လေထုသည် သိပ်သည်း လာ၏။ အလံတော်သည် လူအုပ်ကြီး၏ ခေါင်းများပေါ်တွင် လွင့်ပျံလှုပ်ရှားလျက်၊ စစ်သားများ တန်းစီ ရပ်နေ၍ မီးခိုးရောင် နံရံကြီး အလား ဖြစ် နေသော နေရာ ဆီသို့ တိုးဝင်ချဉ်းကပ်သွားသည်။ အမေ၏ တကိုယ်လုံး တုန်ရီလာနေ၏။ သူမသည် မျက်စိကိုမှိတ်ကာ "အို... အို!" ဟု ငိုကြွေးလိုက်သည်။
လူအုပ်ကြီးထဲမှ ပါဗယ်၊ အန်ဒရေး၊ ဆာမွိုင်းလော့ဖ်နှင့် မာဇင်တို့ လေးဦးသာလျှင် လူအုပ်ကိုကျော်၍ ရှေ့သို့တက်သွားကြသည်။ ဖက်ဒီယာ မာဇင်၏ ကြည်လင်သော အသံဝါးဝါးသည် လေထုထဲတွင် တုန်ခါနေ၏။
"သေခြင်းတရားနှင့် တိုက်ပွဲဆင်ရာတွင်--" ဟု သူက သီချင်းစတင်လေသည်။
"အို... သင်တို့သည် သားကောင်ဖြစ်ခဲ့ကြရပြီ--” ဟု ပြန်လည်တုံ့ပြန်သံက ခပ်တိုးတိုး ထွက်လာသည်။
ထိုစကားသံတို့သည် လေးလံသော သက်ပြင်းချသံများ နှင့် ရောထွေး သွားကြသည်။ အားလုံးသည် တလှမ်းချင်း တလှမ်းချင်း ရှေ့သို့တိုးလာကြပြီး ခြေသံတိုင်းကိုပင် ထင်ရှားစွာ ကြားနေရ၏။ ထိုအခိုက်တွင် မဆုတ်မနစ်သော၊ ပြတ်သားခိုင်မာသော သီချင်းသစ်တပုဒ်သည် ထွက်ပေါ်လာတော့သည်—
"သင်တို့သည် သူတို့အတွက် အသက်စွန့်ခဲ့ကြပြီ။"
ဖက်ဒီယာ ၏ အသံသည် တောက်ပသော ဖဲကြိုးတချောင်း လေထုထဲသို့ လှိုင်းထပျံ့လွင့်သွားသကဲ့သို့ ထွက်ပေါ်လာသည်။
"အာ-ဟား-ဟား-ဟား!" တစုံတယောက်က သရော်တော်တော်ဖြင့် အော်ဟစ်လိုက်သည်။ "သြော်... ခွေးစုတ် ခွေးပဲ့ တွေ၊ အသုဘသီချင်းကို စဆိုနေကြပြီ ဟေ့!"
"ရိုက်ပစ်စမ်း!" ဟု ဒေါသသံဖြင့် တုံ့ပြန်ပြောဆိုသံ ထွက်ပေါ်လာသည်။
အမေသည် လက်နှစ်ဖက်ကို ရင်ဘတ်ပေါ် တင်ကာ တင်းတင်းဆုပ်ကိုင်ထားရင်း ပတ်ဝန်းကျင်ကို ဝှေ့ကြည့်လိုက်၏။ စောစောက ပြွတ်သိပ်ကျပ်ညပ်နေသော လူအုပ်ကြီးမှာ ယခုအခါ ဘာလုပ်ရမှန်းမသိ ဝေခွဲမရဖြစ်လျက် အဝေးသို့ ထွက်ခွာသွားကြသော ရဲဘော်များကို ငေးကြည့်နေကြသည်ကို တွေ့လိုက်ရသည်။
ရဲဘော်များသည် အလံကို ကိုင်ဆောင်၍ ထွက်ခွာသွားကြပြီး အနောက်မှ လူဆယ် ယောက် ကျော်ခန့် လိုက်ပါသွားကြသည်။ သို့သော်လည်း ထိုလိုက်ပါသွားသူများထဲမှ တယောက်သည် လမ်းမ၏ အလယ်တည့်တည့်လမ်းကြောင်းက ရဲရဲတောက် ပူပြင်းနေ၍ သူ၏ ခြေဖဝါးများ လောင်မြှိုက်ခံရမည် ကို စိုးရွံ့ နေသည့်အလား ရှေ့သို့ လှမ်းလိုက်တိုင်း ဘေးသို့ ခုန်ထွက်သွားတတ်သည်။
"အာဏာရှင်စနစ်ကြီး ပျက်စီးယိုယွင်းရမည်--" ဟု ဖက်ဒီယာ၏ နှုတ်ခမ်းဖျားမှ တမန်တော်၏ ဗျာဒိတ်တော်အလား သီချင်းသံ ထွက်ပေါ်လာသည်။
"လူထုကြီးလည်း ရဲရဲဝံ့ဝံ့ ထကြွလိမ့်မည်!" ဟု အားမာန်ပါပြီး ခြိမ်းခြောက်လိုက်သည့် သံပြိုင်ဟိန်းထွက်သံက မယိမ်းမယိုင် ယုံကြည်မှုအပြည့်ဖြင့် ဝိုင်းဝန်း အော်ဟစ် ထောက်ခံလိုက်ကြတော့သည်။
သို့သော် ငြိမ့်ညောင်းသာယာစွာ ထွက်ပေါ်လာ နေသော သီချင်းသံ သည် "ဟိုမှာ အမိန့်ပေးနေပြီ" ဟူသော တိုးညင်းသော စကားသံကြောင့် ပြတ်တောက်သွားခဲ့သည်။
"လှံစွပ် ထိုးဖို့ အသင့်ပြင် ကြ!" ဟူသော စူးရှသည့် အမိန့်သံသည် ရှေ့တန်းမှ ထွက်ပေါ်လာ၏။
နေရောင် ကြောင့် တလက်လက် တောက်ပြောင် နေသောလှံစွပ်များသည် လေထဲတွင် ဖွေးဖွေးလှုပ် ထောင်တက်လာပြီး ခေါင်းငိုက်စိုက်ကျသွားကာ အလံတော်ကို ရင်ဆိုင်ရန် ရှေ့သို့ တိုးထွက်လာကြသည်။
"ချီတက်!"
"သူတို့ လာနေကြပြီ!" ဟု ခြေကျိုးနေသော လူက ပြောလိုက်ပြီး ၎င်း၏ လက်များကို အိတ်ကပ်ထဲ ထည့်ကာ ဘေးဘက်သို့ ခြေလှမ်းကျယ်ကျယ်ဖြင့် ရှောင်ထွက်သွားခဲ့သည်။
အမေသည် မျက်တောင်မခတ်တမ်း ငေးကြည့်နေခဲ့သည်။ စစ်သားများသည် ယိမ်းထိုးလှုပ်ရှားရင်း လမ်းမကြီး၏ တခုလုံးသို့ ဖြန့်ကျက်ထားရာ ၎င်းတို့ဝတ်ထား သော ယူနီ ဖောင်း အရောင် ကြောင့် မီးခိုး ရောင် တန်းကြီး ရှေ့ နောက် ယိမ်းထိုး နေသလို ဖြစ် နေသည် ။ စစ်သားများသည် တဖျတ်ဖျတ်လက်နေသော လှံစွပ် သွား များကို တပ်ဆင်ထား သော သေနတ် များကို တန်းစီကိုင်ဆောင်ကာ တည်ငြိမ်အေးဆေးစွာဖြင့် ရှေ့သို့ တရွေ့ရွေ့ တိုးလာခဲ့သည်။ ထို့နောက် တန့်ခနဲ ရပ်တန့်သွား၏။
အမေသည် သားဖြစ်သူ ဆီသို့ အရောက်သွားနိုင်ရန် ခြေလှမ်း ကျဲကျဲ ဖြင့် လျှောက်လာခဲ့သည်။ အန်ဒ ရေသည် ပါဗယ် ၏ အရှေ့သို့ တိုးထွက်ကာ သူ၏ ရှည်လျားသော ခန္ဓာကိုယ်ဖြင့် ပါဗယ်အား ကာကွယ်ပေးလိုက်သည်ကို သူမ မြင်လိုက်ရသည်။
"ငါ့ဘေးမှာ နေပါ!" ဟု ပါဗယ်က ခပ်မာမာ အော်ပြောလိုက်သည်။
အန်ဒ ရေ သည် လက်နှစ်ဖက်ကို နောက်ပစ်ကာ ခေါင်းကို မော့လျက် သီချင်းဆိုနေ၏။ ပါဗယ်က အန်ဒ ရေအား ပုခုံးဖြင့် တွန်းထုတ်ရင်း -
"ငါ့ဘေးမှာ နေစမ်း! အလံကိုပဲ အရှေ့မှာ ထားစမ်းပါ!" ဟု ထပ် အော် ပြောလိုက်ပြန် သည်။
အရာရှိငယ်တဦးက သူ၏ စစ်ဖိနပ် များကို ကြွကာ စိတ်တိုဒေါသထွက်သည့် ပုံစံဖြင့် မြေကြီးကို ဆောင့်နင်းလိုက်သည်။ ပြောင်လက် အောင် တိုက်ထား သော ထိုဖိနပ်ရှည်ကြီးကို အ မေသည် မြင်မိအောင် မြင်သွားခဲ့သည်။ ထို့နောက် အရာရှိငယ်သည် ဓားရှည်ဖြူကြီးကို ဝှေ့ယမ်းကာ အော်ဟစ် အမိန့်ပေးလိုက်သည် -
"လူစုခွဲကြစမ်း!"
နောက်ဘက် ခပ်လှမ်းလှမ်းတွင်မူ မုတ်ဆိတ်မွေးများ ပြောင်နေအောင် ရိတ်သင်ထားကာ ထူထဲသော မီးခိုးရောင် နှုတ်ခမ်းမွေးနှင့် အရပ်မြင့်မြင့် လူတယောက် လျှောက်လာ၏။ ထိုလူသည် နီရဲသော အတွင်းခံအနားသတ်ပါသည့် မီးခိုးရောင် အင်္ကျီရှည်ကြီးကို ဝတ်ဆင်ထားပြီး ဘောင်းဘီပေါ်တွင် အဝါရောင် အစင်းကြောင်းများ ပါရှိသည်။ သူ၏ ခြေလှမ်းများမှာ လေးလံလှပြီး ရုရှားလေးကဲ့သို့ပင် လက်နှစ်ဖက်ကို နောက်ပစ်ထား၏။ ထိုလူသည် သူ၏ ထူထဲသော မီးခိုးရောင် မျက်ခုံးမွေးများကို ပင့်တင်လျက် ပါဗယ်လ် အား စိုက်ကြည့်နေသည်။
အမေဖြစ်သူမှာမူ အဆုံးမရှိသော အဝေးတနေရာဆီသို့ ငေးမောကြည့်နေပုံရ၏။ အသက်ရှူလိုက်တိုင်း သူမ၏ ရင်တွင် ကျယ်လောင်စွာ အော်ဟစ်လိုက်ချင်စိတ်နှင့်အတူ ပေါက်ကွဲထွက်မတတ် ဖြစ်နေရသည်။ ရင်ထဲတွင် မွန်းကြပ်နေသော်လည်း အကြောင်းတခုခုကြောင့် ထိုအသံကို အတင်းမျိုသိပ် ထိန်းချုပ်ထားရ၏။ သူမ၏ လက်များဖြင့် ရင်ဘတ်ကို တင်းကြပ်စွာ ဖိထားရသည်။ တွန်းထိုးခံရမှုများကြောင့် သူမမှာ ယိမ်းထိုင်သွားရပြန်သည်။
သူမသည် စိတ် နှင့် ကိုယ် နှင့် မကပ်သည့်အလား အရှေ့သို့ တရွေ့ရွေ့ လျှောက်လှမ်းနေမိသည်။ နောက်တွင် ကျန်ခဲ့သော လူအုပ်ကြီးမှာ တဖြည်းဖြည်း ပါးသွားပြီ ဖြစ်ကြောင်း သူမ ခံစားမိ၏။ အေးစက်သော လေပြင်းတစ်ချက်က ဝှေ့ယမ်းတိုက်ခတ်သွားရာ ထိုလူအုပ်ကြီးမှာ ဆောင်းဦးရာသီတွင် မြေပြင်ပေါ်ရှိ သစ်ရွက်ခြောက်များပမာ လွင့်ပါး သွားကြတော့သည်။
ရဲရဲတောက်နေသော အလံတော်ကြီး၏ အနီးတဝိုက်တွင် လူများသည် တိုးဝှေ့စုရုံးလာကြသည်။ လမ်းမကြီး တလျှောက်တွင် စစ်သားများ၏ မျက်နှာများကိုပါ ထင်ထင်ရှားရှား မြင်တွေ့လာရ၏။ ၎င်းတို့နှင့် အတူ တလက်လက် ဖြစ်နေသော လှံစွပ်ထိပ်ချွန်များကို ပါ မြင်ရ၏။
ထိုလှံစွပ်များသည် လူများ၏ ရင်ဘတ်ဆီသို့ ဦးတည်ချိန်ရွယ်ထားသော်လည်း မထိသေးပဲ၊ လူများကို တယောက်ပြီးတယောက် လူစု ကွဲသွားအောင် တွန်းထုတ်ဖယ်ရှား နေသည်။
အမေသည် နောက်ကျောဘက်မှ ပြေးလွှားနေကြသူများ၏ ခြေသံများကို ကြားနေရ၏။ ဖိနှိပ်ချုပ်တည်းထားသော စိတ်လှုပ်ရှားသံများဖြင့် -
“လူစု ခွဲကြတော့... ဟေ့ကောင်တွေ!”
“ဗလာဆော့ဗ်... ပြေးတော့!”
“ပါဗယ်လ် --- နောက်ကိုဆုတ်!”
“အလံကို လွှတ်ချလိုက်တော့... ပါဗယ်လ်!” ဟု ဟစ်အော်နေကြသည်။
ဗိုင်ယာ ဆော့ဗ် ချီကော့ဗ်က -
“ငါ့ကို ပေးလိုက်! ငါ ဝှက်ထားပေးမယ်!” ဟု ပြောလိုက်လေသည်။
ပြောပြောဆိုဆို ဖြင့် အလံတိုင်ကို လက်ဖြင့် ကိုင်ဆွဲလိုက်ရာ အလံမှာ နောက်သို့ ယိမ်းထိုးသွားသည်။
"လွှတ်စမ်း!" ဟု ပါဗယ်လ်က ထိန်းမနိုင်သိမ်းမရ အသံကုန် ဟိန်းဟောက်လိုက်သည်။
နီကိုလိုင်သည် မီးလောင်ခံလိုက်ရသကဲ့သို့ သူ၏လက်ကို ချက်ချင်း နောက်သို့ တွန့်ဆုတ်လိုက်၏။ သီချင်းသံလည်း တဖြည်းဖြည်း တိတ်ဆိတ်သွားခဲ့သည်။
လူအချို့က ပါဗယ်လ်၏ အနားသို့ စုပြုံတိုးဝှေ့လာကြသော်လည်း သူသည် ရှေ့ဆုံးသို့ တိုးထွက်သွားခဲ့သည်။ ရုတ်တရက် အသံဗလံများ တိတ်ဆိတ်သွားခဲ့သည်။ အလံတော်၏ ပတ်ပတ်လည်တွင် လူနှစ်ဆယ်ခန့် သည် ကြံ့ကြံ့ခံ ရပ်နေကြသည်။
အမေသည် စိတ်ထဲတွင် ထိတ်လန့်လာပြီး သူတို့အား တခုခုကို လှမ်းပြောချင်စိတ်များ ဖြစ်ပေါ်လာခဲ့သည်။
"အဲ့ ဒိ ကောင် ဆီ က ဟာကို သွားသိမ်းလိုက်စမ်း။"
အရပ်ရှည်ရှည် အဘိုးအိုမှ ဒုဗိုလ် ဖြစ်သူ တဦးအား အလံတော်ကို လက်ညှိုးထိုးပြ ရင်း က အမိန့်ပေးလိုက်သံ ထွက် ပေါ် လာသည်။ အရပ်ပုပု ဒုဗိုလ်သည် ပါဗယ်လ်ထံ အပြေးအလွှား ရောက်ရှိလာပြီး အလံတိုင်ကို လှမ်းဆွဲကာ "ဟေ့ ကောင် လွှတ်လိုက်စမ်း" ဟု အသံနက်ကြီး ဖြင့်အော်ဟစ်လိုက်သည်။