သူတို့ တိုကျို မှာ ထပ် ‌ဆွေးနွေးကြပြန်ပြီ

by Hla Soewai - Oct 19 2026

ဝါရှင်တန်သည် ၂၀၂၁ အာဏာ သိမ်းပြီးကတည်းက ၎င်း တို့ ဥပက္ခာ ပြုထားသော စစ်အုပ်စု နှင့် တိုကျိုတွင် ဒုတိယ အကြိမ် အဖြစ် ပြီးခဲ့သည့် သီတင်းပတ် အတွင်း ထပ်မံ ဆွေးနွေးခဲ့ကြသည်ဟု ရိုက်တာ က အစည်းအဝေး နှင့် နီးစပ်သူ များအား ကိုးကား၍ ထုတ်ဖေါ် ရေးသားလာသည်။

 

စက်တင်ဘာလ လယ်က ‌ဆွေးနွေးခဲ့မှု များသည် အမေရိကန် စီးပွားရေး သမား အဒမ် ကက်စတီလို အရေး အကြောင်းပြ၍ ‌ဆွေးနွေးခဲ့ကြသော်လည်း ယခု အခါတွင်မူ မည်သည့် ကိစ္စ များ ဆိုသည်က ရှင်းရှင်းလင်းလင်း မသိရသေးပေ။

 

ယခုတကြိမ် ‌‌ဆွေးနွေးပွဲကိုလည်း အမေရိကန် ထောက်လှမ်းရေးနှင့် သုတေသနဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ် ဗန့်စ် သည် ၎င်း၏ လက်ထောက် အရာရှိ ၁၂ ဦးထက်မနည်း ပါဝင်သည့် အဖွဲ့ကို ဦးဆောင် ဆွေးနွေးခဲ့ကြောင်း အဆိုပါကိစ္စတွင် ပါဝင်ပတ်သက်သူတစ်ဦးက ပြောခဲ့သည်ဟု ဆိုသည်။ သို့သော် မြန်မာ ဖက်မှ မည်သူတွေ ပါဝင်ခဲ့သည် ဆိုသည်ကိုကား ရိုက်တာ မှ အတည်မပြုနိုင်ခဲ့ဟု သိရသည်။

 

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနကမူ ၎င်းတို့၏ အကျိုးစီးပွားကို ထိခိုက်စေသည့် ကိစ္စရပ်များ အတွက် မြန်မာနိုင်ငံရှိ အဖွဲ့အစည်းအားလုံးနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းသာ ပြောကြားခဲ့သည်။

 

ဆွေးနွေးပွဲများကို လက်ခံ စီစဉ် ပေးခဲ့သည့် ကိစ္စ နှင့် ပတ်သက်၍ မေးမြန်းမှုကို ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက အီးမေးလ်ဖြင့် ပေးပို့သော ထုတ်ပြန်ချက်တွင် နှစ်ဖက်စလုံးနှင့် 'လိုအပ်သလို ဆက်သွယ်ဆောင်ရွက်လျက်ရှိကြောင်း' ပြောကြားခဲ့သော်လည်း သီးသန့်သံတမန်ရေးရာ ဆက်ဆံပြောဆိုမှုများနှင့် ပတ်သက်၍ မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။

 

နေပြည်‌ တော်တွင် စက်တင်ဘာ လ က ပြုလုပ်ခဲ့သော ဆွေးနွေးပွဲ ကို မြန်မာဖက်မှ မင်းအောင်လှိုင်ကိုယ်တိုင် ဦးဆောင်ခဲ့သည်ဟု သိရသည်။

 

တိုကျိုဆွေးနွေးပွဲ စားပွဲဝိုင်းသို့ မြန်မြန်ဆန်ဆန် ပြန်လည်ရောက်ရှိလာခြင်းက နှစ်ဖက်စလုံးအနေဖြင့် တွေ့ဆုံဆွေးနွေးမှုကို ဆက်လက်ထိန်းသိမ်းထားရန် ဆန္ဒပြင်းပြနေကြကြောင်း ပြသနေသည်ဟု ရိုက်တာ က ဆိုသည်။

 

အမေရိကန် အရာရှိများသည် မြန်မာနိုင်ငံရှိ အကြီးစား မြေရှားသတ္တု သိုက်များ ရရှိနိုင်ရေးအတွက်လည်း ဆွေးနွေးခဲ့ကြသည်။ သို့သော် ထိုသို့ ရရှိဖို့ ကြီးမားသည့် အတားအဆီးများ ရှိနေကြောင်း အမေရိကန် အရာရှိများက ဝန်ခံထားကြသည် ။ အဆိုပါ သတ္တုများကို အဓိက ဝယ်ယူနေသည့် တရုတ်နိုင်ငံဖက်က အမေရိကန်၏ ပါဝင်ပတ်သက်လာမှုကို လိုလားမည် မဟုတ်ဘဲ ကန့်ကွက် လာနိုင်သည်။

 

အမေရိကန်သည် စစ်တပ်ကို ကူညီပံ့ပိုးပေးနေကြောင်း စွပ်စွဲခံထားရသူ ကရိုနီတဦး၏ သမီးဖြစ်သူ သိမ့်ဝင်းထက် အပေါ် ပိတ်ဆို့အရေးယူမှုများကို လွန်ခဲ့သည့် သီတင်းပတ်က ပြန်လည်ရုပ်သိမ်းခဲ့ပြီး ယင်းလုပ်ဆောင်ချက်သည် မြန်မာနိုင်ငံဆိုင်ရာ ချဉ်းကပ်ပုံနည်းလမ်းသစ်၏ အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

ဂျပန် အနေဖြင့် တိုကျို တွင် ပြုလုပ် ခဲ့သည့် ဆွေးနွေးပွဲများ အား အိမ်ရှင်အဖြစ် လက်ခံပေးခဲ့ခြင်းအပြင် အခြားမည်သည့် ပါဝင်ပတ်သက်မှုမျိုး ရှိမရှိကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးသော်လည်း တိုကျိုအနေဖြင့်လည်း မြန်မာနိုင်ငံနှင့် ပြန်လည်ထိတွေ့ဆက်ဆံရန် လုပ်ဆောင်နေသည့် လက္ခဏာများ တွေ့ နေရသည်။

 

မြန်မာနိုင်ငံဆိုင်ရာ ဂျပန်ယာယီသံအမတ်သည် အောက်တိုဘာလဆန်းပိုင်းက မြန်မာစစ်အုပ်စု၏ နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံခဲ့ပြီး ယင်းမှာ ၎င်းတို့၏ ပထမဆုံး လူသိရှင်ကြား တွေ့ဆုံမှုဖြစ်သည်။

 

တိုကျိုအနေဖြင့် အဆိုပါ အုပ်ချုပ်ရေးအဖွဲ့ကို တရားဝင် အသိအမှတ်ပြုခြင်း မရှိသေးပေ။

 

အီကော်နောမစ် မဂ္ဂဇင်းက ထိုကိစ္စ အပေါ် ယခုလို သုံးသပ်ထားသည်။

 

အမေရိကန် နှင့် ဆက်ဆံရေး ပြန်လည်ပြေလည် ကောင်းမွန်‌ အောင် ကြိုးပမ်းလာခြင်းသည် တော်လှန်ရေးအဖွဲ့များထံ ဒူးထောက်ရမတတ် ဖြစ်လာနေချိန်အတွင်း ၎င်းတို့ အား ဝင်ရောက် ကယ်မ ပေးထားသည့် တရုတ်နိုင်ငံအပေါ် ဆက်၍ မှီခိုနေရမှုကို လျှော့ချ ရေး၏ အဓိက သော့ချက်ဖြစ် သည်။ တရုတ်သည် ထိုသို့ ကူညီပံ့ပိုးပေးမှုနှင့်အတူ အွန်လိုင်းငွေလိမ် စခန်းများကို ပိတ်ပစ်ရန် စစ်အုပ်စု အား အထက်စီးမှ အမိန့်ပေးမှုများပါ ဒွန်တွဲပါဝင်လာခဲ့သည်။ 

 

သို့သော် ထိုစခန်းများကို လုံးဝ ပိတ်ပစ်နိုင်ရေးအတွက်မူ တရုတ်ပင် လက် လျော့ထားရသည့် အနေအထားတွင် အမေရိကန်သည် အောင်မြင်နိုင်ခြေ မရှိသလောက်ပင် ဖြစ်သည်။ ငွေလိမ်စခန်းများမှ စစ်အုပ်စု အရာရှိများကို (ထိုအထဲတွင် ငွေလိမ်လည်မှု တိုက်ဖျက်ရေး ကော်မတီဥက္ကဋ္ဌဟောင်း အပါအဝင်) လာဘ်ထိုး သိမ်းသွင်းနိုင်ခဲ့ကြသည်။

 

တချိန်တည်းမှာပင် မြန်မာနိုင်ငံ၏ မြေရှားသတ္တုသိုက် အများစုမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ထိန်းချုပ်ထားသည့် နယ်မြေများတွင် ရှိနေသဖြင့် စစ်အုပ်စု လက်လှမ်းမမီနိုင် ဖြစ်နေပြီး တရုတ်နိုင်ငံ၏ ထောက်ပံ့ပို့ဆောင်ရေး ကွင်းဆက်များ နှင့် ပတ်သက်ဆက်နွှယ်နေသည်။ 

 

အမေရိကန် အရာရှိများသည် ဒေါ်နယ်ထရမ့်၏ အာရုံစိုက်မှုကို ရရှိရန်အတွက် ထိုသတ္တုများကို အကြောင်းပြ အသုံးချနေခြင်း သက်သက်လည်း ဖြစ်နိုင်သည်။ 

 

'သမ္မတက မြေရှားသတ္တု ကိစ္စပေါ်မှာ အလွန်အမင်း အာရုံစိုက်ထားမှန်း လူတိုင်း သိကြပါတယ်။ ဒီအတွက် တခုခု လုပ်‌ နေမှန်း သိလာဖို့ ကျွန်တော် အပါအဝင် လူတိုင်းက ဒီအကြောင်း ထုတ် ပြောနေကျပါပဲ' ဟု မြန်မာနှင့် ပတ်သက်၍ အတွေ့အကြုံရှိသည့် ဝါရှင်တန်အခြေစိုက် အရာရှိဟောင်းတဦးက ပြောခဲ့သည်။

 

မင်းအောင်လှိုင်သည်လည်း သူဖက်က အသာစီးရနိုင်ဆုံး နိုင်ကွက် ကို ချန်လှပ်ဆုပ်ကိုင်ထားဆဲ ဖြစ်သည်။ ကာစတီလို နှင့် အလဲအလှယ် လုပ်ခဲ့ခြင်းက ၎င်း စိတ်ထဲတွင်ဓားစာခံ သံတမန်ရေးကို လိုလားတပ်မက်မှု ရှိကြောင်း ပြသ နေသည်။

 

သူ့လက်ထဲတွင် အခြားသူများထက် များစွာ အရေးပါသည့် အကျဉ်းသားတဦးလည်း ရှိနေပြန်သည်။ ဤသည်က၂၀၁၆ မှ ၂၀၂၁ အထိ မြန်မာနိုင်ငံကို ဦးဆောင်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်အား ဖမ်းဆီးထားခြင်းပင် ဖြစ်သည်။

 

အကယ်၍ သူမ လွတ်မြောက်လာပါက နိုင်ငံရေးတွင် ပါဝင်ခွင့် ပိတ်ပင်ခံရဖို့ ရာခိုင်နှုန်း များ နေသော်လည်း ထိုသို့ လွှတ် ပေး လိုက်မည် ဆိုက အာဆီယံနှင့် အခြားအဖွဲ့အစည်းများအတွက် မြန်မာနိုင်ငံ၏ ဆိုးရွားလှသော လူ့အခွင့်အရေး မှတ်တမ်းအပေါ် လက်ရှောင်လိုက်ရန်နှင့် ပုံမှန် ဆက်ဆံရေးဖက် ပြန်ဦးလှည့်နိုင်ရန် ပြသဖို့ လိုအပ်နေသည့် အောင်ပွဲတခုတော့ ဖြစ်လာနိုင်သည်။

 

မိမိအမြင်အရ ဆိုလျင် ကွန်ဂရက် က အတည်ပြုထား‌ သော Burma Act ကြီး ရှိနေပြန်သည်။ အီကောနော်မစ်က ပြောသလို အမေရိကန် အရာရှိများသည် မြေရှားသတ္တု များ အတွက် တခုခု လုပ် နေကြောင်း ထရမ့် သိအောင် ပြသနိုင်ရန် အတွက်သာ ဖြစ်ပြီး မင်းအောင်လှိုင်ကလည်း အမေရိကန်၏ အသိအမှတ် ပြု ခံရနိုင်ရေး အတွက် ဝါဒဖြန့် နိုင် ယုံ သက်သက်သာ အသုံးချ နေခြင်း ဖြစ်သည်။

 

အမေရိကန်က မြန်မာ့အရေးတွင် တိုကျိုဆွေးနွေးပွဲများမှ တဆင့် ပါဝင်ပတ်သက်လာခြင်းကို တရုတ်က မိမိ၏ ပထဝီနိုင်ငံရေး ဩဇာလွှမ်းမိုးမှုကို စိန်ခေါ်သည့် လုပ်ရပ်အဖြစ် ရှုမြင်ပြီး ၎င်းတို့ အပေါ် ပံ့ပိုး ပေး နေသည့် စီးပွားရေးနှင့် စစ်ရေးဆိုင်ရာ အကူအညီများကို လျှော့ချခြင်း သို့မဟုတ် စည်းကမ်းချက်များ တင်းကြပ်ခြင်းဖြင့် ဖိအားပေးလာမည်ကို ကောင်းစွာ သိထားပြီးလည်း ဖြစ်သည်။

 

ထို့အတွက် သံခင်း တမန်ခင်း အရရော၊ ပိတ်ဆို့ဒဏ်ခတ်ထားမှု များ လျော့ချနိုင်ရေး ထက် မပိုပါဟု တရုတ်အား ကြိုတင် နားချထားမည်သာ ဖြစ်သည်။

 

တရုတ်ဖက်က အမေရိကန်၏ ပါဝင်ပတ်သက်မှုကို "ပြင်ပအင်အားကြီးနိုင်ငံများမှ ပြည်တွင်းရေးဝင်ရောက်စွက်ဖက်ခြင်း" ဟု စွပ်စွဲ၍ တရားဝင် သံတမန်ရေးကြောင်းအရ ပြင်းပြင်းထန်ထန် ကန့်ကွက်မှု ထွက်ပေါ်မလာက ထိုသဘော အတိုင်းသာ ဖြစ်ပေလိမ့်မည်။

 

ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!