စစ်အုပ်စု၏ မူဝါဒများနှင့် ငွေကြေးဖောင်းပွမှုကြောင့် ရန်ကုန်တွင် ရွှေဈေးနှင့် ငွေကြေးတန်ဖိုး မငြိမ်မသက်မှုများ ဖြစ်ပေါ်နေပြီး ပြည်သူများနှင့် ရင်းနှီးမြှုပ်နှံသူများသည် ရွှေအစား အိမ်ခြံမြေများ ဘက်သို့ ဦးလှည့် လာကြရာမှ အိမ်ခြံမြေဈေးကွက်မှာ အထူးမြင့်တက် လာပြီး ဈေးနှုန်းများလည်း အဆမတန် မြင့်တက်လျက်ရှိသည်။
ရန်ကုန်မြို့ခံ အိမ်ခြံမြေဝယ်ယူသူ ကိုမိုးမြင့်က “ကျွန်တော်တို့က အရင်တုန်းက ရွှေကိုပဲ ရင်းနှီးမြှုပ်နှံခဲ့ကြတာပါ။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ အိမ်ခြံမြေက ဈေးနှုန်း အတက်အကျ ဒဏ်ကို ရွှေထက် ပိုခံနိုင်ရည်ရှိတယ်ဆိုတာကို တွေ့လာရတယ်။ ဒါကြောင့် အခုဆိုရင် အိမ်ခြံမြေဘက်မှာပဲ ဆက်လက် ရင်းနှီးမြှုပ်နှံနေပါတယ်” ဟု ပြောခဲ့သည်။
နိုင်ငံတွင်း ငွေကြေးဖောင်းပွမှု မြင့်တက်လာပြီး ကုန်ဈေးနှုန်းများ ကြီးမြင့်လာမှုနှင့်အတူ ရင်းနှီးမြှုပ်နှံသူများအနေဖြင့် လက်ရှိပိုင်ဆိုင်ထားသည့် အိမ်ခြံမြေများကို ပြန်လည်ရောင်းချရန် ဝန်လေးနေကြကြောင်း သိရသည်။ “ကိုယ့်လက်ထဲက အိမ်ခြံမြေကို ထုတ်လိုက်ပြီဆိုရင် ကိုယ့်ရဲ့ ငွေကြေးတန်ဖိုးက ကျုံ့သွားတော့တာပဲ” ဟု ကိုမိုးမြင့်က ဖြည့်စွက်ပြောဆိုသည်။
ကိုမိုးမြင့်သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှစတင်၍ မြန်မာနိုင်ငံအနှံ့အပြားတွင် မြေယာများကို စတင်ဝယ်ယူခဲ့ပြီး၊ နောက်ပိုင်းတွင် ရန်ကုန်မြို့တွင်းသို့ ဦးလှည့် ရင်းနှီးမြှုပ်နှံခဲ့သည်။ လက်ရှိအချိန်အထိ သူနှင့် သူ၏ မိတ်ဆွေအချို့ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁ သန်းနီးပါးကို အိမ်ခြံမြေကဏ္ဍတွင် အတူတကွ ရင်းနှီးမြှုပ်နှံထားပြီး ဖြစ်သည်။
ကမ္ဘာ့ဘဏ်၏ ၂၀၂၆ ခုနှစ် ဇွန်လထုတ် မြန်မာ့စီးပွားရေး စောင့်ကြည့်လေ့လာမှု (Myanmar Economic Monitor) အစီရင်ခံစာအရ ယင်းသည် ချံ့ကား ပြောဆိုနေခြင်း မဟုတ်ပေ။
၂၀၂၁ ခုနှစ်တွင် ရန်ကုန်မြို့၏ အချက်အချာကျသော နေရာ တနေရာ ရှိ ဓာတ်လှေကားမပါ (၈၄ စတုရန်းမီတာ) တိုက်ခန်းတခန်းကို ကျပ်ငွေ ၇၅ သိန်း (ထိုစဉ်က ပေါက်ဈေးအရ အမေရိကန်ဒေါ်လာ ၃၀,၀၀၀၊ လက်ရှိတရားဝင်မဟုတ်သော ပေါက်ဈေးအရ ဒေါ်လာ ၁၇,၉၀၀) ဖြင့် ဝယ်ယူခဲ့ရသည်။)
လက်ရှိအချိန်တွင် ယင်းတိုက်ခန်း၏ တန်ဖိုးမှာ ကျပ်သိန်း ၃၀၀ (လက်ရှိပေါက်ဈေးအရ တစတုရန်းမီတာလျှင် အမေရိကန်ဒေါ်လာ ၈၅၀ ခန့်) အထိ မြင့်တက်သွားခဲ့သည်။
ဘန်ကောက်နှင့် နှိုင်းယှဉ်မည် ဆိုက Condodee Realty ကုမ္ပဏီ၏ ပြီးခဲ့သည့်နှစ်ကုန်ပိုင်း စာရင်းများအရ ဘန်ကောက်မြို့၏ စီးပွားရေးဗဟိုချက်မနှင့် အနည်းငယ်ဝေးသော ရပ်ကွက်များရှိ စံချိန်မီ တိုက်ခန်းသစ်များ၏ ဈေးနှုန်းမှာ တစတုရန်းမီတာလျှင် ဘတ် ၁၅၀,၀၀၀ (လက်ရှိငွေလဲနှုန်းအရ အမေရိကန်ဒေါ်လာ ၄,၅၀၀) အထိ ရှိနေကြောင်း သိရသည်။
မန္တလေးမြို့ခံတစ်ဦးက "သာမန်လူတန်းစားတွေအနေနဲ့ အခုဆိုရင် ဝင်းနဲ့ခြံ နဲ့ နေဖို့ဆိုတာ မေ့ထားလိုက်ရပါတော့မယ်" ဟု ပြောဆိုခဲ့ပြီး အိမ်ခြံမြေဈေးနှုန်း မြင့်တက်မှုကြောင့် သာမန်ပြည်သူများအတွက် အိမ်ပိုင်ဆိုင်ရန် ပိုမိုခက်ခဲလာကြောင်း သိရသည်။
ကမ္ဘာ့ဘဏ်၏ ၂၀၂၆ ခုနှစ် ဇွန်လ အစီရင်ခံစာအရ ၂၀၂၆ ခုနှစ် မတ်လကုန်အထိ ဘဏ္ဍာနှစ်တွင် မြန်မာ့စီးပွားရေးသည် ၂ ရာခိုင်နှုန်း ကျဆင်းခဲ့ ကြောင်း သိရသည်။
အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ၏ ခန့်မှန်းချက်အရ လက်ရှိနှစ်တွင် ငွေကြေးဖောင်းပွမှုနှုန်းမှာ ပျမ်းမျှ ၂၄ ရာခိုင်နှုန်း အထိ ရှိနေသည်ဟု ဆိုသည်။
ပြည်ပမှ တင်သွင်းမှု ကန့်သတ်ချက်များ၊ နိုင်ငံခြားငွေ ရှားပါးမှု၊ ကျယ်ပြန့်သော ဒဏ်ခတ်ပိတ်ဆို့မှုများနှင့် ၅ နှစ်တိုင်တိုင် ဖြစ်ပွားနေသော ပြည်တွင်းစစ်ပွဲတို့ကြောင့် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများသည် မနိုင်ရင်ကာ ဝန်ထုပ်ဝန်ပိုး ကြီး ထမ်းရွက် နေရပြီ ဖြစ်သည်။
နိုင်ငံတွင်း အိမ်ခြံမြေနှင့် မြေဈေးကွက် အဆမတန် တိုးမြင့်လာနေခြင်းမှာ နိုင်ငံ၏ ကျယ်ပြန့်သော စီးပွားရေး အခြေအနေဆိုးရွားမှုများနှင့် တိုက်ရိုက် သက်ဆိုင်နေသည်။
စစ်အုပ်စုသည် နိုင်ငံခြားငွေများ ၎င်းတို့လက်ဝယ် တွင် ရှိနေရန် ပြည်ပသွင်းကုန်များကို တင်းကျပ်လာခဲ့သည်။
မင်းအောင်လှိုင်သည် အမည်ခံအရပ်သား သမ္မတအဖြစ် စတင်တာဝန်ယူသည့် ပထမသုံးလတာကာလဖြစ်သော ၂၀၂၆ ခုနှစ်၊ ဧပြီလမှ ဂျူလိုင်လအထိ "ရက် ၁၀၀ တိုးတက်ရေး" လှုပ်ရှားမှုကို လုပ်ဆောင်ခဲ့သည်။ အဆိုပါ ကာလအတွင်း ရန်ကုန်နှင့် မန္တလေးမြို့များသို့ တရားဝင် ကုန်စည်တင်သွင်းမှုများမှာ လုံးဝနီးပါး ရပ်တန့်သွားခဲ့ကြောင်း ကုန်သည်များက ပြောကြားခဲ့ကြသည်။ တရားဝင်လမ်းကြောင်းမဟုတ်ဘဲ ဝင်ရောက်လာသည့် ကုန်စည်များကိုလည်း စစ်အုပ်စုက မကြာခဏ ဖမ်းဆီးထိန်းသိမ်းခဲ့သည်။
လက်ရှိအခြေအနေ၌ တင်သွင်းခွင့်လိုင်စင်ရယူရန်မှာ မဖြစ်နိုင်သလောက် နီးပါးခက်ခဲနေကြောင်း မော်တော်ယာဉ် အပိုပစ္စည်း တင်သွင်းသူတဦးက ဆိုသည်။ ကုန်ပစ္စည်းများကို ရနိုင်သည့် နည်းလမ်းမျိုးစုံဖြင့် နယ်စပ်မှတဆင့် သွင်းယူနေကြရသည်။ ယင်းကြောင့် တင်ပို့လာသည့် ကုန်စည်များသည် နယ်စပ်လမ်းကြောင်းတစ်လျှောက်တွင် ပြန့်ကျဲနေပြီး ကုန်သည်များအနေဖြင့် "ကြက်ဆန်စေ့ကောက်သကဲ့သို့" အပိုင်းလိုက်၊ အစအနလိုက် စုဆောင်းယူနေရသည်ဟု ပင် ပြောခဲ့ကြသည်။
ကုန်စည်စီးဆင်းမှု ခက်ခဲလာပြီး ရောင်းစရာ ကုန်ပစ္စည်းများ မရှိတော့သဖြင့် ကုန်သည်များအနေဖြင့် ကုန်သွယ်လုပ်ငန်းများတွင် သုံးစွဲရမည့် ငွေကြေးများကို မြေယာနှင့် အိမ်ခြံမြေကဏ္ဍဘက်သို့ အစားထိုး ရင်းနှီးမြှုပ်နှံလာကြကြောင်း Nikkei Asia တွင် ရေးသားထားသည်။
ရန်ကုန်ရှိ 365 Real Estate Group မှ ကိုဂျက် ၏ အပြောအရ ၂၀၂၁ နှင့် ၂၀၂၆ အိမ်ခြံမြေဈေးနှုန်းများမှာ အဆမတန် ကွာခြားသွားခဲ့ပြီး၊ ၂၀၂၂ ခုနှစ်အထိသာ ဈေးကွက်မှာ ငြိမ်သက်နေခဲ့ကြောင်း သိရသည်။
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးနှုန်းများသည် တနှစ်လျှင် ၄၀ ရာခိုင်နှုန်းမှ ၆၀ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ပြီး၊ ၂၀၂၁ ခုနှစ်မှစ၍ ဈေးနှုန်းများမှာ လေးဆခန့်အထိ မြင့်တက်သွားခဲ့ခြင်းမှာ မှန်ကန်ကြောင်း အတည်ပြု ပြောဆို ခဲ့ကြသည်။
ရန်ကုန်ရှိ နာမည်ကြီး အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက Nikkei Asia သို့ ပြောကြားရာတွင် စီးပွားရေးလုပ်ငန်းရှင်များသည် ငွေကြေးများကို ဘဏ်များတွင် ဆက်၍ သိမ်းထားရန် ဝန်လေး နေကြသည်ဟု ဆိုသည်။
ငွေကြေးဖောင်းပွမှု ကြီးထွားလာခြင်းနှင့် မတည်ငြိမ်မှုများကြောင့် ၎င်းတို့၏ စုဆောင်းငွေများမှာ ပရုပ်လုံး ကဲ့သို့ လေထဲတွင် ပျောက်ကွယ်သွားမည်ကို စိုးရိမ်နေကြသဖြင့် အိမ်ခြံမြေများ ထဲသို့ ငွေကြေးများကို အလုံးအရင်းဖြင့် ရင်းနှီးမြှုပ်နှံနေကြသည်။
ပို့ကုန်ရရှိငွေများကို လက်ဝယ်ပိုင်ဆိုင်ထားသည့် ကုမ္ပဏီများနှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ယင်းငွေကြေးများကို အခြား အသုံးချစရာ နည်းလမ်းများ မရှိသလောက် နည်းပါးနေခြင်းကလည်း အိမ်ခြံမြေဘက်သို့ ငွေများ ပိုမိုစီးဝင်လာစေသည့် အဓိက အကြောင်းရင်းတရပ် ဖြစ်သည်ဟုဆိုသည်။
ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာအရ ၂၀၂၅ ခုနှစ် မတ်လအထိ ငါးနှစ်တာ ကာလအတွင်း ဘဏ်များရှိ လက်လီစုဆောင်းငွေများမှာ ဆက်တိုက် ကျဆင်းခဲ့သည်။
ငွေကြေးဖောင်းပွမှု နှုန်း ကို ထည့်သွင်း တွက်ချက်မည် ဆိုပါက အစစ်အမှန် အတိုးနှုန်း များမှာ သုညအောက် ကျဆင်းသွားခဲ့၍၊ ပြည်သူများအနေဖြင့် ငွေများကို ဘဏ်များတွင် အပ်နှံမည့်အစား ငွေသားကိုသာ ဆက်လက် သိမ်းဆည်းစုဆောင်းနေကြသည်။
အိမ်ခြံမြေဈေးကွက်ကို ငွေကြေးခဝါချမှု သို့မဟုတ် ကျားဖြန့် များမှ ငွေကြေးများ ဝင်ရောက်လာခြင်း ကြောင့် ဖြစ်ရသည် ဟူသော အထောက်အထားများ မတွေ့ရဘဲ၊ အပ်နှံသူများကို သင့်တင့်သော အတိုးနှုန်း ပြန်မပေးနိုင်တော့သည့် ဘဏ်များနှင့် စီးပွားရေးလုပ်ငန်းကြီးများ ကိုယ်တိုင်က မြေယာများကို ဝယ်ယူစုဆောင်းနေကြခြင်းကြောင့် ဈေးနှုန်းများ ပိုမိုမြင့်တက်လာနေကြောင်း အိမ်ခြံမြေ အကျိုးဆောင်များက ဆိုသည်။
၎င်းတို့၏ အပြောအရ မြေကွက်အကြီးစားများကို ရောင်းချပြီးနောက် ရရှိလာသည့် ငွေသားများကို ဝယ်သူများအနေဖြင့် အခြားသော မြေကွက်ငယ်လေးများတွင် ချက်ချင်းဆိုသလို ပြန်လည် ရင်းနှီးမြှုပ်နှံလေ့ရှိကြသည်။
သံရုံးများနှင့် စီးပွားရေးလုပ်ငန်းကြီးများ တည်ရှိရာ အင်းယား လမ်းပေါ်တွင် ပေ (၄၀ × ၆၀) ရှိ မြေကွက်တကွက်လျှင် (တရားဝင်မဟုတ်သော ငွေလဲနှုန်းဖြင့် တွက်ချက်ပါက) အမေရိကန်ဒေါ်လာ ၄.၆ သန်းမှ ၄.၉ သန်း အထိ ရှိကြောင်း အကျိုးဆောင်များနှင့် အရောင်းအဝယ်သမားများက ဈေးနှုန်းသတ်မှတ်ထားကြသည်။
ကမ္ဘာအေးဘုရားလမ်းပေါ်တွင်လည်း ယင်းကဲ့သို့ အကျယ်အဝန်း ရှိသည့် မြေကွက်တကွက်လျှင် အမေရိကန်ဒေါ်လာ ၂.၈ သန်းမှ ၃.၇ သန်း အထိ ဈေးပေါက်နေကြောင်း သိရသည်။
ဝယ်ယူသူအများစုသည် ငွေသားကိုသာ အဓိကထား ပေးချေကြသည်။ ဘဏ်ချေးငွေများကို အသုံးပြု၍ ဝယ်ယူမှုမှာ အရောင်းအဝယ် စုစုပေါင်း၏ ၃၀ ရာခိုင်နှုန်းခန့်သာ ပါဝင်သည်။
အိမ်ခြံမြေကွက်များကို တရားဝင် မီဒီယာများ သို့မဟုတ် လူသိရှင်ကြား ကြော်ငြာခြင်း အလွန်နည်းပါးပြီး၊ အများစုမှာ ပါးစပ်စကားဖြင့် လက်ဆင့်ကမ်း အသိပေးသည့် နည်းကိုသာ အဓိကထား လုပ်ကိုင်ကြသည်။
အများစုမှာ နယ်ပယ်အသီးသီးမှ လာကြသူများ ဖြစ်ကြသည်။ အချို့မှာ စီးပွားရေးလုပ်ငန်းရှင်များ ဖြစ်ကြပြီး၊ အချို့မှာ ဘဏ်များနှင့် ရွှေဈေးကွက်မှ ငွေများကို ထုတ်ယူကာ ပြောင်းရွှေ့လာကြသူ များ ဖြစ်ကြသည်။ ထို့အပြင် တရားဝင် တင်သွင်းခွင့်လိုင်စင် လဲလှယ်၍ မရတော့သည့် ပို့ကုန်ဝင်ငွေများကို ကိုင်ဆောင်ထားသူများကလည်း အိမ်ခြံမြေဈေးကွက်ထဲသို့ ဝင်ရောက်လာကြသည်။
ဘဏ်မှတစ်ဆင့် လွှဲပြောင်းငွေပေးချေမှု အလွန်ရှားပါးပြီး၊ ငွေသား အထူးသဖြင့် အမေရိကန်ဒေါ်လာ ကိုသာ ဦးစွာ လက်ငင်း ပေးချေကြသည်။
မြေယာပိုင်ဆိုင်မှု စာရွက်စာတမ်း အမည်ပြောင်းခြင်းနှင့် ဥပဒေပိုင်းဆိုင်ရာ လုပ်ငန်းစဉ်များကိုမူ နောက်မှသာ လုပ်ကြသည်။
အိမ်ခြံမြေ ဝယ်ယူသူအများစု (ဥပမာ- ကိုဂျက်၏ ဖောက်သည်များ) အတွက် အိမ်ခြံမြေသည် ၎င်းတို့၏ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုတွင် အရန်လုပ်ငန်းတစ်ခု သို့မဟုတ် ဒုတိယ/တတိယ ဝင်ငွေလမ်းကြောင်းတခု ဖြစ်သည်။ အများစုမှာ အစိုးရ၏ တင်းကြပ်မှုများကြောင့် လုပ်ငန်းလုပ်ကိုင်ရန် ပိုမိုခက်ခဲလာသော်လည်း တတ်နိုင်သမျှ ဆက်လက် ရပ်တည် လုပ်ကိုင်နေဆဲဖြစ်သည်။
ဝယ်ယူသူအများစုမှာ ဝယ်ယူပြီးပြီးချင်း အိမ်ဆောက်ခြင်း သို့မဟုတ် အသစ်ပြန်လည် တည်ဆောက်ခြင်းတို့ကို အဆော တလျှင် မလုပ်ကြ။
အများစုမှာ မြေကွက်အတိုင်း အလွတ်ထားရှိခြင်း သို့မဟုတ် ငှားရမ်းခြင်းကိုသာ ပြုလုပ်ကြပြီး၊ ငှားရမ်းခ ဝင်ငွေရရှိရေးထက် ငွေကြေးတန်ဖိုး ကျဆင်းမှုမရှိစေရန် ငွေလာရောက် သိုလှောင်စုဆောင်းထားသည့် Parking money အဖြစ်သာ အဓိက ရည်ရွယ်ကြသည်။
ငွေကြေးဖောင်းပွမှုနှင့် ကုန်ပစ္စည်းရှားပါးမှုတို့ကြောင့် ဆောက်လုပ်ရေး ကုန်ကျစရိတ်များလည်း အဆမတန် မြင့်တက်လာခဲ့သည်။
ပြီးခဲ့သည့်လအလယ်ပိုင်းက ရန်ကုန်မြို့ရှိ ကန်ထရိုက်တာတဦး၏ ပြောကြားချက်အရ 500-grade Hot Rolled သံချောင်း မက်ထရစ်တန် တတန်လျှင် ကျပ် ၄.၄၅ သန်းမှ ၅.၇၅ သန်းအထိ ဈေးပေါက်နေကြောင်း သိရသည်။ ဤဈေးနှုန်းသည် လွန်ခဲ့သော နှစ်နှစ်က တတန်လျှင် ကျပ် ၁.၃ သန်းခန့်သာ ရှိခဲ့ရာမှ သုံးဆကျော် မြင့်တက်လာခြင်း ဖြစ်သည်။
ပုံမှန် လို လျှပ်စစ်မီး ပြတ်တောက်မှုများ နှင့် စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်သွားပြီးနောက်ပိုင်းတွင် တိုက်ခန်းအဆောက်အအုံများ၏ အရွယ်အစားနှင့် ခံနိုင်စွမ်းအပေါ် အကန့်အသတ်များ လုပ်လာခြင်းများကလည်း ဆောက်လုပ်ရေးကဏ္ဍကြန့်ကြာရသည့် အကြောင်းရင်းများ တွင် ပါဝင်လာသည်။
အိမ်ခြံမြေဈေးကွက် အဆမတန် ထိုးတက်နေမှုကို စစ်အုပ်စုသည် မသိချင်ယောင် ဆောင်နေ၍ မရတော့ဘဲ ဈေးနှုန်းများကို ပြန်လည် ထိန်းချုပ်ရန် ကြိုးပမ်းလာကြသည်။
ဇူလိုင်လ ၃၁ ရက်နေ့ ရွေးတု လွှတ်တော် မိန့်ခွန်းတွင် မင်းအောင်လှိုင်က "သူဌေးသူကြွယ်များသည် ကုန်ထုတ်လုပ်ငန်းများနှင့် လုပ်အားအခြေခံ လုပ်ငန်းများဘက်မှ လှည့်ထွက်သွားကြပြီး အိမ်ခြံမြေ ကောလာဟလ/ခန့်မှန်းချက်ဖြင့် ဈေးကစားခြင်း၊ ရွှေနှင့် တရားမဝင် နိုင်ငံခြားငွေ အရောင်းအဝယ်လုပ်ခြင်းတို့ဖြင့် အမြတ်အစွန်း အမြန်ရှာဖွေရန်သာ ရွေးချယ်နေကြသည်" ဟု ဝေဖန်ပြောကြားခဲ့သည်။
ထို့အပြင် ငွေကြေးကိုင်ဆောင်ထားသူများကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများဘက်တွင် ရင်းနှီးမြှုပ်နှံကြရန် တိုက်တွန်းခဲ့သည်။
ဩဂုတ်လ ၁ ရက် တွင် ရွေးတု အောက်လွှတ်တော်ဥက္ကဋ္ဌ ခင်ရီက ဈေးနှုန်းဖောင်းပွမှုကို ထိန်းချုပ်ရန်၊ အဂတိလိုက်စားမှုကို တိုက်ဖျက်ရန်နှင့် နိုင်ငံတော်ဘတ်ဂျက် ဝင်ငွေတိုးမြှင့်ရန်အတွက် အမျိုးသား အိမ်ခြံမြေအခွန် ဥပဒေ တရပ်ကို ရေးဆွဲသွားမည်ဖြစ်ကြောင်း ပြောလာခဲ့သည်။
ဩဂုတ်လ ၂၀ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး အာဏာပိုင်များက အိမ်ခြံမြေအရောင်းအဝယ်နှင့် ဆောက်လုပ်ရေးဆိုင်ရာ အခွန်တန်ဖိုးများမှာ လက်ရှိပေါက်ဈေးထက် များစွာ လျော့နည်း နေကြောင်း ပြောကြားခဲ့ပြီးနောက်၊ တိုင်းဒေသကြီး စီမံကိန်းဝန်ကြီး မေသန်းနွယ်သည် အထူးအစည်းအဝေး ခေါ်ယူခဲ့ပြီး အခွန်နှုန်းထားများကို လက်ရှိဈေးကွက်တန်ဖိုးနှင့် ပိုမိုနီးစပ်အောင် ပြင်ဆင်နိုင်ရန် ဆွေးနွေးခဲ့ကြသည်။
အိမ်ခြံမြေ ဝယ်ယူသူအများအပြားအနေဖြင့် ၎င်းတို့၏ ငွေကြေးများ မည်သည့်နေရာမှ ရရှိလာသနည်း ဆိုသည်နှင့် ပတ်သက်၍ စစ်ဆေးမေးမြန်းမှုများ ရင်ဆိုင်နေရကြောင်း သတင်းများ ထွက်ပေါ်နေသော်လည်း တရားဝင် အတည်ပြု နိုင်ခြင်း မရှိသေးပေ။
အိမ်ခြံမြေကဏ္ဍမှ လုပ်ကိုင်သူများ၏ ပြောကြားချက်အရ အာဏာပိုင်များ၏ ဤကဲ့သို့သော လုပ်ဆောင်ချက်များနှင့်အတူ မြေယာလွှဲပြောင်းခွန် ကောက်ခံမှုများအား အကဲဖြတ်တန်ဖိုး၏ ၄ ရာခိုင်နှုန်း တင်းကျပ်လာခြင်း က ဈေးကွက်အပေါ် သက်ရောက်မှု ရှိလာခဲ့သည်။
ထို့အပြင် ဝါတွင်းကာလ အတွင်း အရောင်းအဝယ်သည် တစိတ်တပိုင်း နှေးကွေးစေခဲ့သည်။
ရန်ကုန်အကျိုးဆောင်တဦး၏ အဆိုအရ ပွဲစားများ၊ ဝယ်သူများနှင့် ရောင်းချသူများကို နေပြည်တော်သို့ ခေါ်ယူကာ အရောင်းအဝယ် အခွန်အခများကို အပြည့်အဝပေးဆောင်ရန် ဖိအားပေးမှုများ ရှိနေကြောင်း သိရသည်။
အကျိုးဆောင် ကိုဂျက် ၏ ပြောကြားချက်အရ အရောင်းအဝယ်များသည် ဆက်လက် လုပ်ဆောင်နေဆဲဖြစ်သော်လည်း ယခင်ကကဲ့သို့ အရှိန်အဟုန် မကောင်းတော့ကြောင်း သိရသည်။
အခြားအကျိုးဆောင်တဦးက "အထူးသဖြင့် ဩဂုတ်လအစောပိုင်းကစပြီး ခေါ် ဈေးများသည် စျေးကွက်၏ လက်ရှိ ပေါက်ဈေး ထက် ပိုမိုမြင့်မားနေတယ်" ဟု ဆိုသည်။
အိမ်ခြံမြေအခွန် ကောက်ခံမှု ပိုမိုတင်းကျပ်လာခြင်းနှင့် အကဲဖြတ်တန်ဖိုးဆိုင်ရာ စည်းမျဉ်းအသစ်များကြောင့် ဈေးကွက် အေးစက်သွားရခြင်း ဖြစ်ကြောင်း ၎င်းက ထောက်ပြခဲ့သည်။
အင်းယားလမ်း နှင့် ကမ္ဘာအေးဘုရားလမ်း တို့ရှိ အကောင်းစား မြေကွက်များတွင်မူ ဝယ်လိုအားများ ဆက်လက် ရှိနေဆဲဖြစ်သည်။
အခြား နေရာ များတွင်မူ အရောင်းအဝယ်ဖြစ်ရန် အချိန်ပို ကြာလာသည်။ ရောင်းချသူ အချို့သည် ၎င်းတို့၏ ရောင်းရန် ကြေညာထားသည်များကို ပြန်ရုပ်သိမ်းသွားကြပြီး၊ အချို့ကလည်း အိမ်ဝယ်မည့် ကိစ္စ ကို ယာယီ ရွှေ့ဆိုင်းထားကြသည်။ ဝယ်ယူမည် ဆိုကလည်း လက်ရှိတွင် ၎င်းတို့ ကိုယ်တိုင် ပေးဆောင်ရတော့မည့် အခွန်အခများကို ပြန်လည်ကာမိစေရန် ဈေးလျှော့ပေးဖို့ တောင်းဆိုလာကြသည်။
မန္တလေးသို့ စစ်ဘေးရှောင်များ ဝင်ရောက်လာခြင်း ကြောင့် ဝယ်လိုအားနှင့် ငှားရမ်းခ မြင့်တက်လာခဲ့ရ ပြန်သည်။
ကုလသမဂ္ဂ ၏ ဩဂုတ်လ စာရင်းများအရ မြန်မာနိုင်ငံအတွင်း စစ်ဘေးရှောင် စုစုပေါင်းမှာ ၄ သန်းခန့် ရှိပြီး၊ ယင်းတို့အနက် မန္တလေးတိုင်းဒေသကြီးအတွင်း၌သာ ၁၀၇,၀၀၀ ခန့် ပါဝင်နေသည်။
ပထမတွင် ၎င်းတို့၏ မူလဇာတိရပ်ရွာ သို့ ပြန်သွားနိုင်လိမ့်မည်ဟူသော မျှော်လင့်ချက်ဖြင့် အိမ်များကို ငှားရမ်းနေထိုင်ကြသည်။ သို့သော် ထိုမျှော်လင့်ချက်များ တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်လာသည့်အခါမှသာလျှင် အိမ်ခြံမြေ ဝယ်ယူရန်အတွက် စဉ်းစားလာကြသည်။
မြဝတီမြို့တွင်လည်း အိမ်ခြံမြေဈေးနှုန်းများအလွန်အမင်း မြင့်တက်လာခဲ့သည်။ မြဝတီမြို့ခံ ၏ ပြောကြားချက်အရ ၂၀၂၁ ခုနှစ်မှစ၍ မြေယာဝယ်ယူမှု ဈေးနှုန်းရော ငှားရမ်းခများပါ လေးဆခန့် မြင့်တက်သွားခဲ့ ကြောင်း သိရသည်။
အာဏာပိုင်များ၏ လက်ရှိ ထိန်းချုပ်ဆောင်ရွက်မှုများသည် ရေရှည်တွင် အိမ်ခြံမြေဈေးကွက်ကို အေးစက်သွားစေနိုင်ခြင်း ရှိ မရှိနှင့် ပတ်သက်၍ ဝယ်ယူသူများ၊ ရောင်းချသူများနှင့် အကျိုးဆောင်များ အားလုံးက မသေချာမရေရာ ဖြစ်နေကြဆဲ ဖြစ်သည်။
သာမန်ပြည်သူများအတွက်မူ အိမ်ခြံမြေဈေးကွက်မှာ လုံးဝ လက်လှမ်းမမီနိုင်တော့သည့် အနေအထားသို့ ရောက်ရှိနေပြီ ဖြစ်၍ ထို အကြောင်းကို ထည့်စဉ်းစားဖို့ပင် မလိုတော့ပေ။
ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!
(၂၀၂၆ အောက်တိုဘာ ၆ ရက် ထုတ် နစ်ကီ အေးရှား မှ "Myanmar property market booms as prices soar on regime policies, inflation" ဆောင်းပါးကို ပြန်လည် တင်ပြသည်။)