မြန်မာတွင် နေထိုင်သူ သုံးပုံနှစ်ပုံကျော်သည် ဆင်းရဲမွဲတေမှုဒဏ်ကို ခံနေရ သို့မဟုတ် ဆင်းရဲမွဲတေမှုအန္တရာယ်နှင့် ရင်ဆိုင်လာရဖို့ ရှိသည်ဟု ကြာသပတေးနေ့က ထုတ်ပြန်သည့် ကုလသမဂ္ဂ အစီရင်ခံစာတခုတွင် ဖော်ပြထားသည်။
နိုင်ငံတစ်ဝန်းတွင် လက်နက်ကိုင်ပဋိပက္ခများ၊ အခြေခံဝန်ဆောင်မှုများအကန့်အသတ်သာ ရရှိ နေခြင်းနှင့် စီးပွားရေး မတည်ငြိမ်မှုများကြောင့် ချို့တဲ့နွမ်းပါးမှုများ ပိုမိုနက်ရှိုင်းလာခြင်းဖြစ်သည်။
ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP) ၏ အဆိုအရ လူဦးရေ၏ ၃၂.၆ % ဖြစ်သော လူပေါင်း ၁၈ သန်းနီးပါးမှာ ဆင်းရဲမွဲတေလျက်ရှိပြီး နောက်ထပ် လူဦးရေ ၁၉.၅ သန်းမှာလည်း ဆင်းရဲမွဲတေမှုအန္တရာယ်နှင့် ကြုံတွေ့နိုင်ခြေရှိနေသည်။ ထို့ကြောင့် ဆင်းရဲမွဲတေမှုဒဏ်ခံနေရသူ သို့မဟုတ် ဆင်းရဲမွဲတေမှုအန္တရာယ်နှင့် ရင်ဆိုင်နေရသူ စုစုပေါင်းအရေအတွက်မှာ လူပေါင်း ၃၇ သန်းကျော် သို့မဟုတ် လူဦးရေ၏ ၆၈ % အထိ ရှိလာခဲ့သည်။
"မြန်မာနိုင်ငံမှာ လူသားချင်းစာနာထောက်ထားမှုနဲ့ ဖွံ့ဖြိုးတိုးတက်မှု များကို မလုပ် နိုင် တော့အောင် ပျက်စီးသွားခဲ့ရသည် အထိ ဆင်းရဲမွဲတေမှုရဲ့ အနက်ရှိုင်းဆုံးအဆင့်ကို ကျွန်မတို့ မြင်တွေ့နေရပါတယ်" ဟု ကုလသမဂ္ဂ လက်ထောက်အထွေထွေအတွင်းရေးမှူးချုပ်နှင့် UNDP အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး ကန်နီ ဝစ်ဂ်နာရာဂျာ က ပြောကြားခဲ့သည်။ ထို့အပြင် "ဒါဟာ ဘယ်သူမှမနိုင်တဲ့ စစ်ပွဲဖြစ်ပြီး အားလုံး ရှုံးနိမ့်နေကြပါတယ်။ နိုင်ငံရဲ့ အဓိကကျတဲ့ အင်အားစုတွေဟာ စနစ်တကျ ပြိုလဲပျက်စီးနေပါတယ်" ဟုလည်း ဖြည့်စွက်ပြောဆိုခဲ့သည်။
ဤ UNDP အစီရင်ခံစာသည် နိုင်ငံတစ်ဝန်းရှိ အိမ်ထောင်စု ၇,၄၆၃ စုကို ဖုန်းဖြင့် ဆက်သွယ်မေးမြန်းမှု အပေါ် အခြေခံထားခြင်းဖြစ်သည်။ ၎င်းကို ပြုပြင်မွမ်းမံထားသော 'ဘက်စုံဆင်းရဲမွဲတေမှုအညွှန်းကိန်း' (Multidimensional Poverty Index) အသုံးပြု၍ တွက်ချက်ထားခြင်းဖြစ်ပြီး ဝင်ငွေတခုတည်းကိုသာမက ကျန်းမာရေး၊ ပညာရေးနှင့် လူနေမှုအဆင့်အတန်း စသည့် ကဏ္ဍစုံတွင် ထပ်ဆင့်ကြုံတွေ့နေရသည့် လိုအပ်ချက်များနှင့် ချို့တဲ့မှုများကိုပါ ထည့်သွင်းတိုင်းတာထားခြင်းဖြစ်သည်။
ပဋိပက္ခဖြစ်ပွားရာ ဒေသများတွင် ကျန်းမာရေးစောင့်ရှောက်မှု၊ သင့်တော်သော အိုးအိမ်အဆောက်အအုံ၊ သန့်ရှင်းသောသောက်သုံးရေ၊ မိလ္လာစနစ်နှင့် အခြားမရှိမဖြစ်လိုအပ်သော အခြေခံဝန်ဆောင်မှုများ ရရှိရန် ခက်ခဲနေခြင်းတို့ ကြောင့်၊ ကျန်းမာရေးနှင့် လူနေမှုအဆင့်အတန်းဆိုင်ရာ ချို့တဲ့မှုများသည် တိုင်းတာရရှိသည့် ဆင်းရဲမွဲတေမှု စုစုပေါင်း၏ ၈၀% ကျော်အထိ ရှိနေကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
ပညာရေးအဆင့်အတန်း နိမ့်ကျခြင်း၊ အလုပ်အကိုင်မတည်ငြိမ်ခြင်းနှင့် ဝင်ငွေနည်းပါးခြင်းတို့သည် လည်း နိုင်ငံတဝန်းတွင် ချို့တဲ့နွမ်းပါးမှုများကို ဖြစ်ပေါ်စေကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
စီးပွားရေးနှင့် သဘာဝဘေးအန္တရာယ် ရိုက်ခတ်မှုများ ထပ်ခါတလဲလဲ ကြုံတွေ့နေရခြင်းက ဆင်းရဲမွဲတေမှုကို ပိုမိုနက်ရှိုင်းစေကာ အယ်လ်နီညို (El Niño) ရာသီဥတုဖြစ်စဉ်ကြောင့်လည်း ထိုဖိအားများ ပိုမိုပြင်းထန်လာနိုင်သည်ဟု ခန့်မှန်းထားသည်။ သဘာဝအလျောက် ဖြစ်ပေါ်တတ်သော ဤရာသီဥတုဖြစ်စဉ်သည် မိုးရွာသွန်းမှုကို ကမောက်ကမဖြစ်စေနိုင်ပြီး ကမ္ဘာ့အပူချိန်ကိုလည်း မြင့်တက်စေနိုင်သည်။
ထို့အပြင် နိုင်ငံအတွင်း အခွင့်အလမ်း နည်းပါးခြင်းနှင့် ပညာရေး၊ အလုပ်အကိုင်နှင့် ရွှေ့ပြောင်းသွားလာနိုင်မှုဆိုင်ရာ အနာဂတ်မျှော်လင့်ချက်များကို ကန့်သတ်နေသည့် မရေရာမှုများ ပိုမိုကြီးထွားလာခြင်းကြောင့် ၂၀၂၁ ခုနှစ်ကတည်းက မြန်မာနိုင်ငံမှ လူငယ်အနည်းဆုံး ၁ သန်းခန့် ထွက်ခွာသွားခဲ့ကြောင်းနှင့် ၎င်းကြောင့် လူသားအရင်းအမြစ် ဆုံးရှုံးမှုများ ပိုမိုတိုးပွားလာနေကြောင်း UNDP က သတိပေးပြောကြားထားသည်။
တနင်္လာနေ့ နိုင်ငံပိုင်မီဒီယာများ၏ ဖော်ပြချက်အရ မင်းအောင်လှိုင်က ဤကဲ့သို့ စီးပွားရေးနှေးကွေးရခြင်းမှာ နိုင်ငံရေးမတည်ငြိမ်မှု၊ ပိတ်ဆို့အရေးယူမှုများ၊ ဘဏ္ဍာရေးအကူအညီ ကင်းမဲ့မှု၊ နိုင်ငံတကာစျေးကွက်များသို့ ဝင်ရောက်နိုင်မှု ကန့်သတ်ချက်ရှိခြင်း၊ ကုန်သွယ်မှု ကျဆင်းခြင်းနှင့် လုပ်သားရွှေ့ပြောင်းသွားလာမှု တိုးလာခြင်း တို့ကြောင့်ဖြစ်ကြောင်း အကြောင်းပြ ပြောဆိုခဲ့သည်။
အမှန်စင်စစ်တွင် ၎င်း စစ်အာဏာသိမ်းမှုသည်သာ လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးမတည်ငြိမ်မှု၊ လက်နက်ကိုင်ပဋိပက္ခများနှင့် လူမှုစီးပွားဘဝ ပြိုလဲမှုအားလုံး၏ အဓိက အကြောင်းရင်း ရင်းမြစ် ဖြစ်သည်။ အာဏာမသိမ်းမီ ၂၀၁၁-၂၀၁၉ ခုနှစ်များတွင် နိုင်ငံတကာ အစီရင်ခံစာများ အရ မြန်မာ့စီးပွားရေးသည် ပျမ်းမျှ ၆% ခန့် တစိုက်မတ်မတ် တိုးတက်ခဲ့ပြီး ဆင်းရဲမွဲတေမှုနှုန်း သိသိသာသာ ကျဆင်းခဲ့သော်လည်း၊ အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာသော အကျိုးဆက်များက ထိုတိုးတက်မှုများကို ပြောင်းပြန်လှန် ပျက်စီးစေခဲ့ခြင်းဖြစ်သည်။
အမေရိကန်နှင့် အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုများသည် မြန်မာပြည်သူလူထု တရပ်လုံးကို ထိခိုက်စေရန် ရည်ရွယ်ခြင်းမဟုတ်ဘဲ၊ စစ်ကောင်စီ၏ လက်နက်ဝယ်ယူမှုနှင့် ဘဏ္ဍာရေးအရင်းအမြစ်များကိုသာ ပစ်မှတ်ထား ကန့်သတ်ခြင်း ဖြစ်သည်။ ကမ္ဘာ့ဘဏ်နှင့် စီးပွားရေးလေ့လာသူများ၏ ထောက်ပြချက်အရ မြန်မာ့စီးပွားရေး ကျဆင်းရခြင်းမှာ ပိတ်ဆို့မှုထက် စစ်ကောင်စီ၏ လွဲမှားသော စီးပွားရေးမူဝါဒများနှင့် စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်း ကြောင့် ဖြစ်သည်။ ဥပမာ- သွင်းကုန်/ထုတ်ကုန် လိုင်စင်စည်းမျဉ်းများကို ခဏခဏ ဆိုသလို ပြောင်းလဲခြင်း နှင့် ငွေကြေးအဆမတန် ရိုက်နှိပ်ခြင်းတို့ကြောင့် ငွေကြေးဖောင်းပွမှုနှင့် ကုန်ဈေးနှုန်း ကြီးထွားလာခြင်း ဖြစ်သည်။
လုပ်သားများ ပြည်ပသို့ အစုလိုက်အပြုံလိုက် ထွက်ခွာရခြင်းမှာ ၎င်းတို့ တွန်းပို့ ခဲ့ခြင်းကြောင့် ဖြစ်သည်။ အထူးသဖြင့် ၂၀၂၄ ခုနှစ်တွင် စတင်ကျင့်သုံးခဲ့သော မသင်မနေရ စစ်မှုထမ်းဥပဒေကြောင့် လူငယ်များနှင့် ပညာတတ် လုပ်သားထု သည် နိုင်ငံအတွင်း အနာဂတ် အတွက် မျှော်လင့်ချက် ဗလာနတ္ထိ ဖြစ်လာနေသည်ကို ကောင်းစွာ သဘော ပေါက်လာ၍ ပြည်ပသို့ နည်းလမ်းမျိုးစုံဖြင့် ထွက်ခွာခဲ့ကြသည်။ ယင်းသည် ဘယ်သူ မပြု မိမိမှု ဆိုသလို ၎င်းတို့ ဖန်တီးခဲ့သော အခြေအနေကြောင့် ဖြစ်ပြီး၊ နိုင်ငံ၏ စီးပွားရေးအင်ဂျင်ကို အားနည်းသွားစေသည့် အဓိကအချက် ဖြစ်လာခဲ့သည်။
သို့ဆိုက စစ်မှု ထမ်း သက်တမ်း ပြည့်သော လူငယ်များကို ပြည်တွင်း တွင် အလုပ်အကိုင် ဖန်တီးမပေးဘဲ အဘယ်ကြောင့် ဂျပန်၊ ကိုရီယား၊ စင်္ကာပူ သို့ ပို့မည်ဟု မြူဆွယ် နေရပေသနည်း။
မနေ့က သတင်းအရ ၎င်းတို့အား ထောက်ခံနေပါသည် ဆိုသော် အဓိက မဟာမိတ် ဘဲလာရုစ် အစိုးရ ဘဏ်တိုက်ကြီး နှစ်ခုက ၎င်းတို့ ထွက်ကုန်များကို ဝယ်ယူ နိုင်ရန် ထုတ်ချေးမည့် ချေးငွေကို အတိုးနှုန်း ၉.၃၃ ရာနှုန်း အထိ ယူမည်ဟု ကမ်းလှမ်းလာခဲ့သည်။ ပုံမှန်အားဖြင့် ထိုသို့ ချေးငွေမျိုးသည် ၂% မှ ၅% ဝန်းကျင်သာ ရှိ ပေသည်။
လာရောက် ရင်းနှီးမြုပ်နှံဖို့ နေနေသာသာ ချေးငွေကိုပင် မတန်တဆ နှုန်းထားဖြင့် ထုတ်ချေးရန် ကမ်းလှမ်းခဲ့ခြင်း ဖြစ်သည်။ ဤသည်ကပင် ၎င်းတို့ အပေါ် ထားရှိသော သဘောထားက ပေါ်လွင် နေပေသည်။ စီးပွားရေးပြိုလဲနေပြီး ချေးငွေပြန်ဆပ်နိုင်စွမ်း အလွန်နည်းပါးသည်ဟု သတ်မှတ်ထား၍ အတိုးနှုန်း အမြင့်ဆုံး ယူကာ ထုတ်ချေးခြင်း ဖြစ်သည်။ အရပ်စကား ဖြင့် ဆိုရက အပေါင်ပစ္စည်း မပါသော အလွတ် ထုတ်ချေးမှု မျိုးသာ ဖြစ်သည်။ လွန်စွာမှပင် ခေါင်းပုံဖြတ်သော (သို့မဟုတ်) အကျပ်အတည်းကို အခွင့်ကောင်းယူသော အတိုးနှုန်းမျိုး ဖြစ်ပေသည်။
ကမ္ဘာ့ဘဏ် နှင့် CEIC (Cambridge Economic Indicators Company) တို့၏ နောက်ဆုံးရ စာရင်းဇယားများအရ မြန်မာနိုင်ငံ၏ စုစုပေါင်း ပြည်ပကြွေးမြီ မှာ အမေရိကန်ဒေါ်လာ ၁၁.၂ ဘီလီယံ ခန့် ရှိ နေသည်ဟု သိရသည်။ ထိုအထဲမှ ၄၀% နီးပါး (ဒေါ်လာ ၄ ဘီလီယံကျော်) ကို တရုတ်နိုင်ငံ တနိုင်ငံတည်းသို့ ပေးဆပ်ရန် ရှိနေပြီး တရုတ်သည် မြန်မာ့အကြီးဆုံး ကြွေးရှင်ဖြစ်လာသည်။
စစ်အုပ်စု သည် အနောက်နိုင်ငံများ၏ ပိတ်ဆို့မှုကြောင့် အမေရိကန်ဒေါ်လာ သုံးစွဲခွင့် ပိတ်ပင်ခံထားရသဖြင့် ရုရှား - တရုတ် - ဘီလာရုစ် ဟူသော မဟာမိတ်သုံးနိုင်ငံ၏ ငွေကြေးနှင့် အကြွေးစနစ် ကွန်ရက်ကြီး အတွင်းသို့ လုံးလုံးလျားလျား သက်ဆင်းဝင်ရောက်သွားခြင်းပင် ဖြစ်သည်။
ယခုကဲ့သို့ ဘီလာရုစ်နိုင်ငံထံမှ အတိုးနှုန်း ၉.၃၃% အထိ မြင့်မားသော ပို့ကုန်ချေးငွေမျိုးကို ထပ်မံရယူပါက ရှေ့လျှောက် မြန်မာနိုင်ငံ၏ ပြည်ပကြွေးမြီ ဝန်ထုပ်ဝန်ပိုးသည် ပိုမိုဆိုးရွားလာကာ တိုင်းပြည်၏ ဘဏ္ဍာရေးကို နှစ်ပေါင်းများစွာအထိ ဆွဲချသွားနိုင်ကြောင်း စီးပွားရေးပညာရှင်များက သတိပေးထားကြသည်။
မင်းအောင်လှိုင်က တော့ ထိုသို့ ပြောဆိုနေမှု များကို တန်ပြန် နိုင်ရန် ရန်ကုန်တက္ကသိုလ်မှ ဂုဏ်ထူးဆောင် ပြည်သူ့ရေးရာစီမံခန့်ခွဲမှုပါရဂူဘွဲ့ ကို ချီးမြှင့် ခိုင်းခဲ့သည်။
ဆိုလိုသည်က တကယ်တမ်း စီမံခန့်ခွံမှု အလွဲလွဲ အချော်ချော် ဖြစ်နေပါက ရန်ကုန် တက္ကသိုလ် ရှိ ကဝိ အကျော်အမော် ပညာရှင်ကြီးများက အဘယ်ကြောင့် ထိုသို့သော ဘွဲ့ကို မိမိအား ချီးမြှင့် အပ်နှင်းကြပေမည်နည်း၊ ဤနည်း မျိုး ဖြင့် ၎င်း၏ စီးပွားရေးနှင့် နိုင်ငံရေး ကျရှုံးမှုများအပေါ် လူထုဝေဖန်ချက်များကို ဖုံးကွယ်ရန် နှင့် ၎င်းအား ထောက်ခံ နေသူများ အပေါ် ဝါဒ ရေးရာ စစ်ပွဲ ဆင်နွှဲလိုက်ခြင်းပင် မဟုတ်ပါလား။
ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!