တရုတ် တို့ အထက် မှ အောက်ထိ ဝါးမြိုလာတော့မည့် အန္တရာယ် ကြီးထွားလာနေ

by Hla Soewai - Oct 12 2026

အာဏာ သိမ်းယူ ပြီး နောက်ပိုင်း တရုတ်လုပ်ငန်းရှင်များသည် နိုင်ငံ၏ စီးပွားရေးနှင့် လူမှုရေးကဏ္ဍ အသီးသီးတွင် ၎င်းတို့၏ လက်တန် ခြေတန်များကို ဆန့်ထုတ်လာခဲ့ကြပြီး အခြေခံအဆောက်အအုံ၊ စွမ်းအင်သစ်၊ ဘဏ္ဍာရေးနှင့် အခြားကဏ္ဍများ တွင် မိုးရွာတုန်း ရေခံ သဘောဖြင့်လက်ကုန် နှိုက်လာကြပြီ ဖြစ်သည်။

 

သို့သော်လည်း စစ်အုပ်စု၏ အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဒုတိယဝန်ကြီး သန့်စင်လွင်က မူ "နှစ်ဦးနှစ်ဖက် အပြန်အလှန် အကျိုးရှိပြီး တဦးပေါ်တဦး အမှီသဟဲပြုနေသည့် တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်မှုသည် အစိုးရအဆင့်ရော စီးပွားရေးအဆင့်မှာပါ သိသာထင်ရှားသော တိုးတက်မှုများ ရရှိနေပြီဖြစ်ကြောင်း" ရန်ကုန် ရှ်ိ တရုတ်-မြန်မာ ကုန်သွယ်ရေး အသင်း၏ အခမ်းအနား တွင် ပြောဆိုသွားခဲ့သည်။

 

၎င်း၏ ပြောဆိုမှုသည် လူထု ၏ စိုးရိမ်ပူပန်လာမှု များ နှင့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်လျက် ရှိနေသည်။ ဤသည်မှာလည်း မည်မျှပင် စကားလုံး အလှ ဆင်ထားသော်ငြားလည်းရန်ကုန်၊ မန္တလေးနှင့် နယ်စပ်မြို့ကြီးများတွင် တရုတ်စာ ဆိုင်းဘုတ်များ ထောင်၍ လုပ်ငန်းများ အလုံးအရင်းနှင့် ဖွင့်လှစ်လာခြင်း သည် ရိုးရိုးစီးပွားရေးအရ ရင်းနှီးမြှုပ်နှံမှုထက် ပိုမိုနက်ရှိုင်းသည့် လူမှု-စီးပွား ပြောင်းလဲမှုများနှင့် အချုပ်အခြာအာဏာဆိုင်ရာ စိုးရိမ်ပူပန်မှုများကို ဖြေဖျောက် နိုင်စွမ်း ရှိမည် မဟုတ်ပေ။

 

ယခင်က တရုတ်ရင်းနှီးမြှုပ်နှံမှုများသည် ကျောက်ဖြူရေနက်ဆိပ်ကမ်း သို့မဟုတ် ရေအားလျှပ်စစ်ကဲ့သို့ မဟာဗျူဟာမြောက် စီမံကိန်းကြီးများတွင်သာ ရှိခဲ့သော်လည်း ယခုအခါ စားသောက်ကုန်၊ လက်လီအရောင်းဆိုင်၊ ဟိုတယ်နှင့် ဝန်ဆောင်မှုလုပ်ငန်းငယ်များ အထိ လူထုကြားထဲ နက်နက် ရှိုင်းရှိုင်း တိုးဝင်လာ နေသည်။ တရုတ်စာဆိုင်းဘုတ်ကြီးများနှင့် ဖွင့်လှစ်လာသည့် ထိုလုပ်ငန်းအများစုသည် တရုတ်နိုင်ငံမှ တိုက်ရိုက်တင်သွင်းသည့် စျေးပေါသော ကုန်ပစ္စည်းများနှင့် ကုန်ကြမ်းများကို သုံးစွဲကြသဖြင့် ရေရှည်တွင် ပြည်တွင်းက မြန်မာအသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (SMEs) ယှဉ်ပြိုင်နိုင်စွမ်းမရှိဘဲ ဈေးကွက်ပျက်ကာ ရပ်တည်ရခက်ခဲလာ တော့မည် ဖြစ်သည်။

 

နိုင်ငံတွင်း ရိုက်ခတ်နေသည့် စစ်ရေး၊ နိုင်ငံရေး မတည်ငြိမ်မှုများနှင့် ဗဟိုဘဏ်၏ ထိန်းချုပ်မှု အားနည်းချက်များကို အခွင့်ကောင်းယူကာ တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသားများနှင့် နီးစပ်ရာအသိုင်းအဝိုင်းများ က ဒေသခံတို့၏ အမည်များ သုံး၍ လုပ်ငန်းများ လွယ်လွယ်ကူကူ ထောင်လာကြခြင်း ဖြစ်သည်။ တရုတ်စာ သီးသန့်တပ်ထားသည့် ဆိုင်းဘုတ်များသည် မြန်မာနိုင်ငံသားများထက် ၎င်းတို့အချင်းချင်း (သို့မဟုတ်) တရုတ်ခရီးသွားများနှင့် လုပ်ငန်းရှင်များကိုသာ ရည်ရွယ်ပြီး ငွေပေးချေမှုစနစ်များကိုပါ တရုတ်စနစ်များ (WeChat Pay, Alipay စသည်) ဖြင့် တိုက်ရိုက်ချိတ်ဆက် လုပ်ဆောင်လေ့ရှိသဖြင့် တိုင်း ပြည် အတွက် အခွန်ဘဏ္ဍာ အရ မည်သည့် အကျိုး အမြတ် မှ ထွက်မလာဘဲ တရုတ်တို့ အချင်းချင်းသာ အကျိုးအမြတ် လည်ပတ်သည့် "ပိတ်ဆို့စီးပွားရေးစနစ်" Enclave Economy မျိုး ဖြစ်လာ‌သည်။

 

မြို့ကြီးအချို့ရှိ လမ်းမကြီးများပေါ်တွင် တရားဝင် ရုံးသုံးစာပေဖြစ်သည့် မြန်မာစာလုံး မပါရှိ၊ ပါရှိပါကလည်းမြန်မာစာကို အောက်ခြေတွင် သေးငယ်စွာရေးပြီး တရုတ်စာလုံးကြီးများကို အထူးပြု ထောင်ထားသည့် ဆိုင်းဘုတ် ကြီး များသည် နိုင်ငံတနိုင်ငံ၏ ယဉ်ကျေးမှုနှင့် မြို့ပြအင်္ဂါရပ်ကို ပေါ်ပေါ်ထင်ထင် ခြယ်လှယ်စိန်ခေါ်လာခြင်း ဖြစ်သည်။ ဒေသခံပြည်သူများအဖို့ မိမိတို့မြို့ရွာများတွင် လူနည်းစု သို့မဟုတ် ဒုတိယတန်းစား နိုင်ငံသားများသဖွယ် ခံစားရစေပြီး၊ တရုတ်ငွေကြေး အင်အားကြောင့် မြေဈေး၊ အိမ်ခြံမြေ အကျိုးဆောင်ခများနှင့် ကုန်ဈေးနှုန်းများ မြင့်တက်ကာ ဒေသခံတို့ မြို့ပြင်သို့ ဆုတ်ခွာပေးရသည့် လူမှုရေးပြဿနာများ ဖြစ်ပွားလာခဲ့ပြီ ဖြစ်သည်။

 

ထို့ပြင် မြန်မာနိုင်ငံတွင် ဆိုင်းဘုတ်တင်ခြင်းဆိုင်ရာ စည်ပင်သာယာဥပဒေများနှင့် လိုက်နာရမည့် ဘာသာစကား သတ်မှတ်ချက် ဥပဒေများ ရှိသော်လည်း၊ တရုတ်စာ သီးသန့်ဆိုင်းဘုတ်များ အပြိုင်အဆိုင် ထောင်လာနိုင်ခြင်းက ပြည်တွင်း ဥပဒေစိုးမိုးရေးနှင့် အုပ်ချုပ်ရေးယန္တရား၏ လျစ်လျု ရှု ချက် အပြင် လာဘ်ပေးလာဘ်ယူမှုများ ရှိနေကြောင်း ပြသ နေသည်။ အာဏာပိုင်များအနေဖြင့် စီးပွားရေးအကျပ်အတည်းကြောင့် တရုတ်ငွေကို အလွန်အမင်း အမှီပြုနေရသဖြင့် ဤကဲ့သို့ ဥပဒေချိုးဖောက်မှုများကို သိသိသာသာ မျက်ကွယ်ပြုထားရသည့် အခြေအနေများက ဖုံးမရ ဖိမရ အောင် ထွက်ပေါ်လာပြီ ဖြစ်သည်။

 

တရုတ်စာဆိုင်းဘုတ်များဖြင့် လုပ်ငန်းများ ပေါများလာခြင်းသည် ရိုးရှင်းသော ကုန်သွယ်မှုတိုးတက်ခြင်း မဟုတ်ဘဲ၊ မြန်မာနိုင်ငံ၏ စီးပွားရေး အခြေခံအဆောက်အအုံ ယိုယွင်းလာမှုနှင့်အတူ တရုတ်တို့က ပြည်တွင်းအသေးစား ဈေးကွက်မှစ၍ မြို့ပြလူမှုဘဝအထိ အောက်ခြေကနေ အထက်သို့ (Bottom-Up) စနစ်တကျ ဝါးမြိုခြယ်လှယ်လာနေသည့် အန္တရာယ်ရှိသော လက္ခဏာရပ်တခု ဖြစ်သည်ဟု သုံးသပ်၍ ရပေသည်။

 

တရုတ်လုပ်ငန်းရှင်များသည် အခွန်ကင်းလွတ်ခွင့်နှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အထူးအခွင့်အရေးများ ကို ပိုမိုရရှိကာ ခြယ်လှယ်နိုင်စွမ်း မြင့်မားလာခြင်း ဖြစ်ပါသည်။

 

တရုတ်-မြန်မာ စီးပွားရေးလုပ်ငန်းရှင်များအသင်း (CECCM) ၏ ဥက္ကဋ္ဌနေရာကို တရုတ်စက်မှုစီးပွားဘဏ် (ICBC) ရန်ကုန်ဘဏ်ခွဲက ရယူလိုက်ပြီးနောက်၊ ကုန်သွယ်မှုနှင့် လုပ်ငန်းခ ပေးချေမှု များတွင် ယွမ်ငွေ တိုက်ရိုက်သုံးစွဲမှု ကို အင်တိုက်အားတိုက် တွန်းအားပေးလာနေသည်။

 

တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (CMEC) နှင့် ကျောက်ဖြူရေနက်ဆိပ်ကမ်း ကဲ့သို့သော စီမံကိန်းကြီးများသည် မြန်မာနိုင်ငံ၏ သယ်ယူပို့ဆောင်ရေး၊ ကုန်လှောင်ရုံနှင့် ထောက်ပံ့ပို့ဆောင်ရေး ကွန်ရက်တခုလုံးကို တရုတ်တို့က ဦးဆောင်ဖွဲ့စည်း ပုံဖော်ခွင့် ရရှိသွားစေသည်။

 

၎င်းတို့၏ ငွေကြေး၊ နည်းပညာနှင့် အခြေခံအဆောက်အအုံ စီမံကိန်းများ မှတစ်ဆင့် မြန်မာ့လူမှုစီးပွားအခင်းအကျင်းအပေါ် ရေရှည်ဩဇာသက်ရောက်စေရန် စနစ်တကျ နေရာယူ ဝင်ရောက်ခြယ်လှယ်နေခြင်း ဖြစ်သည်ဟု သုံးသပ်နိုင် ပေသည်။

 

ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!