မြန်မာ ၏ သမ္မတ တု မင်းအောင်လှိုင်သည် အငြင်းပွားဖွယ်ရာ ဖြစ်ခဲ့ရ သော မလေးရှားနိုင်ငံ ခရီးစဉ်အပြီးတွင် အင်ဒိုနီးရှားနှင့် ဘရူနိုင်းနိုင်ငံများသို့ ဆက်လက် သွားရောက်ဖွယ်ရှိကြောင်း စစ်အုပ်စု ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်နှင့် တွေ့ဆုံစဉ် ယင်းဖိတ်ကြားချက်များကို ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်ဟု ဆိုသည်။
မလေးရှားနိုင်ငံ နှစ်ရက်ကြာ ခရီးစဉ်အပြီးတွင် ပြောရေးဆိုခွင့်ရှိသူ ခိုင်ခိုင်စိုးက သတင်းထောက်များကို ပြောကြားရာ၌ အဆိုပါ နှစ်နိုင်ငံ သည် ရက် အတိအကျ မသတ်မှတ်ရသေး သော်လည်း ၎င်းတို့၏ ခေါင်းဆောင်ကြီးအား ဖိတ်ကြားဖို့ စီစဉ်ထားကြောင်း ပြောကြားခဲ့သည်။ ထိုသို့ ဖိတ်ကြားရန် စီစဉ် နေသည်ကို မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်သည် ပြီးခဲ့သည့်အပတ်က ပူတရာဂျာမြို့၌ မင်းအောင်လှိုင် နှင့် ဆွေးနွေးခဲ့စဉ် အတွင်းအသိ ပေး ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
သူမ၏ အပြောသည် အတည် ဖြစ်လာမည် ဆိုက စစ်အာဏာသိမ်း ခေါင်းဆောင် မင်းအောင်လှိုင်သည် ဘာတခုမျှ လိုက်လျော ပေးစရာ မလိုဘဲ သံတမန်ရေးအရ အောင်မြင်မှုရရှိသွားခဲ့ပြီ ဖြစ်သည်ဟု ဆိုရ ပေတော့မည်။
၎င်း အရေးတကြီး လိုအပ်နေသော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ကား ယခုထက်ထိ ထွက် ပေါ်လာခြင်း မရှိသေး ပေ။
မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ဘရူနိုင်းနှင့် တီမောလက်စတေး စသည့်နိုင်ငံများသည် ပုံမှန်အားဖြင့် မြန်မာ စစ်အုပ်စု အား ပြင်းပြင်းထန်ထန် ဆန့်ကျင်ရပ်တည် သွားရန် တောင်းဆိုခဲ့ကြသည့် နိုင်ငံများ ဖြစ်သည်။ ယခုအခါတွင်တော့ စင်္ကာပူ၊ ဖိလစ်ပိုင် နှင့် တီမော လက်စတေး နိုင်ငံ များသာ ကျန်ရှိ ပေတော့သည်။
စင်္ကာပူ စထရိတ် တိုင်းမ် နှင့် အင်တာဗျူး တွင် ဖိလစ်ပိုင်သမ္မတ မားကို့စ်က မြန်မာနိုင်ငံနှင့် ပတ်သက်ပြီး ဘာမှဖြစ်မလာတဲ့အတွက် ကျွန်တော်တို့ အခြားနည်းနဲ့ ချဉ်းကပ် လုပ်ဆောင်ရပါတော့မယ်။ မေလထဲမှာပဲ မြန်မာခေါင်းဆောင်ဟာ မလေးရှားနဲ့ ကမ္ဘောဒီးယားနိုင်ငံတွေကို သွားရောက်ခဲ့တယ်ဆိုတဲ့ သတင်းကို ဒီကနေ့ မြင်တွေ့ခဲ့ရတဲ့အတွက် ကျွန်တော် ဝမ်းသာပါတယ်။ အဲဒါက ဘယ်တုန်းကမှ မဖြစ် ပေါ် ခဲ့ဖူးတဲ့ (အစပျိုးမှုရဲ့) အစပဲ ဖြစ်ပါတယ်" ဟု ပြောကြားခဲ့သည်။
ဆိုလိုသည်က ထိုသို့ ဖိတ်ကြားမှု ကို မင်းအောင်လှိုင်က လက်ခံလိုက်ခြင်းသည်ပင် ယခင်က မရှိခဲ့ဖူးသော သံတမန်ရေးရာ ထိတွေ့ဆက်ဆံမှု လမ်းကြောင်းသစ်တခု စတင်လိုက်ခြင်း ဖြစ်သည်ဟု ဟု ဆိုလိုခြင်း ဖြစ်သည်။ ဤသည်ကို ကြည့်မည် ဆိုက မားကိုစ်၏ ခေါင်း ထဲတွင် မည်မျှအထိ တွေးခေါ် မျှော်မြင်မှု ခေါင်းပါး နေသည်ကို အတိုင်းသား တွေ့နေရသည်။
မင်းအောင်လှိုင်လို လူပေါင်း သိန်းချီ ၍ အသက်ဆုံးရှူံးခဲ့ရမှု တွင် တာဝန်ရှိသူတဦးအား ထိုကဲ့သို့ အမြင်မျိူး ရှိနေသည်ဆို က လူပေါင်း ထောင်ချီသာ သေဆုံးခဲ့ရသော မူးယစ်ဆေးဝါး နှိမ်နင်းရေး စစ်ပွဲ ကြောင့် "လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ပြစ်မှုများ" ဆိုကာ သမ္မတဟောင်း ဒူတာတေး အား အိုင်စီစီ သို့ လွှဲပြောင်းပေးခဲ့မှုသည် ကိုယ်ကျင့် သိက္ခာတရားကို စောင့်ထိန်းခြင်း ဟု ပြော၍ မရတော့ဘဲ အများစွပ်စွဲ နေသလို နိုင်ငံရေးအရ လုပ်ကြံခြင်း ဆိုသည်ကို သွယ်ဝိုက်ဝန်ခံလိုက်ခြင်းသာ ဖြစ်ပေတော့မည်။
အကယ်၍ မင်းအောင်လှိုင်ကိုသာ မနီလာ သို့ ဖိတ်ခေါ်မည်ဆိုက နိုင်ငံရေးအရ ပေါက်ကွဲမှု ကြီး ဖြစ်လာတော့မည်ကို သိ၍ ချီတုံချတုံ ဖြစ် နေခြင်း ပင် ဖြစ်သည်။
ထိုင်းနှင့် မလေးရှားတို့ အပါအဝင် အချို့သော နိုင်ငံများက မြန်မာနိုင်ငံအား အာဆီယံအဖွဲ့အတွင်းသို့ နောက်ဆုံးတွင် ပြန်လည်ပါဝင်လာရေးကို ၎င်းတို့၏ ရည်မှန်းချက်အဖြစ် အတိအလင်း ထုတ်ဖော်ပြောကြားခဲ့ကြသော်လည်း အခြားနိုင်ငံများကမူ ဘုံသဘောတူညီချက် ကို အကောင်အထည် ဖော်ဆောင်ရွက်ရေးပေါ်၌ ပိုမိုဦးစားပေး မီးမောင်းထိုးပြ နေကြဆဲ ဖြစ်သည်။
ဂျပန်ကလည်း ကြိုးဝိုင်းထဲ ဝင်လာပြန်သည်။ ဂျပန် ဝန်ကြီးချုပ် ဟောင်း ဖူမီယို ကီရှီဒါးက "မြန်မာနိုင်ငံ အခြေအနေနဲ့ ပတ်သက်ပြီး နိုင်ငံတကာ အသိုင်းအဝိုင်းအတွင်း ရှုထောင့်အမျိုးမျိုး ရှိနေကြသော်လည်း အာဆီယံ၏ စည်းလုံးညီညွတ်မှု ရှုထောင့်မှကြည့်လျှင် မြန်မာနိုင်ငံကို အာဆီယံ မူဘောင်အတွင်းသို့ စနစ်တကျ ပြန်လည် ခေါ်ဆောင်လာရန် အရေးကြီးသည်ဟု နိုင်ငံအများအပြားက ယူဆကြသည်" ဟု ၎င်းက ဘန်ကောက် တွင် ထုတ်ဖေါ်ပြောကြားခဲ့သည်။
ဂျပန်သည် မြန်မာ အရေးကြောင့် အာဆီယံ အဖွဲ့ကြီး အတွင်း စည်းလုံးညီညွတ်မှု ပြိုကွဲမည်ကို စိုးရိမ်လာ၍ ဖြစ်သည်။
ဖူမီယို သည် ဂျပန်အောက်လွှတ်တော် အမတ်အဖြစ် ဆက်ရှိနေဆဲဖြစ်သလို ဂျပန်အာဏာရ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (LDP) ၏ ဂျပန်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာဌာနချုပ်၏ အဓိကခေါင်းဆောင်တဦးလည်း ဖြစ်၍ ဂျပန် အစိုးရ၏ တရားဝင် ရပ်တည်ချက်လား ဆိုသည်က မသဲကွဲသေးပေ။
မကြာမီ လများ အတွင်း အာဆီယံဥက္ကဋ္ဌတာဝန်ကို ရယူမည့် စင်ကာပူနိုင်ငံခြားရေး ဝန်ကြီးက အဓိပ္ပါယ် ရှိသော တိုးတက်မှု ဆိုသည်ကို "အကြမ်းဖက်မှုများ အပြီးတိုင် ရပ်တန့်ရေး"၊ နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရေးနှင့် အာဆီယံ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး စိစစ်ညှိနှိုင်းရေးဗဟိုဌာန သို့ ဝင်ရောက်ကူညီခွင့်ပြုရေးတို့အဖြစ် အဓိပ္ပာယ်ဖွင့်ဆိုခဲ့သည်။
တချိန်တည်းမှာပင်၊ စစ်အုပ်စု ကို အပြင်းအထန် ဆန့်ကျင်လေ့ရှိသည့် တီမောလက်စတေးနိုင်ငံသည် မင်းအောင်လှိုင်နှင့် အခြားအဆင့်မြင့် အရာရှိကြီးများအပေါ် တရားစွဲဆိုမှုများ စတင်ရန်အတွက် ၎င်း၏ တရားရေးဆိုင်ရာ အာဏာပိုင်များကိုပင် ခွင့်ပြုပေးခဲ့သည်။ အမှန်စင်စစ်အားဖြင့် မြန်မာနိုင်ငံအပေါ် တီမောလက်စတေး၏ ရပ်တည်ချက်သည် ၎င်းအနေဖြင့် "အာဆီယံနည်းလမ်း" ထုံးတမ်းစဉ်လာအတွင်းသို့ အောင်မြင်စွာ ပေါင်းစည်းဝင်ရောက်နိုင်ခြင်း ရှိမရှိကို ပထမဆုံးအကြိမ် စမ်းသပ်ခံရဖို့ ဖြစ်လာ ပေမည်။
အဖွဲ့ဝင်နိုင်ငံ အများအပြားက မင်းအောင်လှိုင်အား ကော်ဇော်နီ ခင်း ကြိုဆိုလက်ခံရန် ဆန္ဒရှိနေကြသော်လည်း၊ အာဆီယံနှင့် ပုံမှန်ဆက်ဆံရေး ပြန်လည်ထူထောင်နိုင်ရေးအတွက် အဖွဲ့ဝင် ၁၁ နိုင်ငံစလုံး၏ ဘုံသဘောတူညီချက် လိုအပ်နေသည်။
စစ်အုပ်စုက ဘုံသဘောတူညီချက် ၅ ချက် ကို တချက်တလေ မျှ လိုက်နာခြင်း မရှိခဲ့၊ ယုတ်စွ အဆုံး အာဆီယံ အကူအညီ ပေးရေး ဌာန ကိုပင် ခွင့်မပြူခဲ့၊ မြန်မာစစ်တပ်၏ အရပ်သားပြည်သူများအပေါ် အကြမ်းဖက်တိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်နေခြင်း၊ ဘုံသဘောတူညီချက်အပေါ် ပိုမိုပြတ်သားစွာ ငြင်းပယ်လာခြင်းနှင့် ထိန်းသိမ်းခံထားရသော လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ပေးရန် အာဆီယံ၏ တောင်းဆိုချက်များကို ငြင်းဆန်နေခြင်းတို့ကြောင့် မကြာမီကာလအတွင်း အာဆီယံ တဖွဲ့လုဲး နင့် ပြန်လည်သင့်မြတ် လာ ရေးသည် ဖြစ်နိုင်စရာ မရှိပေ။
အဓိက မေးခွန်းမှာ— အာဆီယံ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ၎င်းတို့ ၏ ဘုံသဘောတူညီချက် ၅ ချက် ကို အရှက်ကင်းမဲ့စွာ လုံးဝ စွန့်လွှတ်လိုက်ကြ တော့မည် လော— သိုတည်းမဟုတ်က စစ်အုပ်စု နှင့် ပုံမှန်ဆက်ဆံရေး အပြည့်အဝ ပြန်လည်စတင်ရန်အတွက် မင်းအောင်လှိုင်ဘက်မှ မည်မျှအထိ လျှော့ပေါ့လိုက်လျောမှုကို ပဲ အရှက်ပြေ လက်ခံပေးရန် ဆန္ဒရှိကြမည်လား ဆိုသည့် အချက်ပင် ဖြစ်သည်။
ရိုဟင်ဂျာ အရေး ဖြင့် စစ်အုပ်စုကို ရှေ့တန်းက ဆန့်ကျင်ခဲ့ကြသော မလေးရှား၊ အင်ဒိုနီရှား၊ ဘရူနိုင်း ကဲ့သို့ မူဆလင် နိုင်ငံများက ယခုအခါ ရှေ့ဆုံးမှ ကော်ဇော်နီ ခင်းကာ လက်ခံချင်နေကြသည်ကလည်း အံ့ဩဖွယ် ရာ ပင် မဟုတ်ပါလား။
အာဆီယံသည် အဘယ်ကြောင့် နိုင်ငံတကာ တွင် လူရာ မဝင်သော၊ ကုလသမဂ္ငကပင် အသိအမှတ်မပြုသော စစ်အုပ်စုကို ဖက်လှဲတကင်း လုပ်ချင် နေရသနည်း ဆိုသည်ကို စဉ်းစားကြည့်မည် ဆိုက "ထိတွေ့မှသာ ပြောင်းလဲနိုင်မည်" ဟူသော အယူအဆ ထွက်ပေါ်လာခြင်း နှင့် စစ်အုပ်စု ကို ဆက်လက်ဖယ်ကြဉ်ထားပါက တရုတ်နှင့် ရုရှားတို့၏ လက်အောက်သို့ လုံးဝကျရောက်သွားမည်ကို မလေးရှား၊ စင်ကာပူ၊ ထိုင်း ကဲ့သို့ နိုင်ငံများက စိုးရိမ်လာကြသည်။ အထူးသဖြင့် ထားဝယ် ရေနက် စီမံကိန်း အကြောင်းပြကာ ရုရှား တို့က ခေါ်သွင်းလာမည့် အ ရေး ကို ဖျောင်းဖြလိုဟန် ရှိပုံရပေသည်။
အာဆီယံ ၏ လုပ်ရပ်များက မြန်မာ အကျပ်အတည်းအား စားပွဲဝိုင်း ထိုင် ညှိနှိုင်းကြမည့် အဓိပ္ပါယ် ပြည့်ဝသော အားလုံး လက်ခံနိုင် လောက်သည့် ငြိမ်းချမ်းရေး မျိုး ဖြစ်အလာ အောင် တွန်းပို့ ပေးနေသ လို ဖြစ်လာသည်။ ထို အ အနေအထားက မည်သို့မျှ ရောက်လာဖို့ မရှိ တော့၊ "ငါလုပ်သမျှ ငြိမ်ခံ" ရမည်ဆိုသည့် ငြိမ်းချမ်း ရေး မျိူး ဖြစ်လာအောင် မင်းအောင်လှိုင် ဘက်က ပူးပေါင်းကြံစည်လာကြခြင်းသာ ဖြစ်ပေသည်။
ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!