ရခိုင်စစ်မျက်နှာသည် လက်ရှိတွင် အလွန်ပြင်းထန်နေပြီး စစ်ကောင်စီ၏ ထိုးစစ်ကြီးကို အာရက္ခတပ်တော် (AA) က တန်ပြန်ချေမှုန်းကာ အဆုံးအဖြတ်ပေးရမည့် အခြေအနေသို့ ရောက်ရှိနေသည်။ စစ်ကောင်စီဘက်က ရခိုင်ပြည်နယ်အတွင်း လက်လွှတ်ဆုံးရှုံးထားရသည့် နယ်မြေများကို ပြန်လည်ရရှိရန်နှင့် AA ၏ ထိုးစစ်ကို ဖြတ်တောက်ရန် အင်အားအလုံးအရင်းဖြင့် ဝင်ရောက်လာသောကြောင့် စစ်ရေးတင်းမာမှုများ မြင့်တက်နေခြင်း ဖြစ်သည်
စစ်တွေမြို့နယ်အတွင်း စစ်အုပ်စု ၏ စစ်စခန်းများနှင့် ကာကင်းစခန်းများကို AA က စနစ်တကျ ဖိအားပေးတိုက်ခိုက်နေပြီး စစ်အုပ်စု ဘက်မှ လေကြောင်းပစ်ကူ၊ ရေတပ်ပစ်ကူများကိုသာ အဓိကအားပြုကာ မြို့တော်မကျဆုံးစေရန် အသည်းအသန် ခုခံနေရသည့် အခြေအနေ ဖြစ်နေသည်ဟု သတင်းများက ဆိုသည်။
စစ်တွေမြို့ရှိ စစ်အုပ်စု ၏ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) အနီးအနားနှင့် ဌာနချုပ်တံခါးဝရှေ့အထိ အမှန်တကယ် ဆိုက်ရောက်လာနေပြီဖြစ်ကြောင်း ဒေသတွင်းနှင့် နိုင်ငံတကာသတင်းဌာနများဖြစ်သော ဧရာဝတီ နှင့် နိရဉ္စရာ အပါအဝင် မြေပြင်စစ်ရေးသတင်းရင်းမြစ်များက အတည်ပြုထားကြသည်။
အောက်တိုဘာလ ၁၅ ရက်နေ့ နေ့လယ်ပိုင်းတွင် စစ်တွေမြို့အနောက်မြောက်ဘက် ရေချမ်းပြင်ကျေးရွာအနီးရှိ စစ်ကောင်စီ၏ အရေးပါသော ကာကင်းစခန်းတစ်ခုကို အာရက္ခတပ်တော် (AA) က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။ အဆိုပါ ရေချမ်းပြင်တိုက်ပွဲ ပြင်းထန်လွန်းသဖြင့် ကိုးမိုင်ကျော်အကွာရှိ စစ်တွေမြို့ထဲမှပင် လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်သံများကို အတိုင်းသား ကြားနေရပြီး အိမ်များပင် တုန်ခါနေသည်ဟု သိရသည်။
အာရက္ခတပ်တော် (AA) သည် စစ်တွေမြို့အဝင် ကာကင်းစခန်းများနှင့် အနီးအနားရှိ အမြင့်ကျွန်း၊ ပါဒလိတ်၊ ဂန့်ဂေါကျွန်း တို့ရှိ စစ်တပ် စခန်းများကို တခုပြီး တခု ဆက်တိုက်သိမ်းပိုက်ပြီးနောက် စစ်တွေ ဒကစ ဌာနချုပ်ကို အဓိက ခြိမ်းခြောက်နိုင်သည့်အဆင့်အထိ ထိုးစစ်ဆင် ချဉ်းကပ်လာနေခြင်း ဖြစ်သည်
AA ၏ ပြင်းထန်လှသော ထိုးစစ်ကြောင့် စစ်တွေ ဒကစ မကျဆုံးစေရန် စစ်အုပ်စုဘက်က မြို့အထွက်တွင် ကတုတ်ကျင်းများ၊ မိုင်းကွင်းများဖြင့် အခိုင်အမာ ခံစစ်လိုင်းများ ပြုလုပ်ထားသည်။ ထို့အပြင် ရွှေမင်းဂံ ရေတပ်စခန်းနှင့် ကလတန်မြစ်အတွင်းရှိ စစ်ရေယာဉ်များ၊ လေကြောင်းလိုင်းများကို အသုံးပြုကာ ဒကစ ပတ်ပတ်လည်သို့ လက်နက်ကြီးများဖြင့် နေ့စဉ်ရက်ဆက် ပစ်ကူပေးနေရသည်။
မြို့တွင်း ရပ်ကွက်များထဲသို့ စစ်အုပ်စု တပ်ဖွဲ့ဝင်များက ညစဉ် ဧည့်စာရင်းဝင်ရောက်စစ်ဆေးခြင်းနှင့် အရပ်သားများကို ဖမ်းဆီးစစ်ဆေးခြင်းများ ပိုမိုလုပ်ဆောင်လာနေသည်။
စစ်အုပ်စု သည် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို လက်လွှတ်ခဲ့ရပြီး ဖြစ်ကာ ယခု ဒကစ သာ လက်လွှတ်ခဲ့ရပါက ကျောက်ဖြူရှိ တရုပ် စီမံကိန်း ဝင်းအနီးသို့ ရွှေ့လာရဖို့သာ ရှိတော့သည်။
ရွှေမင်းဂံရေတပ်စခန်း သည် လက်ရှိတွင် အာရက္ခတပ်တော် (AA) ၏ ဝန်းရံပိတ်ဆို့ ထိုးစစ်ဆင်ခြင်းကို ခံနေရပြီး အခြေအနေအလွန် စိုးရိမ်ရသည့်အဆင့်သို့ ရောက်ရှိနေသည်။
AA သည် ရွှေမင်းဂံရေတပ်စခန်းကို မြေပြင်မှသာမက ရေကြောင်းလမ်းပါ ဖြတ်တောက်ကာ ဝန်းရံပိတ်ဆို့ထားသည်။ စခန်းတွင်းရှိ စစ်အုပ်စု တပ်ဖွဲ့ဝင်များမှာလည်း မြို့ပြင်သို့ မထွက်နိုင်ဘဲ အခိုင်အမာခံစစ်ဖြင့်သာ စခန်းတွင်းမှ အသည်းအသန် ခုခံနေရသည့် အခြေအနေ ဖြစ်သည်
စစ်တွေမြို့နယ်အတွင်းရှိ ငပိကျွန်း ပေါ်တွင် တိုက်ပွဲများ အပြင်းထန်ဆုံး ဖြစ်ပွားခဲ့သည်။ စစ်တပ်သည် အင်အားထောင်ချီအသုံးပြုကာ ကြည်း၊ ရေ၊ လေ ပူးတွဲစစ်ဆင်ရေးဖြင့် ထိုးစစ်ဆင်ခဲ့သော်လည်း AA ၏ ပြန်လည်ခုခံမှုကြောင့် ရှေ့မတိုးနိုင်ဘဲ အကျအဆုံးများစွာဖြင့် ဆုတ်ခွာခဲ့ရကာ စစ်ရေးအရ အကြပ်ရိုက်နေသည်ဟု စစ်ရေးလေ့လာသူများက သုံးသပ်ထားကြသည်။
လတ်တလောတွင် ရွှေမင်းဂံရေတပ်စခန်းမှ ထွက်ခွာလာသည့် စစ်သင်္ဘော ၆ စီးခန့်သည် စစ်တွေအနီးရှိ ဗျူဟာမြောက် ငပိကျွန်း ကို ပြန်လည်သိမ်းပိုက်ရန် ကမ်းထိုးထိုးစစ်ဆင်ခဲ့သော်လည်း AA ဘက်က ဒရုန်းနှင့် လက်နက်ကြီးများဖြင့် အပြင်းအထန် တန်ပြန်တိုက်ခိုက်ခဲ့သည်။ ထိုတိုက်ပွဲအတွင်း စစ်သင်္ဘောတစီးကို AA ၏ လက်နက်ကြီး တည့်တည့်ထိမှန်ခဲ့သဖြင့် မီးလောင်ပျက်စီးကာ ရွှေမင်းဂံရေတပ်စခန်းသို့ အထိနာပြီး ပြန်လည်ဆုတ်ခွာသွားခဲ့ရသည်
စစ်အုပ်စု သည် ၎င်းတို့အခေါ် "အာရက္ခစစ်ဆင်ရေး" သို့မဟုတ် "၄၉၂၆ စစ်ဆင်ရေး" (စက်တင်ဘာ ၄ ရက်ကို အစွဲပြု၍ ခေါ်ဆိုခြင်း) အမည်ဖြင့် ရခိုင်ပြည်နယ်အတွင်းရှိ စစ်တွေ၊ ပုဏ္ဏားကျွန်းနှင့် ကျောက်ဖြူစစ်မျက်နှာများအပြင် မကွေး၊ ပဲခူးနှင့် ဧရာဝတီတိုင်းစပ်ရှိ စစ်မျက်နှာအနည်းဆုံး ၇ ခုခန့်တွင် အင်အား ၂,၀၀၀ ကျော်၊ ရေတပ်၊ လေကြောင်းပစ်ကူများသုံးကာ ထိုးစစ်ဆင်ခဲ့သည်။
သို့သော်လည်း စစ်ရေးလေ့လာသူများနှင့် ISP-Myanmar ကဲ့သို့သော သုတေသနအဖွဲ့များ၏ သုံးသပ်ချက်အရ ထိုထိုးစစ်သည် နယ်မြေ တခုတလေမျှ ပြန်လည် ထိန်းချုပ်နိုင်ခြင်း မရှိဘဲ စစ်ဦးကျိုးသွားခဲ့ရရုံမက AA ၏ တန်ပြန်ထိုးစစ်ကြောင့် တပ်စခန်း ၁၂ ခုထက်မနည်း ထပ်မံလက်လွှတ်ခဲ့ရသည်။
ဂွမြို့နယ်အတွင်းရှိ သာပေါင်းလေးဝန်းကျင်နှင့် အမြောက်တပ် (၃၄) အနီးတို့တွင် တိုက်ပွဲများ ရက်ဆက်ပြင်းထန်နေသည်။ စစ်အုပ်စု တပ်က ဧရာဝတီတိုင်းဘက်မှတဆင့် ဂွဘက်သို့ ထိုး ဖောက် နိုင်ရန် အသည်းအသန် ကြိုးပမ်းနေခြင်း ဖြစ်သည်။
ကျောက်ဖြူ-စနဲ လမ်းပိုင်းနှင့် တောင်မော်ဦး ရေတပ်စခန်းအနီးအထိ တိုက်ပွဲဧရိယာ ကျယ်ပြန့်လာနေပြီး စစ်အုပ်စု စစ်ကြောင်းများ ရှေ့မတိုးနိုင်ဘဲ ရပ်တန့်နေရသည်။
စစ်အုပ်စု သည် မြေပြင်တွင် အထိနာနေသည့်အတွက် အရပ်သား ပြည်သူများကို ပစ်မှတ်ထားကာ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကို ရခိုင်ပြည်နယ်အတွင်း အရှိန်အဟုန်မြှင့် လုပ်ဆောင်နေသည်။
ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ပေါက်တော၊ သံတွဲနှင့် ကျောက်ဖြူ စသည့် မြို့နယ်များတွင် လေကြောင်းတိုက်ခိုက်မှု များ ဆက်တိုက်ဆိုသလို ပြုလုပ်လာနေသည်။
စစ်အုပ်စု နှင့် AA တို့ တိုက်ပွဲပြင်းထန်နေချိန်ကို အခွင့်ကောင်းယူပြီး နယ်စပ်ဒေသရှိ မွတ်ဆလင်လက်နက်ကိုင်အဖွဲ့ ဖြစ်သော ARSA အဖွဲ့သည် အင်အားစုစည်းမှု၊ စစ်ရေးလေ့ကျင့်မှုများ အရှိန်မြှင့်လုပ်ဆောင်လာနေသည်ကို တွေ့ရသဖြင့် AA အနေဖြင့် နယ်စပ်လုံခြုံရေးကိုပါ မျက်ခြေမပြတ် စောင့်ကြည့်နေရသည့် အခြေအနေ ရှိနေသည်ဟု သတင်းများက ဆိုသည်။
အာရက္ခတပ်တော် (AA) အနေဖြင့် ရခိုင်စစ်မျက်နှာ (အထူးသဖြင့် ကျောက်ဖြူနှင့် မြောက်ပိုင်း/တောင်ပိုင်း မြို့နယ်များ) တွင် စစ်အုပ်စု အပေါ် အသာစီးရပြီး စစ်နိုင်နေရသည့် အဓိက အကြောင်းအရင်းများမှာ ၎င်းတို့၏ စစ်ဗျူဟာမြောက်မှု၊ ဒေသခံလူထု၏ ထောက်ခံမှုနှင့် စစ်တပ်၏ ပျော့ကွက်များကြောင့် ဖြစ်သည်။
AA သည် နယ်မြေ ကျွမ်းကျင်မှု ကို အသုံးချကာ စစ်တပ် စခန်းကြီးများကို အဆက်အသွယ်ဖြတ်တောက်ပြီး ဝိုင်းရံပိတ်ဆို့ဖြတ်တောက်သည့် Siege Warfare ဗျူဟာကို ထိရောက်စွာ ဆင်နွှဲ နိုင်ခဲ့သည်။ ကျောက်ဖြူကဲ့သို့သော ပင်လယ်ကမ်းရိုးတန်းနှင့် ကျွန်းဆွယ်ဒေသများတွင် ရေတပ်နှင့် အမြောက်တပ်ပစ်ကူများ ရှိသော်လည်း AA သည် မြေပြင်ထောက်ပံ့ရေးလမ်းကြောင်းများကို ကြိုတင်ပိတ်ဆို့နိုင်ခဲ့သဖြင့် စစ်အုပ်စု တပ်များ ရိက္ခာနှင့် ခဲယမ်းပြတ်လပ်လာရသဖြင့် စခန်းစွန့်ခွာမည်လော သို့မဟုတ် လက်နက်ချရမည် လော ဆိုသည့် နှစ်လမ်း အနက် တလမ်းကိုသာ ရွေးချယ် ခဲ့ကြရသည်။
AA ၏ အဓိကအင်အားသည် ရခိုင်လူထုတရပ်လုံး၏ စည်းလုံးညီညွတ်မှုနှင့် "ရက္ခိတလမ်းစဉ်" အပေါ် သွေးစည်းမှု ဖြစ်သည်။ နေ့စဉ် နှင့် အမျှ အောင်ပွဲများ ရရှိနေ၍ လူထုက AA အပေါ် စိတ်ပျက်ခြင်းမရှိဘဲ ရိက္ခာနှင့် လုပ်အားဖြင့်ပါ ထောက်ပံ့ကြသဖြင့် AA သည် စစ်ပန်းခြင်းမရှိဘဲ ရေရှည်တိုက်ပွဲဝင်နိုင်ခြင်းလည်း ဖြစ်သည်။
စစ်အုပ်စုသည်ကား တနိုင်ငံလုံးအတိုင်းအတာဖြင့် စစ်မျက်နှာ ဖွင့်နေရ၍ ရခိုင်စစ်မျက်နှာသို့ စစ်ကူအင်အား အလုံအလောက် မပို့နိုင်တော့ခြင်း ဖြစ်သည်။
ခြေလျင်တပ်များသည် တိုက်ခိုက်လိုစိတ် အလွန်အမင်း ကျဆင်းနေပြီး AA ၏ ပြင်းထန်သော ထိုးစစ်အောက်တွင် အလွယ်တကူ စခန်းစွန့်ပြေးခြင်း သို့မဟုတ် အစုလိုက် အပြုံလိုက် လက်နက်ချခြင်းများ ပြုလုပ်လာကြသည်။
AA သည် ညီနောင်မဟာမိတ် ၃ ဖွဲ့ (MNDAA, TNLA) အပြင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် အခြားသော တော်လှန်ရေးအဖွဲ့အစည်းများနှင့် ခိုင်မာသော စစ်ရေးမဟာမိတ် ရှိသည်။ ၎င်းတို့သည် ရှမ်းမြောက် "၁၀၂၇ စစ်ဆင်ရေး" မှရရှိလာသော စစ်ဗျူဟာ အတွေ့အကြုံများနှင့် ခေတ်မီလက်နက်ခဲယမ်းများကို ရခိုင်စစ်မျက်နှာတွင် ထိရောက်စွာ အသုံးချနိုင်ခဲ့သည်။ ထို့အပြင် ဒရုန်းဗျူဟာ ကို အဆင့်မြင့်မားစွာ အသုံးပြုပြီး စစ်တပ်၏ ကာကင်းစခန်းများနှင့် အထိုင်စခန်းများကို ဗုံးကြဲတိုက်ခိုက်နိုင်ခြင်းကလည်း အဓိကအလှည့်အပြောင်း ဖြစ်စေခဲ့သည်။
AA သည် စစ်တိုက်ရုံတင်မကဘဲ သိမ်းပိုက်ရရှိထားသော မြို့နယ်များတွင် အာရက္ခပြည်သူ့အစိုးရ (ULA) အဖြစ် အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ လုံခြုံရေးနှင့် ကျန်းမာရေးကဏ္ဍများကို ချက်ချင်းအစားထိုး လည်ပတ်နိုင်ခဲ့သည်။ ၎င်းသည် လူထုကို တည်ငြိမ်မှုပေးနိုင်ရုံသာမက စစ်အုပ်စု ၏ အုပ်ချုပ်ရေးယန္တရား ပျက်ပြားသွားအောင် လုပ်ဆောင်နိုင်ခဲ့သဖြင့် စစ်ရေးအရ ပိုမိုခိုင်မာလာခြင်း ဖြစ်သည်။
ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!