အမေရိကန်တို့ မဲပေးရန် အုံနဲ့ကျင်းနှင့် ထွက်လာကြပြီ

by Hla Soewai - Nov 02 2020

အမေရိကန်တွင် ယမန်နေ့က တရက်တည်းနှင့် ကော်ရိုနာ ဗိုင်းရပ်စ် ကူးစက်မှု နှုန်း အမြင့်မားဆုံး ဖြစ်သွားပြီး ယခုအထိ ကူးစက်ခံရသူပေါင်း ၉ သန်းနှင့် သေဆုံးသူ ၂၃၀,၀၀၀ အထိ ဖြစ်လာနေသည်။

 

"With the fake news, everything is Covid, Covid, Covid, Covid. I had it, here I am, right" ဟု ပြီးခဲ့သည့် အပတ်အတွင်း အိုမာဟာ တွင် ထရန့်က ပြောသွားခဲ့သည်။

 

သို့သော်လည်း ၎င်းအား ဝေါ်တာ ရိဒ် စစ်ဆေးရုံကြီးတွင် ထိတ်ထိတ်ကျဲ ဆရာဝန်ကြီးများက အကောင်းဆုံးဟု ယူဆရသည့် ဆေးဝါးများဖြင့် နှစ်ဆယ့်လေးနာရီ ပတ်လုံး အထူးကြပ်မတ် ကုသပေးခဲ့သည့် အဖြစ်ကိုတော့ ထည့်သွင်း ပြောဆိုသွားခဲ့ခြင်း မရှိပေ။

 

၎င်းကဲ့သို့ အခွင့်ထူး မရရှာကြသော အမေရိကန် ပြည်သူတို့ အဖို့ စိုးရိမ်ကြောင့်ကြမှု ရှိနေသည်မှာ သဘာဝ ကျလှသော်လည်း ယခု ရွေးကောက်ပွဲသည် ၎င်းတို့ ဘဝများအတွက် ကြီးမားသော အလှည့်အပြောင်းကြီး ဖြစ်လာကြမည်ကို ရိပ်စားမိလာကြသည်နှင့် အမျှ ကြိုတင်မဲပေးရန်အတွက်ပင် လူတန်း ရှည်ကြီး ဖြစ်နေသည်ကို တွေ့ရသည်။ နယူးယောက်တိုင်း သတင်းစာကြီးက anxious but determined မဲဆန္ဒရှင်များဟု ပင် ခေါ်ဝေါ် ခဲ့သည်။

 

သောကြာနေ့ တရက်တည်းတွင် မဲပေးသူ ကိုးသန်း ရှိခဲ့သည်ဟု ဆိုသည်။

 

ပြီးခဲ့သည့် တပတ်အတွင်း ရုပ်မြင်သံကြား နှင့် ရေဒီယို ကြော်ငြာများအတွက် ဒီမိုကရက်များဖက်မှ ဒေါ်လာ ၆၂ သန်း နှင့် ထရန့်ဖက်မှ ဒေါ်လာ ၁၅.၅ သန်း၊ ဖေ့စ်ဘုတ် တွင် လည်း တပတ်အတွင်း ဘိုင်ဒင် ဖက်မှ ဒေါ်လာ ၉.၉ သန်း၊ ထရန့်မှ ဒေါ်လာ ၄.၇ သန်း သုံးစွဲခဲ့ကြောင်း ကြော်ငြာများအား ခြေရာခံ စစ်တမ်းကောက်သည့် Advertising Analytics ကုမ္ပဏီ မှ ထုတ်ပြန်ချက်ကို နယူးယောက်တိုင်းမ် သတင်းစာက ကိုးကား ဖေါ်ပြခဲ့သည်။

 

ဖီလာဒဲဖီယားရှိ အသက် ၆၀ အရွယ်ရှိ မေရီလင်း ကရိုဒါ ဆိုသည့် အမျိုးသမီးကြီးက "ကျွန်မ ဘဝ က ဒီရွေးကောက်ပွဲ ကို မှီနေတယ်လို့ ယူဆပြီး ‌မဲလာပေးတာဖြစ်ပါတယ်" ဟု ပြောခဲ့သည်။

 

ထို့အတွက် အမေရိကန် သမိုင်းတွင် ပထမဆုံးအကြိမ် အဖြစ် မဲပေးသူ အရည်အတွက် သန်း ၁၅၀ ကျော်သွားနိုင်ပြီဟု ခန့်မှန်းနေကြသည်။ ယခုအချိန် အထိပင် မဲပေးပြီးသူပေါင်း ၈၅ သန်းကျော် ရှိသွားခဲ့ပြီ ဖြစ်သည်။

 

အမေရိကန်၏ ရွေးကောက်ပွဲ စနစ်၏ ခိုင်မာမှု ကို ကပ်ရောဂါကြီး၊ စာပို့ စနစ် ၏ နှောင့်နှေး နေမှူများ၊ မဲရုံများ ရှေ့ရှိလူတန်းရှေ ကြီး၊ တရားရုံးချုပ်၏ အဆုံးအဖြတ် အစရှိသည်တို့က စိန်ခေါ်နေကြပြီ ဖြစ်သည်။

 

လာမည့် အင်္ဂါနေ့ တွင် ရွေးကောက်ပွဲ ပြီးဆုံးသွားခဲ့ပြီဟု မှတ်ယူ၍ မရတော့ပဲ နောက်ထပ် စာမျက်နှာ တခု လှန်လိုက်ခြင်းသာ ဖြစ်မည်ဟု အားလုံးက ယူဆနေကြသည်။

 

ရွေးကောက်ပွဲ အရာရှိများကလည်း နှစ်ဆယ်လေးနာရီ ပတ်လုံး အဆက်မပြတ် လုပ်သွားနိုင်ရန် အတွက် သောင်းနှင့် ချီသော မဲရုံလုပ်သားများအား ထပ်မံငှားရမ်း လာခဲ့သည်။

 

FBI အရာရှိများကလည်း ဖြစ်ပေါ်လာနိုင် သော အကြမ်းဖက်မှုများကို ထိန်းချုပ်နိုင်ရန် နိုင်ငံ အနှံ့တွင် ကွပ်ကဲရေးစခန်းများ ဖွင့်လှစ်ကာ စောင့်ကြည်လျက် ရှိနေသည်။

 

အမေရိကန်တို့ အဖို့ ယခု ရွေးကောက်ပွဲတွင် ယခင်ကလို ဖာသိဖာသာ လုပ်နေ၍ မဖြစ်တော့ ဆိုသည်ကိုလည်း ကောင်းစွာ သဘောပေါက်လာကြပြီ ဖြစ်သည်။ ယခု အရေးသည် မိမိတို့ ၏ နောင်လာနောက်သားများအတွက် လွန်စွာ အရေးကြီးမှန်း သိနေကြ၍ မျက်စိရှေ့မှောက်မှာပင် လူ ကိုးသန်း ကျော် ကူးစက်ခံနေရသည်ကို တွေ့နေပါလျက် မဲရုံများသို့ ထွက်လာကြခြင်းသည် လွန်စွာ အတုယူဖွယ် ကောင်းလှပေသည်။