နေပြည်တော်က သူတို့ သုံးဦး

by Hla Soewai - Oct 12 2026

၂၀၂၆ ခုနှစ် စက်တင်ဘာလက နေပြည်တော်တွင် ပြုလုပ်သည့် ကြံ့ခိုင်ရေးပါတီ (USDP) ၏ စတုတ္ထအကြိမ် ပါတီညီလာခံတွင် ဦးခင်ရီ ဥက္ကဋ္ဌအဖြစ် ဆက်လက် ရပ်တည်နိုင်မလားဆိုသည်မှာ စိတ်ဝင်စားစရာ ဖြစ်ခဲ့သည်။ သမ္မတ မင်းအောင်လှိုင်က ပါတီခေါင်းဆောင်ပိုင်းကို အသစ်ပြန်လည် ဖွဲ့စည်းလိုသည်ဟူသော သတင်းများကြောင့် ၎င်း၏ ပြန်လည်အရွေးခံရမှုကို ဦးခင်ရီအနေဖြင့် သမ္မတ၏ ဖိအားကို ကျော်လွှားကာ သီးခြားလွတ်လပ်သော နိုင်ငံရေးအင်အား အဖြစ် ပေါ်ထွက်လာကြောင်း လေ့လာသူအချို့က သုံးသပ်ခဲ့ကြသည်။

 

မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေးအခြေအနေကို နားလည်ရန် “ဘယ်သူက ဘာရာထူးရထားသလဲ” ဆိုသည့် မေးခွန်းတခုတည်းဖြင့် မလုံလောက်တော့။ အရေးကြီးသည်မှာ မည်သူက အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များနှင့် ဆုံးဖြတ်ချက်များအပေါ် အမှန်တကယ် လွှမ်းမိုးနိုင်သနည်း ဆိုသည့် မေးခွန်းဖြစ်သည်။

 

ဧရာဝတီ ၏ “How Power Really Works in Myanmar” ဆောင်းပါးက ထိုအချက်ကို အခြေခံ၍ လက်ရှိအာဏာဖွဲ့စည်းပုံကို သုံးသပ်ပြထားသည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရာထူးကို ရဲဝင်းဦးက ရယူထားပြီး ခင်ရီသည် USDP နှင့် လွှတ်တော်အတွင်း အရေးပါသောနေရာတွင် ရှိနေသော်လည်း၊ နိုင်ငံရေးအာဏာ၏ အမြင့်ဆုံးဗဟိုချက်မှာ မင်းအောင်လှိုင်ထံတွင် ဆက်လက်စုစည်းနေသည်ဟု ဆောင်းပါးက သုံးသပ်သည်။

 

ရာထူးပြောင်းခြင်းနှင့် အာဏာပြောင်းခြင်း မတူ၊

မင်းအောင်လှိုင်သည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရာထူးမှ သမ္မတရာထူးသို့ ပြောင်းသွားခြင်းသည် အာဏာလုံးဝ လွှဲပြောင်းသွားခြင်းဟု မဆိုနိုင်။

 

အကြောင်းမှာ ၎င်းသည် စစ်တပ် အတွင်း နှစ်ပေါင်းများစွာ အမြင့်ဆုံးရာထူးကို ရယူခဲ့သူဖြစ်ပြီး ထိုကာလအတွင်း တည်ဆောက်ခဲ့သော အုပ်ချုပ်ရေး ကွန်ရက်၊ ခန့်အပ်ရေးနှင့် ရာထူးတိုးစနစ်များ အပေါ် လွှမ်းမိုးခဲ့သော အရှိန်အဝါသည် ရာထူးပြောင်းသွားရုံဖြင့် ပျောက်ကွယ်သွားမည် မဟုတ်သောကြောင့် ဖြစ်သည်။

 

ထို့ကြောင့် မြန်မာ့နိုင်ငံရေးကို နားလည်ရာတွင် “ရာထူးအာဏာ” ထက် “ကွန်ရက်အာဏာ” ကိုပါ ထည့်သွင်းစဉ်းစားရန် လိုအပ်သည်။

 

မင်း အောင် လှိုင် သည် စစ်တပ်ကို နေ့စဉ် အမိန့်များ ထုတ်၍ ကွပ်ကဲနိုင်ခြင်း မရှိတော့ပေ။ USDP ပါတီ၏ အဖွဲ့အစည်းဆိုင်ရာ ကိစ္စရပ်များကိုလည်း ကိုယ်တိုင် ကိုင်တွယ်ဆောင်ရွက်ခြင်း မရှိတော့။ ယခုအခါ ဝန်ကြီးများ၊ လွှတ်တော်ခေါင်းဆောင်များနှင့် တပ်မှူးများသည် ၎င်းတို့၏ အဖွဲ့အစည်းများအတွင်း၌ တာဝန်ဝတ္တရား ပိုမိုကြီးမားလာကြပြီ ဖြစ်သည်။ ၎င်း၏ ရာထူးနေရာမှာမူ ထိုအဖွဲ့အစည်းများကို ပေါင်းစပ်ညှိနှိုင်းပေးခြင်း၊ အဆင့်မြင့် ရာထူးခန့်အပ်မှုများကို ဆုံးဖြတ်ပေးခြင်းနှင့် ၎င်းတို့ကြားရှိ အငြင်းပွားမှုများကို ကြားဝင်စေ့စပ် ဖြေရှင်းပေးနိုင်စွမ်းအပေါ်တွင် ပိုမို၍ တည်မှီနေတော့သည်။

 

ရဲဝင်းဦးနှင့် ခင်ရီ၏ အာဏာ

 

ရဲဝင်းဦး၏ အာဏာသည် အဓိကအားဖြင့် စစ်တပ်၏ တိုက်ရိုက်ကွပ်ကဲ နိုင်မှုမှ လာသည်။ ထို့ကြောင့် သူ့ကို ရုပ်ပြတပ်ချုပ်ဟု သတ်မှတ်ရန် မှာ ရေရှည်အတွက် မှန်ကန်မှု ရှိမည် မဟုတ် ပေ။ သို့သော် တပ်တွင်းကွပ်ကဲမှုအာဏာနှင့် နိုင်ငံရေးစနစ်တခုလုံးအပေါ် လွှမ်းမိုးနိုင်သည့် အာဏာသည် တခုတည်း ဖြစ်မနေ။

 

ရဲဝင်းဦးသည် စစ်တပ်၏ အလုံးစုံကွပ်ကဲမှုကို တာဝန်ယူထားပြီး တိုင်းစစ်ဌာနချုပ်မှူးများနှင့် တိုက်ရိုက်ပူးပေါင်းဆောင်ရွက်ကာ အမိန့်ပေးကွပ်ကဲမှု အဆင့်ဆင့်တွင် အမြင့်ဆုံးနေရာ၌ ရှိနေသည်။ ထို့အပြင် တပ်တွင်းရာထူးတိုးမြှင့်ခြင်းနှင့် တာဝန်ခန့်အပ်ခြင်းများအပေါ်လည်း သြဇာသက်ရောက်မှုရှိသည်။ ထို့ကြောင့် စစ်ဆင်ရေးများ၊ တပ်ဖွဲ့များ စီမံခန့်ခွဲရေးနှင့် တပ်မတော်၏ ပရော်ဖက်ရှင်နယ်ဆိုင်ရာ အကျိုးစီးပွားများသည် ယခုအခါ ၎င်း၏ တိုက်ရိုက် လုပ်ပိုင်ခွင့်အောက်တွင် ရှိနေသည်။

 

ဤသည်မှာ အမှန်တကယ်ရှိသော အာဏာ ဖြစ်ပြီး၊ ဟန်ပြ သဘော တာဝန်လွှဲပြောင်းမှု မဟုတ်ပေ။ ထိရောက်သော တပ်မတော်ကွပ်ကဲမှုအတွက် ဆုံးဖြတ်ပိုင်ခွင့်နှင့် လွတ်လပ်စွာ ဆုံးဖြတ်နိုင်မှု လိုအပ်သည်။

 

သို့သော် အချိန်ကြာလာသည်နှင့်အမျှ ရဲဝင်းဦးသည် မိမိ၏ ကိုယ်ပိုင်ရာထူးခန့်အပ်ရေးကွန်ရက်၊ အရာရှိသစ္စာခံမှုနှင့် စစ်ဘက်အကျိုးစီးပွားများကို တည်ဆောက်လာနိုင်သည်။ ထိုအချိန်တွင် ယနေ့မြင်နေရသည့် အာဏာဖွဲ့စည်းပုံသည် ပြောင်းလဲနိုင်သည်။

 

ခင်ရီ၏ အာဏာမှာလည်း USDP နှင့် လွှတ်တော်ကို အဓိက ခြေကုပ်ယူထားသည်။ USDP တွင် ကာကွယ် စောင့် ရှောက်ပေးရမည့် ပါတီအကျိုးစီးပွားနှင့် လူပုဂ္ဂိုလ်ကွန်ရက်များ ရှိ နေသောကြောင့် ပါတီကို အုပ်ချုပ်ရေးယန္တရား၏ လက်အောက်ခံအဖွဲ့တခုအဖြစ်ဟု ရိုးရှင်းစွာ မြင်၍ မဖြစ် ပေ။ သို့သော် ၎င်း၏အာဏာသည် စစ်တပ်၏ စစ်ဘက်ဆိုင်ရာ ကွပ်ကဲမှုအာဏာနှင့် မတူဘဲ ပါတီအဖွဲ့အစည်း၊ ပါတီဝင်များ၊ လွှတ်တော်နှင့် နိုင်ငံရေးဆိုင်ရာ ဆုံးဖြတ်ချက်များအပေါ် လွှမ်းမိုးနိုင်စွမ်းနှင့် ပိုမိုဆက်စပ်နေသည်။

 

ယခုအခါ မင်းအောင်လှိုင်သည် ခင်ရီ ဥက္ကဋ္ဌအဖြစ် ဦးဆောင်နေသော ပါတီအတွင်း အဖွဲ့ဝင် အဖြစ် တရားဝင်ပါဝင်လာပြီဖြစ်သည်။ ထိုအခြေအနေကြောင့် ပါတီခေါင်းဆောင်ရာထူးများနှင့် အစိုးရ-ပါတီအကြား ဆက်ဆံရေးဆိုင်ရာ ကိစ္စများတွင် အပေးအယူညှိနှိုင်းရန် အခွင့်အ ရေး ရလာနိုင်သကဲ့သို့၊ မင်းအောင်လှိုင်သည် ၎င်း၏ အာဏာကို ပါတီအတွင်းသို့ပါ ဆန့်ထုတ်လာခြင်း ဖြစ်သည်။

 

ထို့အတွက် အခါအားလျော်စွာ ပွတ်တိုက်မှုများ ဖြစ်ပေါ်စေနိုင်သည်။ ခင်ရီဘက်က ၎င်း ပါတီ၏ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်နှင့် အကျိုးစီးပွားများကို ထိန်းသိမ်းရန် ကြိုးပမ်းမည်ဖြစ်သည်။ မင်းအောင်လှိုင်ဘက်ကမူ USDP ကို ၎င်းအလိုကျ ဖြစ် နေအောင် ထိန်းသိမ်းလိုမည်ဖြစ်သည်။ ထို့ကြောင့် ရွေးကောက်ပွဲအပြီး နိုင်ငံရေးစနစ် ပိုမိုဖွံ့ဖြိုးတည်ငြိမ်လာသည်နှင့်အမျှ ၎င်းတို့အကြား ရာထူးနှင့် တာဝန်ဆိုင်ရာ အငြင်းပွားမှုများမှာ ပိုမိုပြင်းထန်လာနိုင်သည်။

 

ထို့ကြောင့် လက်ရှိအခြေအနေတွင်မူ အာဏာစက်များ ခွဲခြားထားသော်လည်း အမြင့်ဆုံးနိုင်ငံရေးညှိနှိုင်းမှုတွင် မင်းအောင်လှိုင်၏ သြဇာက အဓိကကျနေဆဲ ဟု ပြောနိုင် နေဆဲ ဖြစ်သည်။

 

သို့သော် အမြင့်ဆုံး အာဏာ ကို ဆုပ်ကိုင်ထားသော်လည်းနိုင်ငံတနိုင်ငံလုံးကို ထိန်းချုပ်နိုင်စွမ်း မရှိပေ။

 

ဤနေရာတွင် မူရင်းဆောင်းပါး၏ သုံးသပ်ချက်ကို ပိုမိုကျယ်ပြန့်စွာ ကြည့်ရန်လိုသည်။

 

နေပြည်တော်အတွင်း မည်သူက အမြင့်ဆုံးအာဏာရှိသနည်းဆိုသည်နှင့် မြန်မာနိုင်ငံတဝန်း မည်သူက နယ်မြေကို အမှန်တကယ် ထိန်းချုပ်ထားသနည်းဆိုသည်မှာ မတူပါ။

 

မြန်မာနိုင်ငံ၏ လက်ရှိပဋိပက္ခအခြေအနေတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ တော်လှန်ရေးအင်အားစုများနှင့် ဒေသအလိုက် အုပ်ချုပ်ရေးယန္တရားများသည် နယ်မြေအချို့တွင် အရေးပါသော အာဏာသက်ရောက်မှုရှိနေကြသည်။ ထို့ကြောင့် နေပြည်တော်၏ နိုင်ငံရေးအာဏာနှင့် နိုင်ငံတဝန်း၏ နယ်မြေထိန်းချုပ်မှုကို တခုတည်းအဖြစ် မြင်၍ မရ ပေ။

 

ထို့အပြင် တရုတ်၊ ရုရှားနှင့် အခြားပြင်ပအင်အားကြီးများ၏ စီးပွားရေး၊ လုံခြုံရေးနှင့် သံတမန်ရေးရာ သြဇာများလည်း မြန်မာ့အာဏာ ညီမျှခြင်း တွင် ပါဝင်နေသည်။

 

“How Power Really Works in Myanmar” ဆောင်းပါး၏ အဓိကအမြင်မှာ အာဏာ၊သည် ရာထူးတခုတည်းတွင် မတည်ရှိဘဲ လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများနှင့် ကွန်ရက်များအတွင်း တည်ရှိသည် ဆိုခြင်းဖြစ်သည်။

 

မင်းအောင်လှိုင်သည် တပ်ချုပ်ရာထူးကို လွှဲပြောင်းပေးလိုက်ရသော်လည်း နှစ်ပေါင်းများစွာ တည်ဆောက်ထားသော သြဇာကွန်ရက်နှင့် နိုင်ငံရေးအာဏာကို ဆက်လက်အသုံးချနိုင်သည့် အနေအထားတွင် ရှိနေသည်။ ရဲဝင်းဦးမှာ စစ်ဘက်ကွပ်ကဲမှုအာဏာ၊ ခင်ရီနှင့် USDP မှာ ပါတီနှင့် လွှတ်တော်အာဏာကို ကိုင်ထားကြသည်။

 

သို့သော် ဤအာဏာဖွဲ့စည်းပုံကို မြန်မာနိုင်ငံတခုလုံး၏ အခြေအနေဟု မယူဆသင့်ပေ။ နယ်မြေထိန်းချုပ်မှု၊ လက်နက်ကိုင်ပဋိပက္ခ၊ တော်လှန်ရေးအင်အားစုများ၊ တိုင်းရင်းသားအဖွဲ့များနှင့် ပြင်ပနိုင်ငံများ၏ သြဇာတို့ကလည်း မြန်မာ့အာဏာညီမျှခြင်းကို ပြန်လည်ပုံဖော်နေကြသည်။

 

ထို့ကြောင့် မြန်မာ့အနာဂတ်ကို နားလည်ရန် အရေးကြီးဆုံးမေးခွန်းမှာ “မင်းအောင်လှိုင် အာဏာရှိသလား” ဆိုတာမဟုတ်တော့ဘဲ—

“သူ၏အာဏာကို ဘယ်လောက်အထိ အဖွဲ့အစည်းအမျိုးမျိုးကို ဖြတ်ကျော်ပြီး အသုံးချနိုင်သလဲ၊ အခြားအာဏာဗဟိုများက ကိုယ်ပိုင်ကွန်ရက်များ တည်ဆောက်လာနိုင်မလား၊ ထိုအာဏာကွန်ရက်များနှင့် နယ်မြေထိန်းချုပ်မှုကြားက ကွာဟချက် ဘယ်လောက်ကြီးလာမလဲ” ဆိုသည့် မေးခွန်းများဖြစ်လာသည်။

 

အဆုံးတွင် အာဏာသည် ရာထူးမဟုတ်၊ ကွန်ရက်ဖြစ်သည်။ သို့သော် ကွန်ရက်ရှိခြင်းသည် နိုင်ငံတနိုင်ငံလုံးကို ထိန်းချုပ်နိုင်ခြင်းနှင့် မတူပါ။

 

အာဏာအမြင့်ဆုံးတွင် ရှိနေခြင်းနှင့် အုပ်ချုပ်နိုင်စွမ်းရှိခြင်းသည် မတူပါ။ ခေါင်းဆောင်တဦးသည် အဖွဲ့အစည်းများကို အလွန်အမင်း ထိန်းချုပ်နိုင်သော်လည်း စစ်ရေးအခြေအနေ၊ စီးပွားရေးအကျပ်အတည်း၊ နယ်မြေဆုံးရှုံးမှု၊ အရာရှိများ၏ အကျိုးစီးပွားပဋိပက္ခ၊ ပြည်သူ့ဆန့်ကျင်မှုနှင့် နိုင်ငံတကာဖိအားများကို အပြည့်အဝ ထိန်းချုပ်နိုင်မည် မဟုတ်ပါ။

 

ယနေ့ မင်းအောင်လှိုင်၏ အာဏာသည် အားကောင်းနေသော်လည်း အနာဂတ်တွင် ရဲဝင်းဦးနှင့် အခြားစစ်ဖက်အရာရှိများ၏ ကိုယ်ပိုင်ကွန်ရက်များ ကြီးထွားလာနိုင်သည်။ USDP ၏ ကိုယ်ပိုင်အကျိုးစီးပွားများလည်း ပိုမိုခိုင်မာလာနိုင်သည်။ ထိုအခါ လက်ရှိ “တစ်ဦးတည်း၏ အမြင့်ဆုံးအာဏာ” သည် တဖြည်းဖြည်း “အာဏာဗဟိုများအကြား ညှိနှိုင်းရသော စနစ်” အဖြစ် ပြောင်းလဲလာနိုင်သည်။

 

အောက်ပါအချက်များကို စောင့်ကြည့်သင့်သည်။

ပထမအချက်မှာ အဆင့်မြင့် စစ်တပ်ရာထူးများကို မည်သူတို့ ရရှိလာမည်နည်း။

ဒုတိယအချက်မှာ တပ်တွင်း ရာထူးတိုးမြှင့်ခြင်းနှင့် တာဝန်ပြောင်းရွှေ့ခြင်းများတွင် မည်သည့်အုပ်စုက အသာစီးရလာမည်နည်း၊

တတိယအချက်မှာ ရဲဝင်းဦးသည် ကိုယ်ပိုင်တပ်တွင်းအာဏာ ကွန်ရက်တခု တည်ဆောက်လာနိုင်ခြင်း ရှိ၊ မရှိ ဖြစ်သည်။

စတုတ္ထအချက်မှာ USDP သည် မင်းအောင်လှိုင်၏ နိုင်ငံရေးအသုံးချခံ ကိရိယာတခုအဖြစ်သာ ဆက်ရှိနေမည်လား၊ ဒါမှမဟုတ် ကိုယ်ပိုင်အဖွဲ့အစည်းဆိုင်ရာ အကျိုးစီးပွားများဖြင့် ပိုမိုလွတ်လပ်လာမည်လား ဖြစ်သည်။

 

ပဉ္စမအချက်မှာ စစ်တပ်၏ နယ်မြေထိန်းချုပ်နိုင်စွမ်း ဖြစ်သည်။ ဤအချက်သည် အထက်တွင် ဖေါ်ပြခဲ့သည့် အချက် ‌လေးချက်ထက် ပို၍ အရေးကြီး ပြီး တော်လှန်ရေး ကို အဆုံးအဖြတ် ပေးနိုင်သည့် နေရာတွင် ရှိပေသည်။

 

ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!