အင်္ဂလိပ်-မြန်မာ စစ်ပွဲများ (၁၈၂၄-၁၈၈၆)(47)

by Hla Soewai - Oct 19 2026

ဒုတိယ စစ်ပွဲ (၅)

 

နှစ်နိုင်ငံအကြား ငြိမ်းချမ်းရေး ဆက်လက်တည်မြဲ နေစဉ်အတွင်း ဘုရင်၏ ကိုယ်ပိုင်သင်္ဘောကို ဖမ်းဆီးသိမ်းပိုက်ခြင်းဖြင့် ပင်လယ်ဓားပြဆန်ဆန် ကျူးလွန်ခဲ့သည့် လမ်ဘတ် အနေဖြင့် နိုင်ငံတော်အလံ၏ ဂုဏ်သိက္ခာအတွက်ဆိုကာ အကြောင်းပြချက် အမျိုးမျိုး ပြ၍ ရနေသည်။ သို့ဖြစ်၍ မည်သည့်အရာပင် ဖြစ်လာစေကာမူ သူသည် စစ်ပွဲကိုသာ အလိုရှိနေခဲ့သည်။ 

 

သို့သော် ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ရေတပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများနှင့် အသက်ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သော်လည်း ရန်ကုန်မြို့ဝန် မှာ စစ်ဖြစ်ပွားရန်ထက် ငြိမ်းချမ်းရေး ဆွေးနွေးမှုများကိုသာ ဆက်လက် မျှော်လင့်နေဆဲ ဖြစ်သည်။ ရန်ကုန်မြို့ရှိ ဗြိတိသျှ လူမျိုး မဟုတ်သော နိုင်ငံခြားသား ကုန်သည်လေးဦးသည် ရန်ကုန်မြို့ဝန်၏ သဘောတူညီချက်ဖြင့် လမ်ဘတ်ထံသို့ အသနားခံစာ တစောင် ပေးပို့ခဲ့ကြသည်။

 

ထိုအသနားခံစာတွင် မြို့ဝန်အနေဖြင့် လျော်ကြေးငွေ ပေါင် ၉၀၀ ပေးဆောင်ရန် သဘောတူကြောင်း၊ ဗြိတိသျှ ဌာနေကိုယ်စားလှယ် တဦး လက်ခံရန်နှင့် ကိုယ်စားလှယ်ရုံးပါ ဆောက်လုပ် ပေးရန် သဘောတူကြောင်း၊ ရန္တပိုစာချုပ်ပါ ပြဋ္ဌာန်းချက်များကို လိုက်နာရန် ဝန်ခံကြောင်း စသည်ဖြင့် ဖော်ပြထားသည်။ 

 

၎င်းတို့ လေးဦးစလုံးက လမ်ဘတ်အနေဖြင့် ၎င်းတို့အပေါ် သနားကြင်နာစိတ် ထားရှိပေးရန်နှင့် ပျက်စီးဆုံးရှုံးရမည့် အဖြစ် မှ ကယ်တင်ပေးပါရန် "အလွန်တရာ ကျိုးနွံစွာဖြင့် တောင်းပန် အသနားခံခဲ့ကြသည်"။

 

ရန်ကုန် မြို့ဝန် ၏ သဘောတူညီချက်ဖြင့် ပေးပို့ခဲ့သော ဤပန်ကြားလွှာကို လမ်ဘတ်က လျစ်လျူရှုပစ်ခဲ့သည်။ သို့သော် ၁၈၅၂ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်နေ့တွင် ဒါလ်ဟိူစီ က ကောင်စီရှိ ၎င်း၏ လုပ်ဖော်ကိုင်ဖက်များထံ ပေးပို့ခဲ့သော မှတ်တမ်းလွှာတွင် ဖော်ပြခဲ့သည့်အတိုင်း ၎င်းကိစ္စသည် နှစ်ဖက်လူမျိုးများကြား ညှိနှိုင်းဆွေးနွေးရန်နှင့် သင့်မြတ်ညီညွတ်မှု ပြန်လည်တည်ဆောက်ရန်အတွက် တံခါးကို ဖွင့်ပေးထားဆဲပင် ဖြစ်သည်။

 

ပါလီမန်တွင် ကန့်ကွက်ဆန္ဒပြမှုများ ဖြစ်ပွားလာပြီးနောက် စစ်ပွဲကို တရားမျှတကြောင်း သက်သေပြရန် နောင်တွင် ထုတ်ဝေခဲ့သော အစိုးရ၏ အပြာရောင်စာအုပ် (Blue Book) ထဲတွင် အများစုဖြုတ်ပယ်ခံခဲ့ရသော ဒါလ်ဟိုစီ၏ ဝေဖန်ချက်အရ, ရန်လိုသည့် လုပ်ရပ်များအားလုံးအတွက် တာဝန်ရှိသူမှာ လမ်ဘတ် ကိုယ်တိုင်သာဖြစ်ကြောင်း ဖော်ပြထားသည်။ အဘယ်ကြောင့်ဆိုသော် လမ်ဘတ်အနေဖြင့် မြန်မာဘုရင်၏ သင်္ဘောကို ဖမ်းဆီးသိမ်းပိုက်ရန် မည်သည့်အကြောင်းပြချက်မျှ မရှိဘဲ လုပ်ဆောင်ခဲ့ခြင်းကြောင့် မြန်မာဘက်မှ ရန်လိုသောပုံစံဖြင့် တုံ့ပြန်လာစေရန် မလွှဲမရှောင်သာ ဖန်တီးလိုက်သလို ဖြစ်သွားကာ၊ ယင်း၏ ရလဒ်အနေဖြင့် ယခုအခါ နှစ်နိုင်ငံစလုံး စစ်ဘေးစစ်ဒဏ် ရင်ဆိုင်ရမည့် အန္တရာယ်နှင့် ကြုံတွေ့နေရပြီ ဟု ဒါလ်ဟိုစီက ယုံကြည်ခဲ့သောကြောင့် ဖြစ်ပေသည်။

 

ထိုအချိန်ထိ ဒါလဟိုဇီ နှင့် သူ၏ ကောင်စီအဖွဲ့ဝင်များသည် စစ်ဖြစ်ပွားခြင်းကို ရှောင်ရှားလိုသည့် သဘောထား ရှိနေဆဲဖြစ်ပုံရသည်။ သို့သော် လမ်းညွှန်ချက်ကို မနာခံခဲ့သည့် လမ်ဘတ်ကို ၎င်းတို့က ပြစ်တင်ကြိမ်းမောင်းခဲ့သော်လည်း သူ၏လုပ်ရပ်များကြောင့် ထိခိုက်နစ်နာမှုများ မဖြစ်ပေါ်နိုင်တော့မည့် အခြားနေရာတခုသို့ ပြောင်းရွှေ့တာဝန်ပေးခြင်း မပြုခဲ့ကြပေ။ လမ်းဘတ်သည်လည်း မြန်မာနိုင်ငံ၏ ကမ်းရိုးတန်းတစ်လျှောက် ရေကြောင်းပိတ်ဆို့မှုကို ဆက်လက်ပြုလုပ်နေခဲ့သည်။

 

ဤအတောအတွင်း ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် မြန်မာဘုရင်က တနင်္သာရီ မဟာမင်းကြီး ဗိုလ်မှူးကြီး ဘိုဂယ် မှတဆင့် ဒါလဟိုဇီထံသို့ စာတစောင် ပေးပို့ခဲ့သည်။ ထိုစာတွင် လမ်းဘတ်အား သင်္ဘောများ၏ ကပ္ပတိန်များနှင့်ပတ်သက်သည့် ပြဿနာကို ဖြေရှင်းရန် တာဝန်ပေးအပ်ထားခြင်း ဟုတ်မဟုတ်၊ သို့မဟုတ် “နှစ်နိုင်ငံအကြား ရန်လိုတိုက်ခိုက်မှုများ ဖြစ်ပွားလာစေရန် အစပျိုးသည့် တိုက်ခိုက်မှုကို ဦးစွာပြုလုပ်ရန်” တာဝန်ပေးထားခြင်း ဟုတ်မဟုတ်ကို တိတိကျကျ မေးမြန်းထားခဲ့သည်။ 

 

လမ်းဘတ်၏လုပ်ရပ်ကို မိမိအစိုးရ၏ သဘောထားမဟုတ်ကြောင်း ဒါလဟိုဇီက တရားဝင် ငြင်းဆို နိုင်မည့် အခွင့်အရေးတရပ် ရလာခဲ့ သော်လည်း သူသည် ထိုအခွင့်အရေးကို လျစ်လျူရှုခဲ့သည်။

 

ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ရန်ကုန်မြို့ဝန်က ဗိုလ်မှုးကြီး ဘိုးဂဲလ် ထံ စာရေးသားပေးပို့ခဲ့ပြန်သည်။ ထိုစာတွင် ဘုရင့်သင်္ဘောအား ပြန်လည်လွှဲပြောင်းပေးအပ်ရန်နှင့် ပေါင် ၉၀၀ ပေးချေရန် ကိစ္စရပ်များကို ညှိနှိုင်းဆောင်ရွက်နိုင်မည့် အရာရှိတဦး ရောက်ရှိလာမည်ကို စောင့်ဆိုင်းနေကြောင်း ဖော်ပြထားသည်။ ထိုစာတွင် လမ်းဘတ် ကို လုံးဝဥပေက္ခာပြုထားရုံမျှမက ဗြိတိသျှအလံတော်ကို စော်ကားသည်ဟု စွပ်စွဲချက်အတွက် စိတ်မကောင်းဖြစ်ရကြောင်း ဖော်ပြခြင်းလည်း လုံးဝမရှိဘဲ၊ အင်္ဂလိပ်အရာရှိများသည် မိမိတို့၏ အပြစ်ကို ဖုံးကွယ်ရန်အတွက် အခြားတဖက်ကိုသာ အပြစ်အားလုံး လွှဲချနေခြင်းဖြစ်ကြောင်း ဖေါ်ပြထားခဲ့သည်။

 

အိန္ဒိယဘုရင်ခံချုပ် လော့ဒ် ဒါလ်ဟိုစီ က အကြောင်းပြန်စာသည် တောင်းဆိုထားသော လျှော့ပေါ့လိုက်လျောမှုများကို ပေးရန် ရှောင်လွှဲထားသည်ဟု မိန့်ဆိုခဲ့သည်။ သူသည် စစ်ပွဲဆင်နွှဲရန် နောက်ဆုံး ဆုံးဖြတ်ချက်ချလိုက်သည်မှာ ထိုအချိန်တွင် ဖြစ်ဟန်တူသည်။ "ဒီစာကို ကျွနုပ်မှ သေချာစွာ စဉ်းစားသုံးသပ်ကြည့် သည့် အခါ အိန္ဒိယအစိုးရအနေနဲ့ လက်နက်ကိုင် စစ်အင်အားသုံးပြီး လျှော်ကြေးတောင်းခံဖို့မှတပါး အခြားရွေးချယ်စရာ မရှိအောင် ပြုလုပ်လိုက်တာပဲ ဖြစ်တယ်" ဟု သူက ရေးသားခဲ့သည်။

 

ဖေဖော်ဝါရီ ၁၃ ရက်တွင် ၎င်းက ထိုအကြောင်းကို ကောမိုဒေါ လမ်းဘတ် ထံ ပေးပို့သော စာတွင် ထပ်မံအတည်ပြုခဲ့ရာ လမ်းဘတ်အတွက်မူ အောင်ပွဲခံရသော သတင်းဖြစ်ပေလိမ့်မည်။ မတ်လ ၂၃ ရက် နောက်ပိုင်း ဘင်္ဂလားနှင့် မဒရပ် တို့မှ အတော်အတန် ကြီးမားသော စစ် သင်္ဘောများ ထွက်ခွာလာမည်ဟုလည်း ဒါလ်ဟို စီက ထည့်သွင်းပြောကြားခဲ့သည်။

 

သို့သော်လည်း ဒါလဟိုစီ သည် စစ်ပွဲဆင်နွှဲရန်အတွက် ယုတ္တိကျကျ အကြောင်းပြချက်သည် ခိုင်လုဲ မှု မရှိ ဆိုသည်ကို ကောင်းစွာသိရှိထားသည်။ အကြောင်းမှာ ရန်ကုန်မြို့ဝန်၏ စာမှာ အလွန်ပင် ယုတ္တိရှိပြီး သင့်တင့်လျောက်ပတ်သော စာတစောင် ဖြစ် နေသော ကြောင့်ပင်။ 

 

ထို့ကြောင့် သူသည် မြန်မာဘုရင် လက်မခံနိုင်လောက်မည့် စစ်ရာဇသံ ကို ပေးပို့ခဲ့သည်။

 

စစ်ပွဲ၏ ဘေးအန္တရာယ်ဆိုးများကို ရှောင်ရှားနိုင်ဖိူ့ အတွက် ဘုရင် အနေဖြင့် အပြည့်အဝ လိုက်နာဆောင်ရွက်ရန် ဟု နိဒန်း ချီထားပြီး နောက် အောက်ပါ အချက်များကို တောင်းဆိုခဲ့သည် -

 

၁။ ဇန်နဝါရီ ၆ ရက်နေ့တွင် မြို့ဝန်၏ နေအိမ်၌ ဗြိတိသျှ အရာရှိအဖွဲ့အား စော်ကားခဲ့မှုအတွက် ဘုရင်ကိုယ်တိုင် ဝန်ကြီးများမှတဆင့် ဝန်ခံတောင်းပန်ရမည်။

 

၂။ ဗြိတိသျှအစိုးရ၏ စစ်ပြင်ဆင်စရိတ်များ၊ မြို့ဝန်၏ လုပ်ရပ်များကြောင့် ရန်ကုန်မြို့ မီးလောင်ရာတွင် ဗြိတိသျှပိုင်နက်မှ လူများ ဆုံးရှုံးခဲ့ရသည့် ပိုင်ဆိုင်မှုများ၊ နှင့် သင်္ဘောကပ္ပတိန် နှစ်ဦး၏ တောင်းဆိုချက်များကို ကျေနပ်စေရန်အတွက် လျော်ကြေးငွေ ငွေဒင်္ဂါး ဆယ်သိန်း (ပေါင် ၁၀၀,၀၀၀) ကို ဘုရင်က ချက်ချင်း ပေးလျော်ရမည်။

 

၃။ ရန်ကုန်မြို့ရှိ ဗြိတိသျှ ကိုယ်စားလှယ်တဦးကို ဘုရင်က လက်ခံရမည်ဖြစ်ပြီး ထိုက်တန်သော လေးစားမှုဖြင့် ဆက်ဆံရမည်။

 

၄။ တောင်းဆိုထားသော လျော်ကြေးငွေများ ပေးချေပြီးသည်အထိ ရန်ကုန်နှင့် မုတ္တမတို့ကို သိမ်းပိုက်ထားမည်။

 

ရာဇသံပါ နောက်ဆုံးရက်မှာ ၁၈၅၂ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့ဖြစ်သည်။ မြန်မာဘုရင်အနေဖြင့် ယင်းတောင်းဆိုချက်များကို လိုက်လောဆောင်ရွက်နိုင်လိမ့်မည် မဟုတ်ဟု လော့ဒ် ဒလဟိုဆီ က အသေအချာ ယုံကြည်ထားသဖြင့် စစ်ရေးအရ တိုက်ခိုက်ရန် ပြင်ဆင်မှုများကို ဆက်လက်လုပ်ဆောင်ခဲ့သည်။ 

 

ထိုစစ်ဆင်ရေးကို ကွပ်ကဲရန်အတွက် ပထမ အင်္ဂလိပ် - မြန်မာစစ်ပွဲတွင် ဗိုလ်မှူးကြီးအဖြစ် အမှုထမ်းခဲ့ဖူးသူ အသက် ၆၉ နှစ်အရွယ် ဒုတိယဗိုလ်ချုပ်ကြီး ဟင်နရီ ဂေါဒ်ဝင်း ကို ခန့်အပ်ခဲ့သည်။ ဘုရင်က တောင်းဆိုချက်များကို သဘောတူညီပါက သို့မဟုတ် တတ်နိုင်သမျှ အမြန်ဆုံး သဘောတူညီရန် အသင့်ဖြစ်နေသည့် လက္ခဏာပြသမှသာ စစ်ရေးလှုပ်ရှားမှုများကို ရပ်ဆိုင်းထားရန် ဒလဟိုဆီက ဂေါဒ်ဝင်းအား ညွှန်ကြားခဲ့သည်။