စစ်အုပ်စု သည် ပြည်ပသို့ ထွက်ပြေးတိမ်းရှောင်နေသော နိုင်ငံ၏ လွတ်လပ်သော အထင်ကရ သတင်းမီဒီယာအဖွဲ့အစည်း ကြီး ငါးဖွဲ့ကို အင်တာပိုလ် (INTERPOL — အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့အဖွဲ့) မှတစ်ဆင့် စွဲချက်အမျိုးမျိုး တင်သွင်းရန် ကြိုးပမ်းခဲ့သည်။
အောက်တိုဘာလ ၆ ရက်နေ့တွင် စစ်အုပ်စု ၏ ပြည်ထဲရေးဒုတိယဝန်ကြီး ဆိုသူ မင်းသူက ပြည်ပသို့ ထွက်ပြေးတိမ်းရှောင်နေသည့် သတင်းမီဒီယာအဖွဲ့အစည်းများဖြစ်သော မြန်မာ နောင်း၊ ခေတ်သစ် ၊ ဧရာဝတီ၊ မဇ္ဈိမ နှင့် ဒီဗီဘီ တို့ကို ပစ်မှတ်ထား၍ အင်တာပိုလ် မှတဆင့် “အနီရောင်သတိပေးချက်များ” (Red Notices) ထုတ်ပြန်ပေးရန် လျှောက်ထားခဲ့သည်ဟု ၎င်းတို့ ၏ လွှတ်တော် တွင် ထုတ်ဖေါ် ပြောဆိုခဲ့သည်။
ထိုမျှသာ မကသေး ပြည်သူများ ဘက်က ရပ်တည်၍ ၎င်းတို့အား ဆန့်ကျင်တွန်းလှန်နေကြသော အမျိုးသားညီညွတ်ရေးအစိုးရနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ (PDF) မှ ပုဂ္ဂိုလ်များကိုလည်း အင်တာပိုလ်မှတစ်ဆင့် “အနီရောင်သတိပေးချက်များ” ထုတ်ပြန်ပေးရန် ပစ်မှတ်ထား ဆောင်ရွက်ခဲ့ကြောင်း ထုတ်ဖော်ပြောဆိုသွားပြန်သည်။
ကြံ့ဖွတ် လွှတ်တော်ထဲမှ သန်းသန်းအေး ဆိုသူ အမျိုးသမီး ၏ အမေးကို ဖြေဆိုသွားခြင်း ဖြစ်သည်။
ယခု လက်ရှိလည်း ပြည်တွင်းရှိ သတင်းထောက် ၂၂၇ ဦး ကို ဖမ်းဆီးချူပ်နှောင်ထားကာ ၇ ဦး အသတ်ခံခဲ့ရပြီး ဖြစ်သည်။
ပြည်ပရှိ အတိုက်အခံအင်အားစုများမှ ပုဂ္ဂိုလ် ၁,၃၀၀ ကျော်၏ နိုင်ငံကူးလက်မှတ်များကို ရုပ်သိမ်းခဲ့ပြီးဖြစ်သည်ဟု ဆိုပြန်သည်။
စစ်အုပ်စုသည် နိုင်ငံတကာ၏အမြင်တွင် မိမိကိုယ်ကို တရားဝင်အုပ်ချုပ်ခွင့်ရှိသည့် အစိုးရတရပ်အဖြစ် အသိအမှတ်ပြုခံရစေရန်နှင့် ပြည်သူများအပေါ် ကျူးလွန်နေသည့် ဆိုးရွားလှသော လူ့အခွင့်အရေးချိုးဖောက်မှုများကို ဆက်လက်ဖော်ထုတ်နေကြသည့် ရဲရင့်ပြတ်သားသော သတင်းမီဒီယာများနှင့် သတင်းထောက်များအပေါ် တိုး၍ ဖိနှိပ်နိုင်သမျှ ဖိနှိပ်သွားရန် မည်သည့်နည်းလမ်းကိုမဆို အသုံးပြုရန် ဝန်လေးကြသူများ မဟုတ်။
ကျွန်ုပ်တို့သည် မြန်မာနိုင်ငံအတွင်း၌ဖြစ်စေ၊ ပြည်ပ၌ဖြစ်စေ ရှိနေကြသော မိမိတို့၏ လုပ်ဖော်ကိုင်ဖက်များနှင့်အတူ ဤရက်စက်ကြမ်းကြုတ်သော စစ်အုပ်စုကို ဆက်လက်ဆန့်ကျင်ရပ်တည်သွားမည်ဖြစ်သည်။” ဟု အပြည်ပြည် ဆိုင်ရာ သတင်းစာ ဆရာများ အသင်းကြီး International Federation of Journalist (IFJ) က သတင်းထုတ်ပြန် ရှူတ်ချ သွားခဲ့သည်။
သို့သော် ၎င်းတို့ ဖြစ်စေချင်သည်များကို သာ ကြည့်တတ်၊ မြင်တတ် ကြသည့် ဝါးလုံးခေါင်းထဲ လသာနေကြသူများ အဖို့က အင်တာပိုလ် ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃ ကို လည်း သိနားလည် ထားပုံမရပေ၊ အဆိုပါ ပုဒ်မ တွင် “အဖွဲ့အစည်းအနေဖြင့် နိုင်ငံရေး၊ စစ်ရေး၊ ဘာသာရေး သို့မဟုတ် လူမျိုးရေးဆိုင်ရာ သဘောသဘာဝရှိသည့် မည်သည့်ဝင်ရောက်စွက်ဖက်မှု သို့မဟုတ် လုပ်ဆောင်မှုမျိုးကိုမဆို ဆောင်ရွက်မပေးရန် တင်းကျပ်စွာ တားမြစ်ထားသည်” ဟု ပြဋ္ဌာန်းထားပြီး ဖြစ်သည်။
ထို့အပြင် အင်တာပိုလ်၏ အတွင်းပိုင်း ဥပဒေစည်းမျဉ်းမူဘောင်များတွင်လည်း အာဏာရှင်အစိုးရများက အဆိုပါအဖွဲ့အစည်းကို မိမိတို့၏ ရည်ရွယ်ချက်အတွက် လက်နက်သဖွယ် အသုံးချခြင်း မပြုနိုင်စေရန် တင်းကျပ်သော အကာအကွယ်စည်းမျဉ်းများကို ချမှတ်ပြဋ္ဌာန်းထားသည်။
ထိုသို့ ပုဒ်မ (၃) ကို သိဖို့က အလှမ်းဝေးနေပြန်သည်၊ အနည်းဆုံး သာမန် ဦးနှောက်ရှိကြသည် ဆိုလျင် တွေးနိုင်သည်က အင်တာပိုလ်က ထိုသို့ တောင်းဆိုတိုင်း အရေးယူ ကြစတမ်း ဆိုက ၎င်းတို့ အရှင်သခင် အဖြစ် ကိုးကွယ်နေသော ပူတင်သည် ဥရောပတခွင် တွင် ရုရှား အား ဆန့်ကျင် တိုက်ခိုက် နေသည့် အတိုက်အခံများအား အဆိပ်ဆေးရည် များ ဖြင့် နာမည်ပျက်ခံပြီး လုပ်ကြံပေမည်လော၊ အင်တာပိုလ် ကို ဖမ်းခိုင်း လိုက်ရုံသာ ရှိသည် မဟုတ်ပါလား။
အင်တာပိုလ်သည်လည်း အီရန်၊ တရုတ်၊ အီဂျစ်၊ အာဖရိက တို့ မှ အာဏာရှင် များ တောင်းဆိုသမျှ လိုက်လံဖမ်းဆီးပေးနေရ၍ နားပင်နားကြရမည် မဟုတ်။
မင်းအောင်လှိုင်သည်လည်း ၎င်း၏ အင်တာဗျူးကို အစမှ အဆုံး တလုံးမကျန် မဖေါ်ပြရကောင်းလား ဆိုကာ ရှက်ဖွယ်လိလိ ရန်စွယ်ငေါငေါ ဖြစ်ခဲ့၍ နိုင်ငံတကာ ဆက်ဆံရေး တွင် အခြေခံ ဗဟုသုတပင် ရှိပုံမရ ဆိုသည်က ထင်ရှားသွားခဲ့ရပြန်သည်၊ မလေးရှား ဝန်ကြီးချုပ်လည်း ရွေးကောက်ပွဲ ရှူံးမလို ဖြစ်နေ၍ ကြံရာမရ ဖြစ်၍သာ လုပ်ခဲ့ရသော်လည်း ထိုသို့သော က လေးသာ သာ ဦးနှောက်နှင့် လူမျိုးကို လက်ခံကြိုဆိုရမည့် အရေး ကို တွေး၍ ရှက်နေမည်သာ ဖြစ်သည်၊ အီဂျစ် သမ္မတ လို လေဆိပ်ပင် ဆင်းမကြိုတော့ပဲ မိနစ် လေးဆယ်ခန့် ပြီးလွယ် စီးလွယ် စကားပြော၊ ညစာ ပင် မဟုတ်၊ နေ့လည်စာ ဖြင့်သာ ဧည့်ခံပြီး ပြန်လွှတ်ခဲ့ခြင်းသာ ဖြစ်သည်။
ဖြစ်နိုင်လျင် ၎င်းတို့ တိုင်းပြည် အပေါ် သစ္စာ ဖေါက်သည်ဟု စွဲချက် တင်ခံထားရ သော ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံ၏ အမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်း အား လက်ခံထားရပါမည် လော ဟု ဆိုကာ ကုလ သမဂ္ဂ အတွင်း ရေး မှုး ချုပ် အန်တိုနီ ဂူတာရက်ဇ် ကိုပင် ဖမ်းဝရမ်း ထုတ်လာနိုင်သည်။ ၎င်းတို့၏ အသိဉာဏ် လယ်ဗယ်ကို ကြည့်ရမည် ဆိုက ထိုသို့ ဖြစ်မလာနိုင်ဟု တပ်အပ်သေချာ မပြောနိုင်တော့။
မင်းအောင်လှိုင်သည် ၎င်း အနှစ်နှစ်အကာလ တောင့်တခဲ့သည့် "သမ္မတ" ဖြစ်လာသည့်တိုင် နေ့စဉ်လို ရတက်မအေး၊ ငါ့နေရာ ဘယ်သူ လာလုမလဲ ဆိုသည့် အတွေးဖြင့် အမြဲလို စိတ်ပူပန် သောက ရောက်နေရရှာသူ ဖြစ်သည်။
စစ်ဘက်ထိပ်တန်း ဗိုလ်ချုပ်၊ တပ်မှူးများအပါအဝင် အရပ်ဘက်ဝန်ကြီး၊ ဒုဝန်ကြီးအများအပြား ကိုလည်း စိတ်မထင်လျင် မထင်သလို သံသယ စိတ် နှင့် ဖြုတ်လိုဖြုတ်၊ နေရာရွှေ့လို ရွှေ့ လုပ်နေပြန်သည်။
ရလဒ် အဖြစ် တိုင်းမှူးများနှင့် စစ်ဘက်ထိပ်ပိုင်းရာထူးများ မကြာခဏ ပြောင်းလဲနေခြင်းကြောင့် အမိန့်ပေးစနစ် (Chain of Command) နှင့် ရှေ့တန်းစစ်ဆင်ရေး များတွင် အဆက်အစပ်ပြတ်တောက်မှုများ ဖြစ်ပေါ်လာခဲ့ရသည်။ တဖြေးဖြေး နှင့် ထို ပုဂ္ဂိုလ်များသည် တာဝန်ယူရဲစိတ် နည်းပါးသွားပြီး အလိုမကျ ဖြစ်ကာ ရွှေ့ပြောင်းခံရမည်ကို စိုးရိမ်လာသည်၊ တိုက်ပွဲ ရှုံးသည့် အဖြစ် မရောက်အောင်၊ တိုက်နေသည့် သဘော ဖြင့် မဲမဲမြင်ရာ ဗုံးကြဲ တိုက်ခိုက်ကြတော့သည်၊ လေကြောင်းအင်အား သုံးခွင့်ကို ယခုအခါ စစ်တိုင်းမှုး အဆင့်က ကိုယ်ပိုင်ဆုံးဖြတ်ချက် ပေးနိုင်နေပြီ ဖြစ်သည်။
အရပ်ဘက်ဝန်ကြီးဌာနများနှင့် ဒုဝန်ကြီးများကို ခဏခဏ နေရာရွှေ့ပြောင်းခြင်းကြောင့် ဝန်ကြီးဌာနများ၏ မူဝါဒနှင့် လုပ်ငန်းစဉ်အကောင်အထည်ဖော်မှုများတွင် အဆက်ပြတ် ကုန်သည်။ အပြောင်းအလဲအသစ်များနှင့် လိုက်လျော ညီထွေ ဖြစ်အောင် အချိန်ယူနေရသဖြင့် စီးပွားရေးနှင့် လူမှုရေးအကျပ်အတည်းများကို ဖြေရှင်းရာတွင် ပို၍ပင် ကြန့်ကြာနှောင့်နှေးကုန်သည်။
စစ်ဖက် အရာရှိကြီးများနှင့် ဝန်ကြီးများသည် မိမိတို့ရာထူး တည်မြဲရေးအတွက် ခေါင်းဆောင်ဖြစ်သူ စိတ်တိုင်းကျမည့် သတင်းစကားများနှင့် အစီရင်ခံစာများကိုသာ မျက်နှာလို မျက်နှာရ တင်ပြရန် အာရုံစိုက်လာကြသည်။ ဤသို့ဖြင့် စစ်ခေါင်းဆောင် အဆက်ဆက် လက်တွေ့မြေပြင်အခြေအနေမှန်ကို မသိ ဖြစ်လာပြီး ဆုံးဖြတ်ချက်များက အမှားမှား အယွင်းယွင်း ဖြစ်နေရခြင်းပင် ဖြစ်ပေသည်။
မင်းအောင်လှိုင်က သတင်း တခုအပေါ် အတည်ပြုချက် ယူဖို့ မေးမြန်းတိုင်း "သူတို့ဖက်ကတော့ ဒီလိုပဲ ရေးကြပြောကြပေမပေါ့" ဟူသော အဖြေသည် ၎င်း၏ လက်သုံးစကား ဖြစ်လာနေသည်။
ခန့်အပ်ခံရသူ မှန်သမျှသည် ၎င်းအား သစ္စာခံသူများ နှင့် အသိဉာဏ် အဆင့်အတန်းတွင် လည်း တန်းတူ သာသာ ရှိသူများ ချည်း ဖြစ်နေသောကြောင့် တိုင်းပြည်၏ လူမှု စီးပွားရေး အခြေအနေကို ထူးခြားစွာ ပြောင်းလဲပစ်နိုင်စွမ်း ရှိမည် မဟုတ်၊ လက်ရှိအကျပ်အတည်းများကို သာ ရေရှည်ထိန်းချုပ်ထားနိုင်ရန် ကြိုးပမ်း နေခြင်း ဖြစ်သည်ကို အထင်အရှား တွေ့မြင် နိုင်ပေသည်။
လက်ရှိ ရာထူး အပြောင်းအလဲများက ဒီပုတ်ထဲက ဒီပဲများ ကို ဟိုပုလင်းထဲ ပြောင်းထဲ့၊ ဒီပုလင်းထဲ ပြောင်းထဲ့ခြင်းမျိုးသာ ဖြစ်၍ ထွေထွေထူးထူး ရေးမနေလိုတော့ ပေ။
ပြည်သူများ၏ တရားသော စစ် မုချ အောင်ရမည်!!!