိ ဖို့ မျှော်လင့်၍ မရ တော့ပေ။ ထို့ကြောင့်ပင် လုပ်ငန်းနယ်ပယ်တခု မပြိုလဲမီ သို့မဟုတ် ရေပန်းစားလာခြင်း မရှိသေးမီ အချိန်ကတည်းကပင် ထိုသို့သော ပြိုင်ဘက်ကွန်ရက်ပုံစံ အဖွဲ့အစည်းများ ပေါ်ပေါက်လာမလားဆိုသည်ကို အမြဲတမ်း စောင့်ကြည့်သတိပြုနေကြရခြင်း ဖြစ်ပေသည်။