မလေးရှားနိုင်ငံရှိ မြန်မာနိုင်ငံသားများကို နေရပ်ပြန်ပို့ရေးကိစ္စ အား အဓိကထား ဆွေးနွေးရန် ဆိုကာ ကို ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က ပင့်ဖိတ်လိုက်၍ မင်းအောင်လှိုင်သည် နှစ်ရက်ကြာ တရားဝင်ခရီးစဉ်အဖြစ် အောက်တိုဘာ ၇ ရက်တွင် မလေးရှားနိုင်ငံသို့ ရောက်ရှိလာခဲ့သည်။
မလေးရှား ဝန်ကြီးချုပ်သည်လည်း ထိုကိစ္စ ကို ဆွေးနွေးရန် ၎င်းအား ခေါ်ယူ ရပါသည် ဆိ့ကာ သူ့ အပြစ်လွတ် အောင် ပါလီမန်ထဲတွင်သာမက၊ ရောက်လေရာ တွင် လည်း အာပေါက် မတတ် ထပ်တလဲလဲ ပြောဆိုနေရရှာသည်။
မင်းအောင်လှိုင်နှင့် ၎င်း၏အဖွဲ့ လိုက်ပါလာသည့် အထူးလေယာဉ်သည် မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်တွင် ကွာလာလမ်ပူ အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ Bunga Raya Complex သို့ ဆင်းသက်ခဲ့သည်။
လေဆိပ်သို့ ရောက်ရှိချိန်တွင် မူဟမ္မဒ် အစ်ခ်ဝမ် အဒ်လန် ဂျာမာလူဒင် ဦးဆောင်သော တော်ဝင်ရိန်းဂျားတပ်ရင်း မှ အရာရှိနှစ်ဦးနှင့် စစ်သည် ၂၆ ဦးတို့က တန်းစီ၍ ကြိုဆိုခဲ့ကြသည်။
ဂျပန်၊ တရုတ် ခေါင်းဆောင်များ ဆိုက ထိုသို့သော ကြက်ပွဲသာသာ ပုံစံ မျိုး ဖြင့် ကြိုဆိုကြမည်လော၊ ပုံကို ကြည့်ရသည် မှာ သူရဲတောင် ခြောက်ခံရမည်ကို ကြောက်နေရသည်။ ဤသည်ကို ကြည့်ခြင်းအားဖြင့် မလေးရှား ဝန်ကြီးချုပ်သည် တမင်တကာ အဆင့်နိမ့် low-key လုပ်ထားပုံရသည်။
ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီး ဂျိုဟာရီ အဗ္ဗဒူ ဂါနီ သည် ၎င်းအား ကြိုဆိုရန် လေဆိပ်သို့ ရောက်ရှိနေခဲ့သည်။
အောက်တိုဘာ ၈ ရက်တွင် မင်းအောင်လှိုင်အား ပူထရာဂျာယာ Perdana Putra Complex ၌ တရားဝင် ကြိုဆိုပွဲအခမ်းအနား ကျင်းပပေးမည်ဖြစ်ပြီး၊ ထို့နောက် ဝန်ကြီးချုပ် အန်ဝါနှင့် နှစ်နိုင်ငံအကြား ဆွေးနွေးပွဲ ဆက်လက်ပြုလုပ်ကာ ဝန်ကြီးချုပ်က တည်ခင်းဧည့်ခံသည့် "နေ့လယ်စာ" စားပွဲသို့ တက်ရောက်မည် ဖြစ်သည်။
၎င်း အတွက် ရှက်ဖို့ ကောင်း နေသည်က နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့အစည်းများ၊ ဒေသတွင်း အကျိုးဆောင်ကွန်ရက်များနှင့် မလေးရှားရောက် မြန်မာရွှေ့ပြောင်းလုပ်သားအသင်းအဖွဲ့များက ကွာလာလမ်ပူသို့ ရောက်ရှိလာမှုကို ပြင်းပြင်းထန်ထန် ရှုတ်ချ ကန့်ကွက်ခံ နေရခြင်းပင် ဖြစ်သည်။
အခြားနိုင်ငံများ သွားသလို မော်ကြွားစရာ မဖြစ်ခဲ့ရသည်က ပြီးခဲ့သည့်လအတွင်း ဝန်ကြီးချုပ် အန်ဝါက မင်းအောင်လှိုင် အနေဖြင့် ရိုဟင်ဂျာဒုက္ခသည် ထောင်ပေါင်းများစွာကို ပြန်လည်လက်ခံမည်၊ အန္တရာယ်လည်း မပြု ဟု အာမခံ မှသာ ၎င်းအား တရားဝင်ခရီးစဉ်အဖြစ် ဖိတ်ကြား ပေးမည်ဟု ဆိုခဲ့ခြင်း ကြောင့် ဖြစ်သည်။
မလေးရှားတဝန်းရှိ မြန်မာလုပ်သားများအကြား “အလုပ်နားပြီး သပိတ်မှောက်ခြင်း” (Work Stoppage Strike) ဖြင့် ဆန့်ကျင်ကြောင်း ထုတ်ဖေါ် ပြသနိုင်မည့် လှုပ်ရှားမှုလည်း စတင်လာခဲ့သည်။
၎င်း အား ကန့်ကွက် ဆန္ဒပြရန် အောက်တိုဘာ ၈ ရက် နံနက် ၉:၃၀ မှ ၁၂:၀၀ အထိ KLSCHA နှစ်ထပ် Chinese Assembly Hall တွင် ပြုလုပ်သွားမည်ဟု အသိပေး နှိုးဆော်ထားသည်။
မလေးရှား တွင် ဖမ်းဆီးခံထားရသော မြန်မာ အလုပ်သမား များအဖို့က အပြင်လည်း ထွက်မရ၊ အခမဲ့ ပြန်ခွင့်ရမည် ဆို၍ ပုံမှန် အခြေအနေ တွင် ဝမ်းသာရမည့် အရေး ဖြစ်သော်လည်း ၎င်းတို့အား စစ်ထဲ သို့ အတင်းအဓမ္မ ဆွဲသွင်း ခံရမည့် သေမင်းတမန် အန္တရာယ်ကြီးက စောင့်ကြိုနေရှာပြီ ဖြစ်သည်။
မင်းအောင်လှိူင် အတွက်ကား မြို့ထဲတွင် ရုပ်ပျက်ဆင်းပျက်လိုက်လံဖမ်းဆီးခြင်း၊ ပေါ်တာ ဆွဲခြင်း အဆောတလျင် လုပ်စရာ မလိုတော့ဘဲ မလေးရှားမှ သင်္ဘော ဖြင့် တစုတဝေးကြီး ရောက်လာတော့မည့် လူများကို သင်္ဘောဆိပ်မှ စောင့်နေဖို့သာ လိုပေတော့သည်။ ပြီးလျင် ဘယ်နေ့တွင် ဘယ်တပ်ရင်းသို့ သတင်းပို့ ဆိုသော ဖြတ်ပိုင်းလေး ထုတ်ပေး လိုက်ယုဲသာ ဖြစ်သည်၊ မည်မျှအထိ အဆင်သင့် လိုက်လေသနည်း။
ပြည်တွင်း တွင် လူကြိုက်နည်းလာပြီ ဖြစ်သော အန်နဝါသည်လည်း ပြန်ပို့ နိုင်ပြီ ဆိုကာ လာမည့် ရွေးကောက်ပွဲ အတွက် နိုင်ငံရေး အရ ဟိတ်ဟန် ထုတ်နိုင်ပြီ ဖြစ်သည်။ ထို့အတွက် မင်းအောင်လှိုင်၏ မလေးရှားသွား တောလားသည် ၎င်းတို့ နှစ်ဦးသာ အကျိုးရှိရာ ရှိကြောင်း ဖြစ်လာပေမည်။
သို့သော် ICC တွင် ရိုဟင်ဂျာ မျိုးတုံးသတ်ဖြတ်မှုဖြင့် တရားစွဲဆိုခံထားရသည့် စစ်ခေါင်းဆောင်အား ဖိတ်ကြားခဲ့ခြင်းကြောင့် ၎င်း၏ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီဘက်တော်သား ခေါင်းဆောင်ဟူသော ပုံရိပ်ကို ကြီးမားစွာ ထိခိုက်သွားခဲ့ပြီ ဖြစ်သည်။
ထို့အပြင် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ ကြီးကြပ်ကွပ်ကဲမှု မရှိဘဲ စစ်ပွဲဒဏ်ခံနေရသော နိုင်ငံအတွင်းသို့ လူအမြောက်အမြားကို အစုလိုက်အပြုံလိုက် နေရပ်ပြန်ပို့ခြင်းသည် ဒုက္ခသည်များကို ဘေးအန္တရာယ်ရှိရာသို့ အဓမ္မပြန်မပို့ရဟူသည့် အပြည်ပြည်ဆိုင်ရာ ထုံးတမ်းစဉ်လာဥပဒေ၏ အခြေခံ မူ ကို ပြောင် ပြောင်တင်းတင်း ချိုးဖောက်လိုက်ခြင်းလည်း ဖြစ်ပေသည်။
ဝန်ကြီးချုပ် အန်ဝါ၏ ပြောကြားချက်အရ မလေးရှားနိုင်ငံသည် ဇန်နဝါရီလမှစတင်၍ မြန်မာနိုင်ငံသား ၁၀,၀၀၀ ခန့်ကို ပြည်နှင်ဒဏ်ပေးခဲ့ပြီးဖြစ်ကြောင်းနှင့် နေရပ်ပြန်လာသူများကို နစ်နာဆုံးရှုံးမှုတစုံတရာ မရှိစေရဟု မြန်မာစစ်အုပ်စု ဘက်က အထပ်ထပ် အာမခံချက်ပေးထားကြောင်း သိရသည်။
မလေးရှားနိုင်ငံတွင် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ၌ မှတ်ပုံတင်ထားသည့် ဒုက္ခသည်များနှင့် ခိုလှုံခွင့်တောင်းခံသူ ၂၁၅,၆၀၀ ခန့်ရှိနေပြီး၊ ၎င်းတို့အနက် အရှေ့တောင်အာရှ၏ အကြီးဆုံးဒုက္ခသည်လူ့အဖွဲ့အစည်းများထဲမှတခုဖြစ်သော ရိုဟင်ဂျာ ၁၂၆,၀၀၀ ခန့် ပါဝင်သည်။
ရိုဟင်ဂျာများသည် ယခုနေရပ်ပြန်ပို့မည့်သူများထဲတွင် ပါဝင်ခြင်း ရှိ၊ မရှိ ဆိုသည်မှာမူ ရှင်းရှင်းလင်းလင်း မသိရှိရသေးပေ။
ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!