စစ်အုပ်စု သည် ကချင်ပြည်နယ်အတွင်း စစ်အင်အား အလုံးအရင်း နှင့် ဖြည့်တင်းနေရင်းက ယခုကဲ့သို့ ဖိတ်ခေါ်လာခြင်းဖြစ်သောကြောင့် မြေပြင်အခြေအနေကို တစုံတရာ ပြောင်းလဲစေမည်မဟုတ်ကြောင်း KIO က ပြောကြားထားသည်။
စစ်အင်အား အလုံးအရင်းဟု ဆိုသော်လည်း တိုက်ရည် ခိုက်ရည် ပြည့်ဝ ပြီး အတွေ့အကြုံ ရှိသူများက ရာဂဏန်း လောက်သာ ရှိနေပြီး ရှေ့တန်းကို တက်သုပ်ရိုက် စေလွှတ်ထားသော လူငယ်များက အများစု ဖြစ်နေသည်။
ပြီးခဲ့သည့် လ အတွင်း ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်ချက်ကို ပယ်ချခဲ့ပြီး၊ နေပြည်တော်တွင် တွေ့ဆုံရန် “အဆင်မပြေပါ” ဟု ပြောကြားခဲ့ကြောင်း KIO ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးကြီး နော်ဘူး ၏ ပြောဆိုချက်ကို မြန်မာ နောင်းတွင် ဖေါ်ပြထားသည်။
KIO အား ဆွေးနွေးပွဲများစတင်ရန် ခြိမ်း ခြောက် ဖိအားပေးသည့်အနေဖြင့် ကချင်ပြည်နယ်အတွင်း ၎င်းတို့၏ စစ်အင်အားကို တိုးမြှင့်လာပြီး နောက် ယခုကဲ့သို့ ဖိတ်ခေါ်ခြင်းဖြစ်ကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောကြားခဲ့သည်။
စစ်မြေပြင်တွင် ၎င်းတို့အသာစီးရနေပြီဟု ယုံကြည်သည့်အခါတိုင်း ဆွေးနွေးပွဲများပြုလုပ်ရန် ပုံမှန်ဖိတ်ခေါ်လေ့ရှိကြောင်း နှင့် ဆွေးနွေးမှုများ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဆက်လက် တိုက်ခိုက်သွားမည်သာ ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နှင့် လက်ရှိတွင် ကချင်ပြည်နယ်သာမက ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့၏ အစိတ်အပိုင်းအချို့တွင်လည်း စစ်အုပ်စု သစ္စာခံ တပ်များနှင့် တိုက်ပွဲများ ပြင်းထန် လျက် ရှိနေသည်။
KIO သည် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်ရေး ဦးဆောင်ကောင်စီ (SCEF) အဖွဲ့တွင် ပါဝင်နေသည့်အတွက် စစ်အုပ်စု နှင့် သီးခြား ခွဲထွက်ပြီး တွေ့ဆုံရန်မှာ မဖြစ်နိုင်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူများက ဆိုသည်။
လက်ရှိတွင် ၎င်းတို့ နှင့် ဆွေးနွေးနေသူများ မှ တရုတ် ၏ နို့သက်ခံ အဖွဲ့များ ဖြစ်သော ဝ၊ ကိုးကန့်၊ တအာင်း နှင့် ရှမ်း မှ SSPP/SSA တို့သာ ရှိသည်။
အဆိုပါ အဖွဲ့များကလည်း လွန်ခဲ့သော ငါးနှစ်ကျော် စစ်တပ်အာဏာသိမ်းပြီးကတည်းက ၎င်းတို့ တိုက်ခိုက်သိမ်းပိုက်ထားနိုင်ခဲ့သော နယ်မြေများကို အသိအမှတ်ပြုပေးရန် နှင့်ပိုမို ကျယ်ပြန့်သည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိရေး ဖိအားပေး တောင်းဆိုခဲ့ကြသည်။
စစ်အုပ်စု သည် နိုင်ငံ အနှံ့ ဖြစ်ပွား နေသော စစ်ပွဲ များ တွင် ၎င်းတို့ အသာစီး ရလာပြီ ဆိုသည် နှင့် ပြီးခဲ့သည့် ငါးနှစ် အတွင်း လက်လွှတ် ခဲ့ရသည့် နယ်မြေ အားလုံးကို ပြန် ၍ တိုက်ခိုက် သိမ်းယူ ကြမည် ဆိုသည်ကား မြေကြီး လက်ခတ် မလွဲပင်၊ လက်ရှိတွင် ပိုနေမြဲ၊ ကျားနေမြဲ သဘောမျိုး ယာယီ အပစ်အခတ် ရပ်စဲ ထားခြင်းသာ ဖြစ်သည်။
ထို့အတွက် လက်ရှိတွင် PDF များကို လက်နက် ပံ့ပိုး မပေးတော့ခြင်းသည် ၎င်းတို့ဖက် မျှားဦး လည်လာရန် တွန်းပို့ပေးနေသလို ဖြစ်မည်ကို သတိမူသင့် ပေသည်။
အာရက္ခ တပ်တော်သည် ရခိုင်ပြည်နယ် တခုလုဲး နီးပါးကို သိမ်းထားပြီး ဖြစ်၍ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ကမ်းလှမ်းမည် ဆိုက လက်ရှိ အနေအထား ကို မဖြစ်မနေ အသိအမှတ် ပြုရတော့မည် ဖြစ်လာသဖြင့်၊ တရုတ်အားကိုး နှင့် ပြန်ရနိုင်စရာ အကြောင်းမမြင်၍ ငြိမ်းချမ်းရေး ဆိုသည်ကိုစကားဦးပင် မသန်းတော့ဘဲ ထိုးစစ်များ တခုပြီးတခု လုပ်လာနေသည်။
၎င်းတို့ အရှက်ပြေ နယ်မြေ အချို့ ပြန်သိမ်း နိုင်ပြီ ဆိုက ကမ်း လှမ်း ကောင်း ကမ်းလှမ်းလာနိုင် ခြေ ရှိနေသည်။
လောလောဆယ် ငြိမ်းချမ်းရေး ဦးဆောင် ဆွေးနွေး နေသည့် ရာပြည့်အား ကာကွယ်ရေး ဝန်ကြီး အဖြစ် လျာထားလိုက်ခြင်းသည် လွန်စွာမှ စိတ်ဝင်စားဖွယ် ကောင်းသည့် အလှည့်အပြောင်း တခု ဖြစ်လာသည်။
ရာပြည့်သည် ကာကွယ်ရေး ဝန်ကြီး ဖြစ်လာ၍ ၎င်း၏ ရာထူး အနေအထားအရ ငြိမ်းချမ်းရေး ဆွေးနွေးမှု များကို ဦးဆောင်၍ မဖြစ်နိုင်တော့ပေ။ သို့ဆိုက အမျိူးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ဥက္ကဋ္ဌနေရာတွင် မည်သူနှင့် အစားထိုးမည်နည်း။
လတ်တလော ဦးဆောင်နိုင် ခြေ ရှိသူ က လက်ရှိ NSPNC တွင် အတွင်းရေးမှူးအဖြစ် တာဝန်ယူထားသူမှာ ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင် ဖြစ်သည်။
ရာပြည့်သည် စစ်တပ်အရန်အင်အား စာရင်းထဲ သွင်းခံထားရရာမှ ကာကွယ်ရေးဝန်ကြီးအဖြစ် ပြန်လည်ခန့်အပ်ခံရခြင်း ဖြစ်သည်။
လေတပ်အကြီးအကဲ ထွန်းအောင်သည် ကာကွယ်ရေး ဝန်ကြီး အဖြစ် ၆ လ သာ လုပ်ခဲ့ရပြီး ရာထူး မှ ဖယ်ရှားခံလိုက်ရခြင်း ဖြစ်သည်။ ယခုတော့ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ရာထုး ချခံလိုက်ရပြီ ဖြစ်သည်။
ဤနေရာတွင် မင်းအောင်လှိုင်သည် ၎င်း၏ ထားရာနေ စေရာသွား သစ္စာရှိသူ ရာပြည့်အား လက်ရှိတွင် အပြောအဆို တမျိုး ဖြစ်လာ နေသော ရဲဝင်းဦး အား အနီးကပ် စောင့်ကြည့် ထိန်းထား နိုင်ရန် တာဝန်ပေးခြင်းလောဟုလည်း ယူဆစရာ ဖြစ်လာသည်။
ငြိမ်းချမ်းရေး ဆိုသည်က မင်းအောင်လှိုင် အတွက် ထီထိုးသည့် သဘောမျိုးသာ ယူဆထား၍လည်း ကြည်းတပ်အတွေ့အကြုံရင့် ရာပြည့်ကို အစားထိုးလိုက်ခြင်းသည် လေကြောင်းမှ ဗုံးကြဲနေ၍ အကြောင်းထူ မလာ၊ မြေပြင် ကြည်းတပ်စစ်ဆင်ရေးများနှင့် ထိရောက်စွာ ပေါင်းစပ်ကွပ်ကဲရန် ကြိုးပမ်းနိုင်မှ ဖြစ်မည် ဆိုကာ တိုင်းစစ်ဌာနချုပ်များ၏ စစ်ဆင်ရေးအရှိန်ကို မြှင့်တင်လို၍ လည်း ဖြစ်နိုင်ခြေ ရှိနေသည်။
စစ်ဗိုလ်ချုပ်ကြီး များ အဖို့က တော့ မင်းအောင်လှိုင် ရှိနေသရွေ့ ကမ်းနား သစ်ပင် ကဲ့သို့ပင် လက်ရှိ ရာထူးနှင့် တနှစ်ခန့် နေခွင့်ရမည် ဆိုလျင် လွန်စွာ ကံကောင်းသူဟု ဆိုရမည်သာ ဖြစ်သည်။
ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!