ရေဆုံး မြေဆုံး အမဲလိုက် ခံရသော နာဇီ ခေါင်း ‌ဆောင် များ(54)

by Hla Soewai - Oct 26 2026

အာဟာရိုနီ ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ ကြုံတွေ့ခဲ့ရသည် မဟုတ်သော်လည်း၊ အာဂျင်တီးနားနိုင်ငံရှိ ဂျူးလူမျိုးများအတွက် အန္တရာယ်က ချောင်းမြောင်းနေပေသည်။ ဗျူ နို့စ်အေးရီးစ် တက္ကသိုလ်မှ သိပ္ပံအဓိကကျောင်းသူ ဂရာစီအယ်လာ နားစီဆာ ဆီရိုတာ သည် ၁၉၆၂ ခုနှစ် ဇွန်လအတွင်း ဘတ်စ်ကားမှတ်တိုင်တခုတွင် စောင့်ဆိုင်းနေစဉ် ထို အန္တရာယ်ကြီး နှင့် ကြုံခဲ့ရ၏။ 

 

တာကွာရာ ကဲ့သို့သော ဖက်ဆစ် စစ်သွေးကြွအုပ်စုများသည် အိုက်ခ်မန်း ၏ ပြစ်ဒဏ်စီရင်ချက် ထွက်ပေါ်လာပြီးနောက်ပိုင်း ဂျူးများကို နှိပ်ကွပ်ရာတွင် ပိုမိုလှုပ်ရှားလာကြပြီး ဖုန်းဖြင့် ခြိမ်းခြောက်ခြင်း၊ စာသင်ကျောင်းများကို မီးရှို့ခြင်းနှင့် ဂျူးသုဿာန်များရှိ ကဗ္ဗည်း ကျောက်တိုင်များ ဖြိုလှဲခြင်းများ ပြုလုပ်လာကြသည်။

 

လွန်ခဲ့သည့် လအတွင်း၌ပင် ထိုကဲ့သို့သော ဖြစ်စဉ် ပေါင်း ၃၀ ကျော်ရှိခဲ့ရာ အာဂျင်တီးနား ရဲတပ်ဖွဲ့အနေဖြင့် အကြမ်းဖက်မှုများ ပိုမိုကြီးထွားလာမည်ကို စိုးရိမ်သောကြောင့် ဖမ်းဆီးအရေးယူရန်ပင် ဝန်လေးနေခဲ့ကြသည်။ သို့သော် ထိုနည်းဗျူဟာမှာ လုံးဝမအောင်မြင်ခဲ့ပေ။ အကြောင်းမှာ တနေ့တည်း မှာပင် ဂျူးစားသောက်ဆိုင် နှစ်ဆိုင်သည် စက်သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသည်။ 

 

ဂရာစီအယ်လာသည် သူမအား ပစ်မှတ်ထားခံထားရမှန်း မသိဘဲ လူသွားလူလာ ရှုပ်ထွေးလှသော လမ်းမကြီးပေါ်တွင် ရပ်နေစဉ်၊ မီးခိုးရောင် ဆီဒန်ကားတစီးသည် ကုန်စုံဆိုင်ငယ်လေးရှေ့၌ ဘရိတ်အုပ်၍ ရုတ်တရက် ထိုးရပ်လိုက်သည့် အသံကြီး ကို ကြားလိုက်ရသည်။

 

တံခါးများ ပွင့်သွားပြီး တာကွာရာ အဖွဲ့ဝင် လူငယ်သုံးဦး ခုန်ဆင်းလာကြ၏။ အားလုံး၏ လက်ထဲတွင် သစ်သားတုတ်တချောင်းစီ ကိုင်ဆောင်ထားကြ သည်။ ထို့ နောက် ဂရာစီအယ်လာ၏ ခေါင်းကို ရက်ရက်စက်စက် ရိုက်နှက်ကြပြီး ချက်ခြင်း ဆိုသလိုပင် ကား နောက်ခန်းသို့ သူမအား ဆွဲထည့် မောင်းထွက်သွားသည်။ အနီးအနားရှိ တဦးတလေကမျှ ဝိုင်းဝန်း ကူညီပေးခဲ့ကြခြင်း မရှိပေ။

 

သတိလစ်မေ့မြောနေသော ဂရာစီအယ်လာ ကို ဝေးလံခေါင်ဖျားသော နေရာတ နေရာ သို့ သွားပြီး အဝတ်အစားများ ချွတ်၍ စားပွဲတလုံး ပေါ်တင်ကာ တုပ်နှောင်ထားလိုက်ကြသည်။ သူမ နိုးလာသောအခါ ဖမ်းဆီးထားသူများက တလှည့်စီ လက်သီး ဖြင့် ထိုး၊ စော်ကားမော်ကား လုပ်ကြ သည့် အပြင် မီးညှိထားသော စီးကရက် ဖြင့် တို့ ကြပြန်၍ ပြင်းထန်လှသော နာကျင်မှုကို ခံစားလိုက်ရသည်။

 

ထိုအသက် ၁၉ နှစ်အရွယ် ဂျူးကျောင်းသူလေးအား “ဒါဟာ အိုက်ခ်မန်း အတွက် ကလေ့စားချေတာပဲ” ဟု ပြောခဲ့ကြသည်။

 

ခန္ဓာကိုယ်တွင် ညိုမည်းစွဲနေပြီး မျက်နှာတခုလုံး ဖူးရောင်နေသော ဂရာစီအယ်လာအား ထို လူရမ်းကားလေး များက သူမ၏ ညာဘက်ရင်သားပေါ်တွင် သင်ဓုန်းဓားဖြင့် နာဇီကြက်ခြေခတ် သင်္ကေတ ရေးခြစ်ဆွဲနေသည်ကိုလည်း မည်သို့မျှ မတတ်နိုင်ဘဲ ကြိတ်မှိတ် ခံနေရရှာသည်။

 

ဂရာစီအဲလာသည် နာကျင်မှုဒဏ်ကို မခံနိုင်တော့ဘဲ နောက်တကြိမ် သတိလစ်သွားပြန်သည်။ သူမ၏ အဝတ်အစားမဲ့ ခန္ဓာကိုယ်ကို မြို့ပြင် လူနေရပ်ကွက်တခုရှိ လမ်းမပေါ်တွင် ပစ်ချထားခဲ့ကြသည်။ ဖြတ်သန်းသွားလာနေသော ကားများကလည်း ထိုမြင်ကွင်းကို အထင်အရှား မြင်တွေ့နိုင်သည်။ သူမ အသက်ရှင်နေသေးသော်လည်း အသက်မျှင်းမျှင်းသာ ရှူနေရသည့် အခြေအနေဖြစ်သည်။

 

ဂရာစီအဲလာ၏ မိဘများသည် ထိတ်လန့်တုန်လှုပ်စွာဖြင့် ရဲစခန်းသို့ သွားရောက်တိုင်ကြားရန် ကြိုးစားကြသည်။ သို့သော် အာဂျင်တီးနားအာဏာပိုင်များက တရားဝင်အမှုဖွင့် တိုင်ချက်ဖွင့်ရန် နှစ်ရက်ကြာအောင် စောင့်ခိုင်းခဲ့သည်။

 

ရဲဆရာဝန်တဦးက စေ့စပ်သေချာစွာ စစ်ဆေးပြီး ဂရာစီအဲလာ၏ ပြောပြချက်ကို အတည်ပြုနိုင်သည့် အထောက်အထားများ ရရှိခဲ့သည့်တိုင် ဖက်ဒရယ်ရဲတပ်ဖွဲ့အကြီးအကဲ ဟိုရာစီယို အန်ရစ်ကေး ဂရင်းကတော့ သူမကိုယ်တိုင် ထိုအဖြစ်ဆိုးနှင့် ကြုံတွေ့ရအောင် လုပ်ခဲ့ခြင်းဖြစ်သည်ဟု စွပ်စွဲပြောဆိုခဲ့သည်။ သူက ဂရာစီအဲလာသည် လက်ဝဲဝါဒီများ၏ ဆန္ဒပြပွဲတခုတွင် ပါဝင်ခဲ့ခြင်းကို အကြောင်းပြချက်အဖြစ် ထောက်ပြခဲ့သည်။

 

ဂရာစီအဲလာကို ပြန်ပေးဆွဲခဲ့သူများနှင့်ပတ်သက်၍လည်း ဂရင်းက အောက်ပါအတိုင်း ကြေညာခဲ့သည်။

“သူတို့ဟာ လွန်ကျုးတဲ့ အမျိုးသားရေးစိတ်ဓာတ်သက်သက်ကြောင့် လှုပ်ရှားခဲ့ကြတာပါ။ အဲဒီစိတ်ဓာတ်က အမျိုးသားဂုဏ်သိက္ခာ ထိခိုက်နာကျင်ရတဲ့ လုပ်ရပ်ဖြစ်သွားခဲ့ပြီး မဆိုသလောက် သော ဂျူးဆန့်ကျင်ရေး ဖြစ်ရပ် တွေထဲက တခုအဖြစ် ထင်ရှားသွားခဲ့တာ ဖြစ်ပါတယ်။”

 

*******************

 

မင်ဂဲလီ ရှာပုံတော် စပြီ

 

သို့သော် ဇဗီ အာဟာရိုနီ သည် ထိုသို့ ဖြစ်ပျက် နေသည်များကို တလုံးတပါဒမျှပင် သိရှိခဲ့ခြင်း မရှိပေ။ ထိုအစား သူသည် မင်ဂဲလီး ဟု သံသယရှိသူ၏ ကား နောက်သို့ စိတ်ချရသည့် အကွာအဝေးမှ နောက်ယောင်ခံ လိုက်နေသည်။

 

 ဒေါက်တာ ဂျိုးဆက် မင်းဂဲလီး ကို ဖမ်းဆီးနိုင်‌ ရေး ကြိုးပမ်းနေသော အာဟာရိုနီသည် အာဂျင်တီးနားနိုင်ငံတွင် အဖမ်းအဆီး ခံရမည့် ဘေး မှ လွတ်မြောက်ခဲ့ပြီး ဘရာဇီး နိုင်ငံ ဆာအိုပိုလို မြို့သို့ ဘေးမသီ ရန်မခ ရောက်ရှိလာခဲ့သဖြင့် ယခုအချိန်အထိ ကံကောင်းနေသည်ဟု ဆိုရ ပေမည်။

 

မင်းဂဲလီး၏ ယုတ်မာရက်စက်မှုများ၏ အသေးစိတ် အချက်အလက်များကို အာဟာရိုနီ ကောင်းစွာ သိရှိထားသည်၊ အကြောင်းမှာ သူသည် သေမင်းတမန် စခန်းမှ ထိုဒေါက်တာ၏ သမိုင်းကြောင်းနှင့် ပတ်သက်၍ အစ္စရေး မော့ဆက် အေးဂျင့်အဖွဲ့က ဆယ်စုနှစ်များစွာ စုဆောင်းထားသည့် ထူထဲလှသော အမှုတွဲ ဖိုင်ကြီးကို နှုတ်တိုက်ရအောင် အထပ်ထပ် အခါခါ ဖတ်ထားသောကြောင့် ဖြစ်သည်။

 

အာဟာရိုနီသည် သြစတြီးယားနိုင်ငံ၏ ဟစ်တလာလူငယ်အဖွဲ့ကို ဦးဆောင်ခဲ့ဖူးသူ၊ သက်တော် ၄၀ အရွယ် အစွန်းရောက် နာဇီတစ်ဦးဖြစ်သည့် ဝုဖ်ဂန်း ဂါးဟတ် မောင်းလာသော ကားနောက်သို့ လိုက်နေခြင်းဖြစ်သည်။ ဂျိုးဆက် မင်းဂဲလီးသည် ဂါးဟတ် သို့မဟုတ် သူ၏ အပေါင်းအပါတဦးဦး ပိုင်ဆိုင်သည့် တအိမ်အိမ် တွင် နေထိုင်နေသည်ဟု ယုံကြည်ရသည်။ 

 

အာဟာရိုနီအတွက် အကောင်းဆုံး မျှော်လင့်ချက်မှာ ထိုနာဇီက သူ့အား "သေမင်းတမန် ဒေဝဒတ်" ထံသို့ လမ်းပြခေါ်ဆောင်သွားရန်ပင် ဖြစ်သည်။ လွန်ခဲ့သည့် တနှစ်အတွင်း မင်းဂဲလီးကို တွေ့လိုက်ရသည်ဆိုသည့် သတင်းအစအန အတော်များများ ထွက်ပေါ်ခဲ့သော်လည်း ယခုတကြိမ်သည် အာဟာရိုနီအတွက် အစစ်အမှန် ဟု ယုံကြည်ရသောသဲလွန်စတခု ဖြစ်လာခဲ့သည်။

 

တဖြေးဖြေး နှင့် သူသည် မြို့ပြင်ရှိ အဝေးပြေးလမ်းမကြီးပေါ်သို့ ရောက်လာခဲ့သည်။ အာဟာရိုနီ သည် ခရီးရှည်ကြာလာသည် နှင့် ရှေ့က သွားနေသူ မရိပ်မိစေရန် သတိကြီးစွာ မောင်းလာရသည်။

 

မိုင်တရာခန့် မောင်းလာပြီးနောက် ဆီရာနီဂရာ အရောက်တွင် ဂါဟတ် သည် တောင်ကုန်းပေါ်သို့ တက်သွားသော မြေနီလမ်းကျဉ်းလေးဆီသို့ ကွေ့ဝင်သွားခဲ့သည်။ လမ်းသည် ချိုင့်ခွက်များ ထနေပြီး ကတ္တရာလည်း ခင်းမထား၍ ဂါဟတ်၏ နောက်သို့ ထပ်ကြပ်မကွာ လိုက်ပါသွားပါက သတိထားမိက သံသယ ဖြစ် သွားလိမ့်မည်ကို အာဟာရိုနီ ကောင်းစွာ သိရှိနေသည်။ ထို့ကြောင့် အစ္စရေး ထောက်လှမ်းရေး အေးဂျင့်သည် ကားကို ပြန်လှည့်ကာ ဆာပေါလို သို့ ပြန်မောင်းလာခဲ့တော့သည်။

 

သုံးရက်အကြာတွင် သူသည် ထို တောလမ်းသို့ ပြန်လည်ရောက်ရှိလာခဲ့၏။ ဤတကြိမ်တွင်မူ သူသည် မင်းဂဲလီ ကို လိုက်လံရှာဖွေရာ၌ ကူညီရန် ရောက်ရှိလာကြသော မော့ဆက် အေးဂျင့် နှစ်ဦးနှင့်အတူ ထွက် လာခဲ့ခြင်းဖြစ်သည်။

 

အာဟာရိုနီသည် မြေနီလမ်းထဲ အရောက်တွင် လမ်းထဲသို့ ကွေ့ဝင်လိုက်သည်။ အငှားကားလေးသည် ချိုင့်ခွက်များနှင့် ခရုပတ်လမ်းများကို မိုင်အတော်ကြာအောင် ရုန်းကန်ကျော်ဖြတ်ပြီးနောက် ခိုင်ခံ့စွာ ကာရံထားသော စိုက်ပျိုးရေး အဆောက်အအုံအစုအဝေးများရှိရာသို့ ရောက်ရှိသွားခဲ့သည်။

 

အုတ်ကြွပ်နီ မိုးထားသော သုံးထပ် ကွန်ကရစ်တိုင်မျှော်စင်ကြီးကို အထင်းသား လှမ်းမြင် နေရပြီး ယင်းပေါ်တွင် မှန်ပြောင်းကို ကိုင်ဆောင်ထားသော လူတဦး ကင်းစောင့်နေသည်ကို တွေ့လိုက်ရသည်။

 

အာဟာရိုနီသည် နောက်ထပ် ဘာဆက်လုပ်မည်နည်းဆိုသည်ကို ရေရေရာရာ မသိ‌ သေး သော်လည်း၊ မသင်္ကာသူသည် အမှန်တကယ်ပင် ဂျိုးဇက် မင်းဂဲလီ ဟုတ်မဟုတ် မျက်မြင်အတည်ပြုရန်မှာ လွန်စွာအရေးကြီးပေသည်။ ထို့ကြောင့် သူ့တွင် အခြားရွေးချယ်စရာ မရှိတော့ပေ။

 

အတူ ပါလာသော အေးဂျင့် နှစ်ဦးနှင့်အတူ ကားပေါ်မှ ဆင်းလိုက်ပြီးနောက်၊ အာဟာရိုနီသည် စန်းဒဝစ်ချ်မုန့်များဖြင့် ပျော်ပွဲစား လာသည့် ပုံမျိုး ဖြင့် နေရာ ခင်းကျင်းလိုက်သည်။

 

၎င်းတို့ စားသောက်ကြချိန်တွင် ခြံထဲမှ လူသုံးဦးသည် သူတို့ဆီသို့ လျှောက်လာကြသည်။ ထိုအထဲမှ နှစ်ဦးမှာ အသားညိုပြီး ဘရာဇီးလ်လူမျိုးများ ဖြစ်ပုံရသည်။ ဝုဖ်ဂန်း ဂါးဟတ်သည် ဒေသခံများအား "မျောက်တဝက်" ဟု ခေါ်ဝေါ်ကာ မထီမဲ့မြင် ပြောဆိုလေ့ရှိကြောင်း လူသိများ၏။

 

ဇဗီ အာဟာရိုနီ နှင့် သူ၏ မော့ဆက် အဖော်များထံသို့ ဦးတည်လျှောက်လှမ်းလာသော တတိယမြောက် လူသည်ဥရောပတိုက်သားတို့၏ ဖြူလျော်သော အသားအရောင် ရှိသည်။

 

အာဟာရိုနီ သည် မင်းဂဲလိ၏ ကိုယ်ရေးဖိုင်ထဲမှ ဓာတ်ပုံ‌ ပေါင်း များစွာနှင့် ရင်းနှီးကျွမ်းဝင်ပြီးသားဖြစ်ရာ ကြည့်ရသည်မှာ ထိုသူသည် မင်ဂဲလိးပင် ဖြစ်ရမည်။ ဘရာဇီးလ် စိုက်ပျိုးရေးခြံလုပ်သားများက “ပက်ဒရို” ဟု ခေါ်ဝေါ်ကြသူသည် ကောက်ရိုး ကောင်းဘွိုင်ဦးထုတ် အနားကျယ်ကို မျက်လုံးပေါ်အထိ နိမ့်နိမ့်စိုက် ဆောင်းထားပြီး ရုပ်သွင်ကို ဖုံးကွယ်ရန် ကြိုးစားနေသော်လည်း နှုတ်ခမ်းမွှေး၊ အရပ်အမောင်းနှင့် ရှေ့သွားနှစ်ချောင်း ကျဲ နေသည် ပါမကျန် ဓာတ်ပုံပါ သက်သေအထောက်အထားများနှင့် ကွက်တိဖြစ်နေသည်။ 

 

သို့သော် ယခုအချိန်သည် ပြန်ပေးဆွဲရန် အချိန်အခါမဟုတ်သေးပေ။ ထိုနိုင်ငံမှ အမြန် ထွက်ပြေးလွတ်မြောက်နိုင်ရန် လက်လှမ်းမှီရာ လေဆိပ်မရှိသလို၊ အစ္စရေးအနေဖြင့်လည်း တောင်အမေရိကတွင် နောက်ထပ် သံတမန်ရေးရာ ပြဿနာအရှုပ်အထွေးတခုကို မဖန်တီးနိုင် သေး ပေ။ 

 

အာဟာရိုနီသည် ထိုသူမှာ မင်ဂဲလီ ဖြစ်ကြောင်း သက်သေအထောက်အထားများ စုဆောင်းရမည်ဖြစ်ပြီး ‌၎င်းကို ဖမ်းဆီးရန် အစီအစဉ်များ စတင်နိုင်ရေးအတွက် အထက်အရာရှိများ၏ တရားဝင် ခွင့်ပြုချက်ကို ရယူရဦးမည်ဖြစ်သည်။

 

အာဟာရိုနီ၏ လက်တကမ်းတွင် ကင်မရာတလုံး အသင့် ရှိနေပြီး သူ မသိအောင် ဓာတ်ပုံရိုက်ယူရန်အတွက် အလွန်နီးကပ်သော အနေအထားတွင် ရောက်ရှိနေသည်။

 

အာဟာရိုနီနှင့် သူ၏ အပေါင်းအပါများသည် ၎င်းတို့၏ ပိုင်နက်အတွင်းမှ မောင်းထုတ်ခံလိုက်ရုံမှလွဲ၍ အခြားဘာမှ မဖြစ်ခဲ့ပေ။ သူ၏ တခုတည်းသော သက်သေမှာ သူ၏ ပဉ္စမအာရုံ စိတ်ခံစားချက်သာ ဖြစ်၏။ "ဒီလူဟာ မင်ဂဲလီ ဖြစ်နိုင်တယ်လို့ ကျွန်တော် ထင်တယ်" ဟု အာဟာရိုနီက နောက်ပိုင်းတွင် ရေးသားခဲ့သည်။ "တကယ်တော့၊ ထင်တာ မဟုတ်ပါဘူး၊ ဒီလူဟာ သူပဲလို့ ကျွန်တော် သေချာပေါက် ယုံကြည်ခဲ့တာပါ။"