မင်းအောင်လှိုင်သည် နိုင်ငံပေါင်း ကိုး နိုင်ငံ သို့ ခရီးလှည့် နိုင်ခဲ့သော်လည်း ကုလသမဂ္ဂတွင်တော့ ၎င်း၏ လက်ပါးစေများ ယီးတီးယားတား လာလုပ်ခွင့် မရ ဖြစ်နေရှာသည်။
သံအမတ်ကြီး ဦး ကျော် မိုး ထွန်း သည် မြန်မာနိုင်ငံကို ကုလသမဂ္ဂမှာ ဘယ်သူက ကိုယ်စားပြုခွင့်ရှိသလဲ၊ နိုင်ငံတော်၏ တရားဝင်မှုကို ဘယ်သူက ပိုင်ဆိုင်သလဲ၊ နိုင်ငံတကာအသိုင်းအဝိုင်းက ဘယ်ဘက်ကို လက်တွေ့အရ အလေးထားသလဲ ဆိုတဲ့ မေးခွန်းသုံးခု ဆုံစည်းနေတဲ့ နိုင်ငံရေးတိုက်ပွဲ ကို ဆင်နွှဲ နေခြင်းပင် ဖြစ်သည်။
"စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံ၏ အမြဲတမ်းကိုယ်စားလှယ်အဖြစ် ဒီနေရာမှာ ကျွန်တော် ရှိနေခြင်းရဲ့ ရည်ရွယ်ချက်က နှစ်ချက်ပဲ ရှိပါတယ်” ဟု သံအမတ်ကြီး ဦးကျော်မိုးထွန်းက DVB သို့ ပြောကြားခဲ့သည်။
“ပထမရည်ရွယ်ချက်ကတော့ အထူးသဖြင့် နယူးယောက်မြို့မှာရှိတဲ့ ကုလသမဂ္ဂဌာနချုပ်မှာ စစ်အာဏာသိမ်းအုပ်စုဘက်က ကိုယ်စားလှယ်တဦးတယောက်မျှ ခြေချခွင့်မရရှိစေရေး သေချာအောင် ဆောင်ရွက်ဖို့ ဖြစ်ပါတယ်။ ဒုတိယရည်ရွယ်ချက်ကတော့ မြန်မာပြည်သူတွေရဲ့ အသံကို ကမ္ဘာက ကြားသိလာစေဖို့၊ မြန်မာပြည်သူတွေ ရင်ဆိုင်နေရတဲ့ ဒုက္ခဆင်းရဲတွေ၊ သူတို့ရဲ့ မျှော်မှန်းချက်တွေနဲ့ လိုလားချက်တွေကို ကုလသမဂ္ဂကတစ်ဆင့် နိုင်ငံတကာအသိုင်းအဝိုင်းထံ အသိပေးတင်ပြဖို့ ဖြစ်ပါတယ်။” ဟု ပြတ်ပြတ်သားသား ပြောကြားသွားခဲ့သည်။
ဤသို့ဖြင့် ဦး ကျော် မိုးထွန်းသည် ပြည်သူ့ဆန္ဒကို ကိုယ်စားပြုသည့် နိုင်ငံရေးသင်္ကေတ ဖြစ်လာခဲ့သည်။
ကုလသမဂ္ဂတွင် မြန်မာနိုင်ငံကို ကိုယ်စားပြုသည့်နေရာကို မရရှိ မချင်း မင်းအောင်လှိုင် အဖို့ က ရှေ့လျောက် အဖွဲ့ဝင် နိုင်ငံ ပေါင်း ၁၉၃ နိုင်ငံ အထိ ခရီးဆက်ရဖို့ ရှိနေသည်။ ကုလသမဂ္ဂတွင် ကိုယ်စားပြုခွင့် ရမှသာ ၎င်းတို့၏ တရားဝင်မှုက ပြီးပြည့်စုံမည် ဖြစ်သည်။
လက်ရှိ အနေအထားအရ အာဏာကို ပြည်တွင်းရှိ မြို့ကြီး များ နှင့် ပတ်ဝန်းကျင် လောက်သာ ထိန်းချုပ်ထားနိုင်သည့် အဆင့်တွင်သာ ရှိပြီးနဲ့ နိုင်ငံတကာတွင် တရားဝင်အစိုးရအဖြစ် ကိုယ်စားပြုခွင့်မရ ဖြစ်နေသည်
စစ်အုပ် စု သည် ၎င်းတို့ခန့်အပ်လိုသူ အောင်သူရိန်ကို ကုလသမဂ္ဂ၌ နေရာရရန် (၅) နှစ်တိုင်တိုင် အသည်းအသန် ကြိုးပမ်းခဲ့သော်လည်း ကုလသမဂ္ဂ အရည်အချင်းစစ်ကော်မတီ က ဆုံးဖြတ်ချက်ကို ဆိုင်းငံ့ထားဆဲဖြစ်သဖြင့် ဦးကျော်မိုးထွန်းသည် လက်ရှိအချိန်အထိ တရားဝင်ကိုယ်စားလှယ်အဖြစ် ဆက်လက်ရပ်တည်နိုင်နေဆဲ ဖြစ်သည်။
အတုအယောင် ရွေးကောက်ပွဲ ဖြင့် မာန်တက်လာသော စစ်အုပ်စုသည် ပြည်သူ့ သံအမတ်ကြီး ဦး ကျော်မိုး ထွန်းအားနိုင်ငံတော်သစ္စာဖောက်ဖျက်မှု၊ ဘဏ္ဍာရေးအလွဲသုံးစားမှုများဖြင့် နောက်ဆုံး လက်နက် ထုတ်သုံးကာ ဗျူဟာ မြောက် စွပ်စွဲလုပ်ကြံလာခဲ့ခြင်း ဖြစ်သည်။
ဦး ကျော်မိုးထွန်းက သံရုံးအသုံးစရိတ်ကို တလလျှင် ဒေါ်လာ ၁၆၀,၀၀၀-၁၇၀,၀၀၀ ဝန်းကျင်မှ ဒေါ်လာ ၂၀,၀၀၀ ခန့်အထိ သိသိသာသာ လျှော့ချခဲ့ကြောင်း ရှင်းလင်းထားသည်။
CDM တွင် မပါဝင်သည့် ဝန်ထမ်းများကို ဖယ်ရှားခြင်းနှင့် ကုန်ကျစရိတ်များကို စနစ်တကျ မှတ်တမ်းတင်ထားခြင်းကြောင့် မိမိကိုယ်မိမိ သန့်ရှင်းကြောင်းနှင့် အချိန်တန်လျှင် လူထုထံ ချပြရန် အဆင်သင့်ရှိကြောင်း တုံ့ပြန်ထားသည်။
ဦးကျော်မိုးထွန်းက ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက် ၂၆၆၉ ကို ရည်ညွှန်းပြီး ဆုံးဖြတ်ချက်များနှင့် ကြေညာချက်များထက် ပိုမိုထိရောက်သော လက်တွေ့လုပ်ဆောင်ချက်များ လိုအပ်ကြောင်း ပြောထားပြီး ဖြစ်သည်။ လက်နက်၊ စစ်ဘက်နှင့် အရပ်ဘက်နှစ်မျိုးသုံးနိုင်သော နည်းပညာ၊ ငွေကြေးစီးဆင်းမှုနှင့် လေယာဉ်ဆီတို့ကို ပစ်မှတ်ထား ကန့်သတ်ရန်လည်း အမြဲလို တောင်းဆို နေခဲ့သည်။
ထို့ပြင် ဦးကျော်မိုးထွန်းက မြန်မာနိုင်ငံအခြေအနေကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) သို့ လွှဲပြောင်းပေးရန်နှင့် စစ်အုပ်စု အပေါ် ပစ်မှတ်ထားပိတ်ဆို့အရေးယူမှုများ တင်းကျပ်ရန် ပါ တောင်းဆိုခဲ့သည်။
နိုင်ငံတကာက ၎င်း၏ တောင်းဆိုချက်များကို လက်တွေ့မူဝါဒအဖြစ် ပြောင်းလဲနိုင်ခြင်း မရှိ ဖြစ်နေသည်။
လက်ရှိတွင်တော့ မြန်မာနိုင်ငံတွင် အာဏာကို လက်တွေ့ထိန်းချုပ်ထားသူနှင့် နိုင်ငံတကာတွင် တရားဝင်ကိုယ်စားပြုခွင့်ကို ရရှိထားသူတို့အကြား ကွာဟမှုကို ထင်ဟပ်နိုင်စွမ်း ရှိနေသည်။
ဦးကျော်မိုးထွန်း ဆက်ရှိနေသ ရွေ့ စစ်အုပ်စု အတွက် သံတမန်ရေးအရ ကျရှုံးနေဆဲ ဖြစ် နေသည့် ဆိုသည့် သက်သေ သာဓက ပင် ဖြစ်သည်။
ဦးကျော်မိုးထွန်းသည် ပြည်သူများ၏ အသက်အိုးအိမ်ကို ကာကွယ် ပေးနိုင်ရန် Responsibility to Protect (R2P) ကို အသုံးချ၍ လေယာဉ် မပျံသန်းရ ဇုံ သတ်မှတ်ပေးရန်လည်း အခါအခွင့် ရသလို တောင်းဆိုခဲ့သူ ဖြစ်သည်။
ဦးကျော် မိုး ထွန်းသည် R2P တောင်းဆိုနေခြင်းသည် မဖြစ်နိုင်သည်ကို စိတ်ကူးယဉ် နေခြင်း မဟုတ်ပေ။
၂၀၀၅ ခုနှစ် ကမ္ဘာ့ထိပ်သီးအစည်းအဝေးမှ ကုလသမဂ္ဂအထွေထွေညီလာခံ၏ “ကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိမှု” (Responsibility to Protect – R2P) ဟူသော မူဝါဒကို အတည်ပြုလက်ခံခဲ့ကြပြီး ဖြစ်သည်။
ဤမူဝါဒအရ အစိုးရများတွင် မိမိတို့၏ ပြည်သူများကို လူမျိုးတုံးသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုများ၊ လူမျိုးစုအလိုက် အစုလိုက်အပြုံလိုက် သုတ်သင်ရှင်းလင်းမှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ မှ ကာကွယ်စောင့်ရှောက်ရန် အဓိကတာဝန်ရှိကြောင်း သတ်မှတ်ထားသည်။
ထိုတာဝန်ကို ထမ်းဆောင်ရန် ပျက်ကွက်ပါက နိုင်ငံတကာအသိုင်းအဝိုင်းတွင် ဝင်ရောက်စွက်ဖက်ဆောင်ရွက်ပိုင်ခွင့်ရှိကြောင်းလည်း ဤမူဝါဒက အလေးပေးဖော်ပြထားသည်။ လိုအပ်ပါက ကုလသမဂ္ဂလုံခြုံရေးကောင်စီမှတဆင့် ဝင်ရောက်ဆောင်ရွက်နိုင်သည်။
ဤမူဝါဒသည် အစဉ်အလာ နိုင်ငံတကာဥပဒေတွင် လက်ခံကျင့်သုံးလာခဲ့သည့် နိုင်ငံတနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရဟူသော မူ မှ သိသာထင်ရှားစွာ ရွေလျား ပြောင်းလဲလာခြင်း ဖြစ်သည်။ အထူးသဖြင့် ပြည်တွင်းစစ်ကဲ့သို့သော နိုင်ငံအတွင်း ဖြစ်ပွားသည့် ပဋိပက္ခများနှင့် ပတ်သက်၍ ဤပြောင်းလဲမှုသည် ပိုမို နက်ရှိုင်းစွာ သက်ရောက်ခဲ့သည်။
ပြည်သူများကို ကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိမှု ဆိုသည့် R2P မူဝါဒကို ၂၀၁၁ လစ်ဗျားပြည်တွင်းစစ်တွင် စတင် အသုံးချခံ့သည်။
၂၀၁၁ ခုနှစ်တွင် ကဒါဖီအစိုးရနှင့် တော်လှန် ရေး တပ်ဖွဲ့များအကြား တိုက်ပွဲများ ဖြစ်ပွားနေစဉ် ကဒါဖီသည် ဘင်ဂါဇီမြို့နှင့် အခြားမြို့များရှိ အရပ်သားပြည်သူများကို တိုက်ခိုက်ရန် လေတပ်ကို အသုံးပြုခဲ့သည်။ ထိုအခြေအနေကို အကြောင်းပြု၍ အမေရိကန်ပြည်ထောင်စုသည် R2P မူဝါဒကို ကိုးကားကာ ၂၀၁၁ ခုနှစ် မတ်လ ၁၇ ရက်နေ့တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၁၉၇၃ (UN Security Council Resolution 1973) ကို အဆိုပြုထောက်ခံခဲ့သည်။
အဆိုပါဆုံးဖြတ်ချက်တွင် လစ်ဗျားနိုင်ငံ၏ လေပိုင်နက်အတွင်း လေယာဉ်ပျံသန်းမှုများကို တားမြစ်သည့် လေယာဉ်မပျံသန်းရဇုန် (No-fly zone) သတ်မှတ်ရန် ပြဋ္ဌာန်းထားသည်။
ထိုအချိန်က ကမ္ဘာ့နိုင်ငံရေးတွင် အမေရိကန်ဦးဆောင်သော တဦးတည်းဗဟိုပြု ကမ္ဘာ့စနစ် Unipolar Moment။က လွှမ်းမိုးနေဆဲဖြစ်သည်။ ထို့ကြောင့် ရုရှားနှင့် တရုတ်တို့သည် အဆိုပါဆုံးဖြတ်ချက်ကို ကန့်ကွက်မဲမပေးဘဲ ကြားနေ ခဲ့ကြပြီး၊ နောက်ဆုံးတွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အမှတ် ၁၉၇၃ ကို အတည်ပြုချမှတ်နိုင်ခဲ့သည်။
လစ်ဗျားလေတပ်သည် အဆိုပါဆုံးဖြတ်ချက်ကို ချိုးဖောက်ကာ တိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်ခဲ့သည့်အခါ အမေရိကန်ဦးဆောင်သော နိုင်ငံတကာအသိုင်းအဝိုင်းသည် လစ်ဗျားပြည်တွင်းစစ်အတွင်း စစ်ရေးအရ ဝင်ရောက်စွက်ဖက်ခဲ့ပြီး လေယာဉ်မပျံသန်းရဇုန်ကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်။
လေကြောင်းအင်အားကို ထိန်းချုပ်နိုင်စွမ်း ဆုံးရှုံးသွားပြီးနောက် ကဒါဖီအစိုးရသည် နောက်ဆုံးတွင် တော်လှန်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကို ရှုံးနိမ့်ခဲ့ရကာ အာဏာမှ ဖယ်ရှားခံခဲ့ရသည်။
မှတ်သားစရာ ကောင်းသည်က ကဒါဖီသည် ၎င်း မသေဆုံးမီ နှစ်နှစ်ခန့် ဖြစ်သည့် ၂၀၀၉ စက်တင်ဘာလ တွင် ပထမဆုံး အမေရိကန် ခရီးစဉ် အဖြစ် နယူးယောက်သို့ ရောက်ရှိလာပြီး ကုလသမဂ္ဂအထွေထွေညီလာခံ၏ ၆၄ ကြိမ်မြောက်အစည်းအဝေး၌ မိန့်ခွန်းပြောကြားခဲ့ခြင်းပင် ဖြစ်သည်။
ယခုအခါ ရုရှား တရုပ် တို့၏ ဗီတို အာဏာ အပြင် ဒေသတွင်းအဖွဲ့အစည်းဖြစ်သော အာဆီယံ သည် အဖွဲ့ဝင်နိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရဟူသော မူဝါဒကို တင်းကျပ်စွာ ကိုင်စွဲထားသည်။ နိုင်ငံတကာက မြန်မာ့အရေးကို အရေးယူလိုသည့်အခါ အာဆီယံ၏ သဘောထားကို ဦးစားပေးလေ့ရှိသဖြင့် အာဆီယံ၏ ပျော့ပျောင်းသော ကိုင်တွယ်မှုများကြောင့်လည်း R2P ကဲ့သို့ ပြင်းထန်သော ဝင်ရောက်စွက်ဖက်မှုမျိုးနှင့် အလှမ်းဝေးခဲ့ရသည်။
သမ္မတ ဒေါ်နယ် ထရမ့်အဖို့က ယခုတကြိမ်တွင်လည်း ၎င်း နိုဘဲလ် ဆု ချီးမြှင့် မခံရခြင်း အပေါ် ဒေါသ ထွက်နေသော်လည်း မြန်မာ အရေး အား ပြတ်ပြတ်သားသား ကိုင်တွယ် နိုင်ပါက တချက်ခုတ် နှစ်ချက်ပြတ် ဆိုသလို တရုတ်ကိုလည်း ထိန်းချုပ်ပြီး ဖြစ်ယုံမက လူ့အသက် ပေါင်း များစွာ ကယ်တင် နိုင်သူ အဖြစ် နိုဘဲလ် ဆုသည်လည်း ၎င်း ရာထူး မှ မဆင်းမီ အလိုလို ရောက်ရှိလာမည်ကို စဉ်းစား လာလိမ့်မည်သာ ဖြစ်သည်။
ယခုပင်လျင် ကိုယ်စားလှယ်များ လွှတ်၍ ပြောဆို ဆွေးနွေး ခိုင်းနေပြီလောဟုပင် ယူဆစရာ ဖြစ်လာရသည်။
ဤသည်ကလည်း ကျွန်တော် စိတ်ကူးထဲက အတွေးစ များသာ ဖြစ်ပေတော့သည်။
ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!