တောင်ပံခေတ် လာသော လင်းယုန်ကြီး

by Hla Soewai - Nov 02 2026

ကရင်ပြည်နယ်၊ မြဝတီမြို့မြောက်ဘက်၊ ထိုင်း–မြန်မာနယ်စပ်အနီးတွင် အထူးစီးပွားရေးဇုန်ပုံစံ စီမံကိန်းတခု အဖြစ် ရွှေကုက္ကိုလ် သည် ယခုအခါ တွင်တော့ အွန်လိုင်းလောင်းကစား၊ အွန်လိုင်းငွေလိမ်မှု နှင့် လူကုန်ကူးမှုဆိုင်ရာ စွပ်စွဲချက်တွေကြောင့် နိုင်ငံတကာ၏ အာရုံစိုက်မှုကို ရရိလာခဲ့သည်။

 

အမေရိကန် တို့ နှင့် တွေ့ဆုံဆွေးနွေးပြီး စစ်အုပ်စု ပိုင် သတင်းမီဒီယာများ၏ အောက်တိုဘာ ၁၉ ရက် သတင်းအရ ရွှေကုက္ကိုလ် ရှိ ဖြိုချရန်သတ်မှတ်ထားသော အဆောက်အအုံ ၆၃ လုံးအနက် အချို့ကို ဖြိုချပြီးဖြစ်ပြီး ကျန်အဆောက်အအုံများကိုလည်း ဆက်လက်ဖြိုချနေသည် ဟု ဆိုသည်။

 

၂၀၂၆ စက်တင်ဘာ ၁ ရက်ထုတ် Myanmar Witness ၏ စုံစမ်းလေ့လာချက်တွင် အာဏာပိုင်များ၏ ဖြိုချမှုဆိုင်ရာ ကြေညာချက်နှင့် အွန်လိုင်းမှ စစ်ဆေးနိုင်သည့် ဓာတ်ပုံ၊ တည်နေရာအထောက်အထားများကြား ကွဲလွဲမှုအချို့ကိုလည်း ဖော်ပြထားပြန်သည်။

 

အဆောက်အအုံများသာ ဖြိုချ ပြ ပြီး လုပ်ငန်းများ ရပ်စဲသွား ပြီ ဟု စစ်အုပ်စု က အမေရိကန်ကို ပြသလိုဟန် ရှိနေသည်။

 

ငွေလိမ်ဂိုဏ်း များသည် အဆောက်အအုံကြီးများအစား ဟိုတယ်၊ တည်းခိုခန်းနှင့် နေအိမ်များကို ငှားရမ်းကာ အုပ်စုငယ်များဖြင့် ပြန်လည်လုပ်ကိုင်နေကြောင်း ဧရာဝတီက ဒေသခံများ၏ အပြောကို ကိုးကား၍ ဖော်ပြခဲ့သည်။ ၎င်းတို့၏ ငွေကြေးလွှဲပြောင်းမှုကွန်ရက်၊ အွန်လိုင်းအကောင့်များကတော့ ယခင် အတိုင်း ဆက်ရှိနေဦးမည် ဖြစ်သည်။ အဆောက်အအုံများကို ဖြိုချခြင်းထက် လူကုန်ကူးသူများ၊ ငွေကြေးထောက်ပံ့သူများနှင့် အကာအကွယ်ပေးသူများကိုပါ ဖော်ထုတ်အရေးယူနိုင်ဖို့သာ လိုအပ်နေသည်။

 

အောက်တိုဘာလနှောင်းပိုင်းတွင် စစ်အုပ်စု တပ်များသည် မြဝတီမြို့နယ်အတွင်းရှိ BGF ၏ ထိန်းချုပ်မှုအောက်ရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းများ စုဝေးရာနေရာတခုဖြစ်သော KK Park ကို ဝင်ရောက်စီးနင်းခဲ့သည်။ ထိုစီးနင်းမှု တွင် အဆောက်အအုံပေါင်း ၆၃၅ လုံးစလုံးကို ဖြိုချဖျက်ဆီးခဲ့ကြောင်း၊ ငွေလိမ်လုပ်ငန်းတွင် ပါဝင်သူ ၂,၀၀၀ ကို ဖမ်းဆီးခဲ့ကြောင်းနှင့် ဆက်သွယ်ရေးစက်ပစ္စည်းပေါင်း သောင်းနှင့်ချီ၍ သိမ်းဆည်းရမိခဲ့ကြောင်း ဆိုထားသည်။

 

နိုဝင်ဘာလတွင် ရွှေကုက္ကိုလ်ဘက်သို့ အာရုံ စိုက်လာခဲ့သည်။ BGF က အွန်လိုင်းငွေလိမ်လုပ်ငန်းများအပေါ် “နောက်ဆုံး စစ်ပွဲ” ဟု ဆိုကာ အဆောက်အအုံ ၇၇ လုံးကို အဆင့်နှစ်ဆင့်ခွဲ၍ ဖြိုချရန် သတ်မှတ်ခဲ့သည်။ သို့သော် မေ လ အထိ ဖြိုချဖျက်ဆီးခဲ့သည့် အဆောက်အအုံမှာ သုံးလုံးမျှသာ ရှိသေးသည်ဟု ဧရာဝတီက ဖေါ်ပြထားသည်။

 

KK Park သည် တော်လှန်ရေးတပ်ဖွဲ့များနှင့် နီးကပ် နေသည့် အတွက် အချိန်မ ရွေး ဝင်ရောက်ထိန်းချုပ်ပြီး သက်သေအထောက်အထားတွေ ရယူသွားနိုင်သည်ဟူ သော စိုးရိမ်စိတ်ကြောင့် အမြန်ဖျက်ဆီးဖို့ ကြိုးစားခဲ့ခြင်း ဖြစ်သည်ဟု လေ့လာသူများက သုံးသပ်ထားခဲ့ကြသည်။ ရွှေကုက္ကိုလ် သည်က တော်လှန်ရေးတပ်ဖွဲ့များနှင့် ဝေးသည့်အတွက် KK Park လောက် စိုးရိမ်စရာ မရှိဘူးဟု ဆိုသည်။

 

နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများ တိုက်ဖျက်ရေ အဖွဲ့ မှ အကြီးတန်းကျွမ်းကျင်သူ ဂျေဆန် တာဝါက ဧရာဝတီသို့ ပြောပြရာတွင် စစ်အုပ်စု အနေဖြင့် အွန်လိုင်းငွေလိမ်လုပ်ငန်းများကို နှိမ်နင်းရန် “နိုင်ငံရေးအရ ဆန္ဒ လုံးဝမရှိ” ဟု ဆိုခဲ့သည်။

 

စစ်အုပ်စု သာမက၊ ၎င်းတို့နှင့် မဟာမိတ်ဖြစ်သော BGF အတွင်းရှိသူများပါ ထိုငွေလိမ်လုပ်ငန်းများမှ အကျိုးအမြတ်များကို ဆက်လက်ရရှိနေကြသောကြောင့် ဖြစ်သည်ဟု ၎င်းက ရှင်းပြခဲ့သည်။

 

၎င်းက စစ်တပ်အနေဖြင့် အွန်လိုင်းငွေလိမ်လုပ်ငန်းများကို ထပ်မံနှိမ်နင်းမည်ဆိုပါက BGF က အမိန့်ကို ဆန့်ကျင်ခြင်း၊ ပူးပေါင်းဆောင်ရွက်မှု ရပ်ဆိုင်းခြင်း ဖြစ်လာနိုင်သည်၊ ထိုသို့ ဖြစ်မလာက BGF တပ်တွင်း ပုန်ကန်မှု ဖြစ်ပွားလာနိုင်သည်အထိ အန္တရာယ် ရှိ နေသူ ဟု ဆိုသည်။

 

တာဝါက ယမန်နှစ်က ဝင်ရောက်စီးနင်းမှုများ ပြုလုပ်ခဲ့ပြီးနောက် ရွှေကုက္ကိုလ်တွင် ငွေလိမ်ဂိုဏ်းများသည် အလုပ်ခေါ်ယူသည့် ကြော်ငြာများနှင့် ငွေကြေးဝန်ဆောင်မှု ကြော်ငြာများကို ပြန်လည် တွေ့ လာရသည်။ ယင်းအချက်က ထိုငွေလိမ်လုပ်ငန်းများ စုစည်းတည်ရှိရာ နယ်မြေအတွင်း ရာဇဝတ်မှုဆိုင်ရာ လုပ်ငန်းများသည် ဆက်လက်ရှင်သန်ကြီးထွားနေကြောင်း ပြသနေသည်ဟု မှတ်ချက် ပေးခဲ့သည်။

 

အဆိုပါ အွန်လိုင်းငွေလိမ်လုပ်ငန်းများကို အမှန်တကယ် အမြစ်ပြတ်ချေမှုန်းနိုင်ရန်အတွက် ထိရောက်ပြီး စစ်မှန်သော နှိမ်နင်းရေးလုပ်ငန်းတရပ်ကို နိုင်ငံတကာက ပံ့ပိုးကူညီရန် လိုအပ်သည် ဟု ဆိုသည်။

 

မိမိ အမြင်အရ ဆိုလျင် စစ် ခေါင်း‌ ဆောင် များ နှင့် ဆွေးနွေး ခြင်းသည် ၎င်းတို့ နှင့် လားလားမျှ မဆိုင်၊ ထိလို့ မရ ဖြစ်‌ နေသည့် မြေရှားသတ္ထုထက် အွန်လိုင်း ငွေလိမ် ဂိုဏ်း များ အ ရေးက အဓိက ဖြစ်နိုင် ခြေ ရှိ နေသည်။ 

 

၂၀၂၆ စက်တင်ဘာလမှာ ထုတ်ပြန်ခဲ့သည့် အမေရိကန်ကွန်ဂရက် သုတေသနဌာန (CRS) ၏ အစီရင်ခံစာအရ FBI က ၂၀၂၅ ခုနှစ်အတွင်း အမေရိကန်နိုင်ငံသားများ အွန်လိုင်းလိမ်လည်မှုကြောင့် ဆုံးရှုံးငွေကို ဒေါ်လာ ၁၇.၇ ဘီလီယံဟု ခန့်မှန်းထားသည်။

 

FBI သည်လည်း ထိုင်းတွင် အခြေစိုက် လှုပ်ရှား နေသည် ဆို‌ သော်လည်း ဝက်ဆိုဒ်များ ဖြိုဖျက် နိုင်သည်က လွဲ၍ တယောက်မှ အရေးယူ နိုင်ခြင်း မရှိ‌ သေးသည် သာ မက အခြား မြင်သာ ထင်သာသည့် လက်ဆုပ်လက်ကိုင် မပြ နိုင်သေး ဖြစ် နေသည်။

 

အမေရိကန်ဖက်ကလည်း စစ်အုပ်စု နှင့် ပြန်လည် ဆက်ဆံပြီး စီးပွား ရေး အရ ပိတ်ဆို့ မှု များ လျော့ပေါ့ ပေးရမည် ဆိုက ၎င်း တို့ မျက်နှာ မပျက် စေရန် အကြောင်းပြ နိုင်စရာ အဖြစ်အဆိုပါ ဒေသ သို့ အထူးတပ်ဖွဲ့များ ဝင်ရောက်ပြီး ချေမှုန်းခွင့် ပြုရန် သို့မဟုတ်ကလည်း ၎င်းတို့ လက်ဝယ်ရှိ ထောက်လှန်းရေး သတင်းများအရ အဓိက တာဝန် ရှိသူများကို ဖမ်းဆီး လွှဲ‌ ပြောင်း ပေးဖို့ တောင်းဆိုနိုင်ဖွယ် ရှိနေသည်။

 

ပို၍ ဖြစ်နိုင်ခြေ ရှိနေသည်က အမေရိကန်က သက်သေခံအချက်အလက်တွေကို ထုတ်ပြပြီး စစ်အုပ်စု ကိုယ်တိုင် အဓိကတာဝန်ရှိသူတွေ ဖမ်းဆီးလွှဲပြောင်းပေးဖို့ ဖိအားပေးနိုင်ခြင်း ဖြစ်သည်။

 

အမေရိကန်၏ အမှန်တကယ် ရည်ရွယ်ချက်ကို သုံးသပ်ရာမှာ အရေးကြီးဆုံးအချက်က စစ်အုပ်စု နှင့် တွေ့ဆုံခြင်းရှိ၊ မရှိ မဟုတ်ဘဲ တွေ့ဆုံမှုတွေကနေ ဘယ်လိုလက်တွေ့ရလဒ်တွေ ရရှိလာမည်လဲ ဆိုသည်ပင် ဖြစ်သည်။

 

အွန်လိုင်းငွေလိမ်ဂိုဏ်းများ အရေးသည် အမေရိကန်အတွက် စစ်အုပ်စု နှင့် ဆက်ဆံရေး ပြန်လည် တည်ဆောက်ရာမှာ အကြောင်းပြချက်တခုသာမက၊ တိကျသည့် ရလဒ်များ တောင်းဆိုနိုင်သည့် ဖိအားပေးကိရိယာတခုလည်း ဖြစ်လာနိုင် ပေသည်။

 

ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!