ဆက်ဒမ် ဟူစိန်၏ နောက်ဆုံးနေ့ရက်များတွင် စောင့်ကြပ်ကြည့်ရှုရန် တာဝန် ပေးခံရပြီး "Super Twelve" ဟု ကိုယ့်ကို ကိုယ် အမည်ပေးထားကြသည့် အမေရိကန် စစ်သည် ၁၂ ဦးသည် ဒိုင်ယာရီရေးမှတ်ခွင့် သို့မဟုတ် အိမ်သို့ ပေးပို့သည့် စာများတွင် ၎င်းတို့၏ တာဝန်အကြောင်း ထည့်သွင်းပြောဆိုခွင့် တင်းကျပ်စွာ ပိတ်ပင်ခံထားရသည်။
ထို့ကြောင့် ဤနေရာတွင် ဖော်ပြထားသော အဖြစ်အပျက်အချို့၏ တိကျသည့် ရက်စွဲများကို အတည်ပြုနိုင်ရန် ခိုင်လုံသော စာရွက်စာတမ်း အထောက်အထားများ မရှိပေ။
သို့သော်လည်း အဆိုပါ စစ်သည်များကို နောက်ပိုင်းတွင် အမေရိကန် စစ်တပ်၏ နှုတ်က ပြောသော သမိုင်း ဆိုသည့် အစီအစဉ်၏ အစိတ်အပိုင်းတခုအနေဖြင့် စစ်တပ်၏ သမိုင်းပညာရှင်များက မေးမြန်းစုံစမ်းခဲ့ကြသည်။
စာရေးသူသည် ဂျော့ဂျ် ဒဗလျူ ဘုရှ် မှ ဘာရက် အိုဘားမား လက်ထက်အထိ အီရတ် ပဋိပက္ခအတွင်း ရုန်းကန်ခဲ့ရမှုများအကြောင်း ရေးသားသည့် The Endgame စာအုပ်အတွက် သုတေသန ပိုင်း ကူညီပေးနေစဉ် ၂၀၁၀ ပြည့်နှစ်တွင် မိုက်ကယ် ဂေါ်ဒွန် ထံမှ ထိုမေးမြန်းမှု မှတ်တမ်းများကို ရရှိခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် ဤစာအုပ်၏ သမိုင်းကြောင်း စစဉ် အချိန်ဇယားကို ပြုစုရာတွင် စစ်သည်များ၏ အဆိုပါ နှုတ်သမိုင်း မှတ်တမ်းများပါ အကြောင်းအရာများဖြင့် စတင်ခဲ့ပြီး၊ ယင်းနောက် ထိုစစ်သည်အချို့နှင့် ကိုယ်တိုင် နာရီ ၆၀ နီးပါး မေးမြန်းစုံစမ်းမှုများကို ဆက်လက်လုပ်ဆောင်ခဲ့သည်။ (ထိုမေးမြန်းမှုများသည် အမေရိကန်နှင့် အာရပ် အစိုးရအရာရှိများ၊ ပညာရှင်များ၊ ထောက်လှမ်းရေးများ၊ ရှေ့နေများနှင့် အခြား ထူးထူးခြားခြား အတွင်းကျကျ သိရှိသူများနှင့် တွေ့ဆုံမေးမြန်းခဲ့သည့် အကြိမ် ၁၀၀ နီးပါးထဲမှ အစိတ်အပိုင်းအချို့ ဖြစ် ပေသည်)။
*************
#နိဒန်း
ဘဂ္ဂဒက် — ၂၀၀၆ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်
အချိန်တန်ပြီ ဖြစ်သည်။ အဘိုးအိုသည် အမည်းရောင် ကုတ်အင်္ကျီရှည်ကြီးကို ကောက် ဝတ်လိုက်ပြီး ပေါ်ထွက်ခါနီး အာရုဏ်ဦး ၏ အအေးဒဏ်မှ ကာကွယ်ရန် သားမွေးဦးထုပ် အမည်းရောင်ကို သူ၏ ခေါင်းပေါ်တွင် အသေအချာ ဆောင်းလိုက်၏။ ပြီးခဲ့သည့် ညဉ့်နက်ပိုင်းသည် အီရတ်တွင် အမေရိကန် စစ်သည်များ ကြုံတွေ့ဖူးသမျှထဲ၌ အအေးဆုံး ညများထဲမှ တည ဖြစ်ခဲ့သည်။
အကျဉ်းသားကို ထိန်းသိမ်းရန် ပြင်ဆင်ထားသည့် ဗုံးဒဏ်သင့် နန်းတော်ဟောင်း၏ အပြင်ဘက်တွင် စစ်သည် ၆ ဦး ရပ်နေကြသည်။ ၎င်းတို့ အသက်ရှု လိုက်တိုင်း နှာခေါင်းမှ ထွက်လာသော အငွေ့များကို မြင်တွေ့နေရ၏။ ၎င်းတို့သည် ညကြည့်မှန်ပြောင်းများ တပ်ဆင်ထားသည့် ခေတ်မီ တိုက်ပွဲဝင် ဦးထုပ်များ၊ ကက်ဗလာ ကျည်ကာအင်္ကျီများနှင့် စစ်ဝတ်စုံအပြည့် ဝတ်ဆင်ထားကြသဖြင့် လှုပ်ရှားရသည်မှာ လေးလံနေသည်။ တဦးစီတွင် ကျည်ဆန် ရာပေါင်းများစွာ ပါဝင်သည့် ကျည်ကပ်များ ကို လွယ်ထားရ၏။
စစ်သားများက ပုံမှန်ထက် ထူးခြား နေသည့် အခြေအနေမျိုး ရှိမရှိ ပတ်ဝန်းကျင်ကို သတိထား စောင့်ကြည့်နေစဉ် အခြား စစ်သည် ၆ ဦးက အကျဉ်းသားကို အပြင်သို့ ဦးဆောင်ခေါ်ထုတ်လာပြီး စက်နှိုးထားသော ဟန်းဗီး စစ်ကားထဲသို့ တင်ကာ ရဟတ်ယာဉ် ရပ်နားထားသည့် နေရာ ခရီးတိုလေးကို မောင်းနှင်သွားကြသည်။
မုတ်ဆိတ်မွေး ဖြူစွတ်နေသော အဘိုးအိုသည် အမြဲလိုလို ညည်းတွားလေ့ရှိသည့် ကျောကုန်းနာကျင်သည့် ဝေဒနာရှိသော်လည်း ယခုလို အချိန်မျိုး တွင် ခန္ဓာကိုယ်ကို မတ်မတ်ထားနိုင်ရန် ကြိုးစားရင်း ဂုဏ်ယူဝင့်ကြွားသည့် ပုံစံဖြင့် လက်နှစ်ဖက်ကို ယမ်းကာ လျှောက်လှမ်းလာသည်။
အနီးအနားတွင် Black Hawk ရဟတ်ယာဉ်နှစ်စင်းက အသင့် စောင့်ဆိုင်းနေကြသည်။ ၎င်းတို့၏ ရဟတ်များသည် အရှိန် ပြင်းပြင်း နှင့် လည် နေ သဖြင့် ဝါးတားတားသာ မြင်ရတော့သည်။ ရဟတ်များမှ ထွက်ပေါ်လာသော လေပြင်းအားကြောင့် သဲမှုန့်များနှင့် ကျောက်စရစ်ခဲများသည် တိမ်တိုက်သဖွယ် အရှိန်ပြင်းပြင်း လွင့်စင်ထလာကြသည်။ စစ်သားများ၏ ညကြည့်မျက်မှန်များမှ ထွက်ပေါ်နေသော အစိမ်းရောင်အလင်းဖျော့ဖျော့ကလည်း အသံ၊ အပူချိန်နှင့် အလင်းတို့ ရောထွေးနေသည့် ထိုအခြေအနေကို ပိုမိုခေါင်းမူးရှုပ်ထွေးဖွယ် ဖြစ်စေသည်။
နွေးထွေးပြီး လုံခြုံသလို ခံစားရသော အကျဉ်းခန်းများရှိရာ နန်းတော်ဟောင်းထဲမှ အပြင်ရှိ စောင့်ဆိုင်းနေသော ရဟတ်ယာဉ်ဆီသို့ ထွက်လာရ သော လူငယ်စစ်သားများအတွက် အမြဲလို အံ့အားသင့်ဖွယ် အတွေ့အကြုံတခု ဖြစ်နေတတ်သည်။
အဘိုးအိုကို ဝန်းရံထားသော စစ်ရဲတပ်ဖွဲ့ဝင် ခြောက်ဦးသည် သူ့ကို တင် ဆောင်သွားမည့် Black Hawk ရဟတ်ယာဉ်တစင်းအတွင်းသို့ ခေါ်ဆောင်သွားကြသည်။ သူတို့သည် တဝှီးဝှီး မြည်ကာ လည်ပတ်နေသော ရဟတ်များအောက်မှ ခေါင်းငုံ့၍ ဖြတ်သန်းကြပြီး၊ ခြေချော်မလဲစေရန် သတိကြီးစွာဖြင့် ရဟတ်ယာဉ်ပေါ်သို့ တက်ကြသည်။ အကြောင်းမှာ သူတို့ ဝတ်ဆင်ထားသော ညကြည့်မျက်မှန်များကြောင့် အနီးအဝေးနှင့် အရာဝတ္ထုများ၏ အတိမ် အနက် ကို မှန်ကန်စွာ ခန့်မှန်းမြင်နိုင်စွမ်း လျော့နည်းနေသောကြောင့် ဖြစ်သည်။
စစ်သားတဦးကမူ အထူးသတိထား စောင့်ကြည့်နေရသည်။ အကျဉ်းသားထံမှ “သင်္ကာမကင်းဖွယ် လှုပ်ရှားမှုတစုံတရာ” တွေ့ရှိပါက သတိထားရန် ၎င်းကို အထူးညွှန်ကြားထားသောကြောင့် ဖြစ်သည်။
စစ်သားများနှင့်အတူ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းနှစ်ဦးနှင့် စကားပြန်တဦးလည်း လိုက်ပါလာကြသည်။ လူများပြည့်ကျပ်နေသော ရဟတ်ယာဉ်၏ ကိုယ်ထည်အတွင်း၌ သူတို့၏ ကိုယ်ခန္ဓာမှ ထွက်ပေါ်လာသော နွေးထွေးမှု ကြောင့် အအေးဒဏ် မှ အနည်းငယ်တော့ သက်သာမှု ရခဲ့ကြသည်။
ပထမအုပ်စုမှ လူများအားလုံး ရဟတ်ယာဉ်ပေါ်သို့ တက်ရောက်ပြီးသည်နှင့် ကျန်ရှိနေသော စစ်သားခြောက်ဦးသည်လည်း ဒုတိယ Black Hawk ရဟတ်ယာဉ်ပေါ်သို့ အလျင်အမြန် ပင် တယောက်ပြီးတယောက် တက်လိုက်ကြသည်။
ရဟတ်ယာဉ် များသည် ကောင်းကင်သို့ ဒေါင်လိုက် ကြွတက်သွားပြီး ဘဂ္ဂဒက်၏ ရှီးယိုက် အများဆုံး နေထိုင်သည့် ကာဒီမီယာ ရပ်ကွက်ရှိ အီရတ် စစ်စခန်းတခုဆီသို့ ဦးတည်သွားမည့် ခရီးတိုလေးကို စတင်လိုက်သည်။ လေထုမငြိမ်မသက်ဖြစ်၍ ဟယ်လီကော့ပတာ အနည်းငယ် လှုပ်ခါသွားသောအခါ အဘိုးအို၏ မျက်နှာပေါ်တွင် ကြောက်ရွံ့ထိတ်လန့်သည့် အရိပ်အယောင်တခု ဖျတ်ခနဲ ဆိုသလို ထင်ဟပ်သွားခဲ့၏။ သူသည် အမြဲတမ်းလိုလို လေယာဉ်စီးလျှင် ထိတ်လန့်တတ်သူ ဖြစ်သည်။ ထိုသို့ ခေတ္တ ခဏ ထိတ်လန့်သွားခဲ့သည်မှ လွဲ၍ တလမ်းလုံး ငြိမ်သက် တည်ငြိမ်စွာ လိုက်ပါလာခဲ့သည်။
ရဟတ်ယာဉ် များ ဆင်းသက်သည်နှင့်တပြိုင်နက် စစ်သားများက အသင့်စောင့်ဆိုင်းနေသော “ရိုင်းနိုး” (Rhino) ဟုခေါ်သည့် သံချပ်ကာ ဘတ်စ်ကားကြီးဆီသို့ သူ့အား ခေါ်ဆောင်သွားကြသည်။ အဘိုးအို သည် ခန္ဓာကိုယ် ထွား ကြိုင်းသူ ဖြစ်၍လည်း ကားထဲသို့ အမေရိကန်စစ်သားများနှင့်အတူ တိုးဝင်ရန် အမြဲအခက်တွေ့ရလေ့ရှိသည်။ သူ့လိုပင် လက်ဘနွန် ဖွား အမေရိကန် စကားပြန်ပါ တိုးဝှေ့ဝင်ခဲ့ရသည်။
အရုဏ်မတက်မီ အအေးဓါတ် များ လွမ်းခြုံ နေဆဲမှာပင် ၁၃ တန်လေးသော ရိုင်းနိုးကားကြီးသည် စစ်စခန်းဝင်းအတွင်းမှ စတင်မောင်းထွက်လာခဲ့စဉ် တွင် ကားထဲတွင် ထူးခြားစွာ တိတ်ဆိပ် ငြိမ်သက်နေသည်။
ယခင်က လို ပေါ့ပေါ့ပါးပါး စကားစမြည်ပြောဆိုသံများ၊ တယောက်နှင့် တယောက် နောက်ကျ ပြောင်ကျ စ နောက် နေသံ များ မကြားရ တော့။ တိတ်ဆိတ်ငြိမ်သက်မှု က လွှမ်းမိုး နေခဲ့ပေသည်။
ခဏမျှ မောင်းနှင်ပြီးနောက် အကျဉ်းသား အဖိုးအို ကို လွှဲပြောင်းပေးရမည့် အချိန်သို့ ရောက်ရှိလာခဲ့သည်။ သူသည် ရိုင်းနို သံချပ်ကာယာဉ်၏ နောက်ကျောဘက်ရှိ သူ၏ ထိုင်ခုံမှ ထရပ်လိုက်ပြီး သူ၏ အနက်ရောင် ကုတ်အင်္ကျီအား ခရီးတိုလေးအတွင်းမှာပင် တွန့်ကြေသွားမည် စိုး၍ ဂရုတစိုက်ဖြင့် သပ်သပ်ရပ်ရပ် ပြုပြင်လိုက်သည်။ သူ၏ အကျဉ်းခန်းမှ မထွက်ခွာမီကပင် စစ်သည်တဦးက အင်္ကျီပေါ်ရှိ ဖုန်နှင့် အမွှေးအမျှင်များကို ဒလိမ့်တုံးဖြင့် သေချာ သန့်စင်ပေးခဲ့ပြီးဖြစ်သည်။
ထို့နောက် အဖိုးအို သည် နောက်ဘက်ရှိ ထိုင်ခုံမှ ရှေ့တံခါးဘက်သို့ ဖြည်းညင်းစွာ ထွက်လာခဲ့သည်။ မှိန်ပျပျ အလင်းရောင်သာရှိသော အဆိုပါ သံချပ်ကာယာဉ်၏ ရှေ့ဘက်သို့ သွားရာလမ်းတွင် သူသည် အမေရိကန် စစ်သား ၁၂ ဦးစလုံးကို တဦးချင်းစီ ရပ်တန့်ကာ လက်ဖြင့် ဆုပ်ကိုင် နှုတ်ဆက်ခဲ့ပြီး အချို့ကိုမူ တိုးတိုးလေးဖြင့် နောက်ဆုံး နှစ်ကိုယ်ကြား နှုတ်ဆက်မှာကြားခဲ့သည်။ စစ်သည်အချို့၏ မျက်လုံးများတွင် မျက်ရည်များပင် ဝိုင်းလာခဲ့ကြ၏။
အဘိုးအိုသည် အားလုံးကို နှုတ်ဆက် ပြီးသွားသောအခါ သူတို့ဘက်သို့ နောက်ဆုံးတကြိမ် ပြန်လှည့်ကြည့်လိုက်ပြီး -
"ဘုရားသခင် မောင်ရင် တို့နဲ့အတူ ရှိပါစေ" ဟု ပြောလိုက်သည်။
ထို့နောက် သူသည် ဦးခေါင်းကို အနည်းငယ် ညွှတ်၍ ဂါရဝပြုလိုက်ပြီး အဆောက်အဦး ၏ တံခါးဘက်သို့ လှည့်ထွက်သွားခဲ့ လေတော့သည်။
******************