ပုဒ်မ (၂၆၁) နှင့် ကာတာလိုနီယား ခွဲထွက်ရေး လှုပ်ရှားမှုကြီး

by Hla Soewai - Oct 29 2020

ပုဒ်မ (၂၆၁) ကို ပြင်ဆင်ရန် ဆိုပြီး တိုင်းရင်းသား များ နဲ့ လှည့်ပြီး ရန်တိုက်ပေးနေတဲ့ အပြောတွေ ကြားနေရပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ ကို စတင် ရေးဆွဲစဉ်ကပင် ထိုအန္တရာယ်ကြီးကို ကောင်းစွာ သတိပြုမိ ထားခဲ့တာ ဖြစ်ပေမယ့် ယခုအခါ အဆိုပါ ပုဒ်မ ကို ပြင်ဆင်ရမယ် ဆိုတဲ့ စကားစလာခြင်းသည် အစိုးရအား အားပျော့သွားစေရန် ရည်ရွယ်ထိုးနှက်ခြင်းလော သို့မဟုတ် ဖြစ်ရိုးဖြစ်စဉ် ဦးနှောက်နည်းခြင်းလော။

 

အထက်ပါ မေးခွန်းကို မဖြေခင် စပိန် နိုင်ငံတွင် ဟိုလေးတကြော်ကြော် ဖြစ်သွားခဲ့ရတဲ့ ကာတာလိုနီယား ပြည်နယ် ခွဲထွက်ရေး လှုပ်ရှားမှု အကြောင်း အနည်းငယ် တင်ပြလိုပါတယ်။

 

ကာတာလိုနီယား ပြည်နယ်သည် စပိန်နိုင်ငံ အတွင်းတွင် ရှိပြီး အချမ်းသာဆုံး နှင့် ကုန်ထုတ်လုပ်ငန်းများ အတိုးတက်ဆုံး ပြည်နယ် တခု ဖြစ်ပြီး သမိုင်းကြောင်းအရ နှစ်ပေါင်း တထောင်ခန့် တည်တံ့ခဲ့တဲ့ ကိုယ်ပိုင် အစဉ်အလာ နဲ့ ရပ်တည်နေခဲ့တဲ့ ဘာစ် (Basque) ဆိုတဲ့ လူမျိုး စုများ နေထိုင်ရာ ဖြစ်ပါတယ်။ နာမည်ကျော် ဘာစီလိုးနား မြို့ကြီးက ကာတာလန် ပြည်နယ်၏ မြို့တော်လည်း ဖြစ်ပါတယ်။

 

စပိန် ပြည်တွင်းစစ်ပွဲကြီး မဖြစ်ပွားမီ ကိုယ်ပိုင် အုပ်ချုပ်ခွင့် ကို ကျယ်ကျယ်ပြန့်ပြန့် ရရှိထားပါတယ်။ သို့သော် အာဏာရှင် ဗိုလ်ချုပ်ကြီး ဖရန်ကို လက်ထက်မှာတော့ စတင်ပြီး ကန့်သတ်ချုပ်ချယ် ခြင်း ခံခဲ့ရပါတယ်။

 

၁၉၇၈ မှာ အာဏာရှင် ဖရန်ကို သေဆုံးသွားပြီး နောက်တွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့် အပြည့်အဝ ပြန်လည် ရရှိလာပြီး ပြန်လည် စည်ပင် ဖွံ့ဖြိုးလာခဲ့ပါတယ်။ ၂၀၀၆ ခုနှစ် မှာ ဖွဲ့စည်းပုံ အပိုဒ်ကို ပြုပြင်ပြီး အဆင့်အတန်း ထပ်မံတိုးမြှင့်ပေးခဲ့ရာမှ ပြဿနာ စတင်လာခဲ့ပါတယ်။ သို့သော်လည်း နိုင်ငံ၏ ဖွဲ့စည်းပုံ ခုံရုံးက ပယ်ချခဲ့ပါတယ်။

 

၂၀၀၈ ခုနှစ် ကမ္ဘာတဝှမ်း ဘဏ္ဍာရေး အကျပ်အတည်းကြီး ဖြစ်ပေါ်လာတဲ့အတွက် အစိုးရက အသုံးစရိတ်တွေ ဖြတ်တောက်လာတဲ့ အခါမှာတော့ ခွဲထွက်မှ ဖြစ်တော့မယ် ဆိုတဲ့ ဒေါသမုန်တိုင်းတွေ ပြင်းထန်လာပါတယ်။

 

ဒီအတွက် လူထု အုံကြွမှုကြီးကြောင့် ကာတာလိုနီယား ပြည်နယ် အစိုးရက လူထု ဆန္ဒ ခံယူပွဲ ကျင်းပပြီး ခွဲထွက်ဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။ ဒီလုပ်ရပ်တွေက စပိန် ဖွဲ့စည်းပုံ ကို ပြောင်ပြောင်ကြီး ဆန့်ကျင်နေတယ် ဆိုပြီး ဖွဲ့စည်းပုံ ခုံရုံးက ပယ်ချခဲ့ပါတယ်။

 

ကာတာလိုနီယား ပြည်နယ် ခွဲထွက်ရေးကို လိုလားတဲ့ နိုင်ငံရေး ပါတီများက အစိုးရ ဖွဲ့လာနိုင်တာကြောင့် လွတ်လပ်ရေး ကြေညာပြီး ခွဲထွက်မယ်ဆိုတဲ့ ဆန္ဒခံယူပွဲကို ၂၀၁၅ မှာ ကိုယ့်သဘော နဲ့ ကိုယ် တရားမဝင် ပြုလုပ်ခဲ့ကြတာ ဖြစ်ပြီး မဲအနည်းငယ် အသာနဲ့ အနိုင်ရသွားသဖြင့် ချက်ခြင်းဆိုသလို လွတ်လပ်ရေး ကြေညာပြီး သမ္မတအသစ် တင်မြှောက်လိုက်ကြပါတယ်။

 

ရလဒ်အဖြစ် စပိန်အစိုးရက ဖွဲ့စည်းပုံ အပိုဒ် ပုဒ်မ ၁၅၅ ပါ အရေးပေါ် အာဏာကို ကျင့်သုံးပြီး ကာတာလန် ပြည်နယ် လွှတ်တော်ကို ဖျက်သိမ်းပြစ်ခဲ့ကာ ဝန်ကြီးချုပ်ကအစ ဖမ်းဆီး အရေးယူခဲ့လို့ အချို့မှာပြည်ပ ကို ထွက်ပြေးခိုလှုံသွားခဲ့ရပါတယ်။

 

စပိန် အစိုးရ လုပ်ရပ်ကို မကျေနပ်လို့ ဆန္ဒပြသမားတွေနဲ့ အဓိကရုဏ်းတွေ အကြီးအကျယ် ဖြစ်ပွားခဲ့ပါတယ်။

 

ဒါကလည်း စပိန်က အနောက်အုပ်စုဝင် ဒီမိုကရေစီ အရင့်အမာကြီး ဖြစ်နေလို့ ပြည်တွင်းရေး ဆိုတာလောက်နဲ့ ပြီးသွားတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာဆိုရင် ဒီမိုကရေစီက လုပ်လီလုပ်လဲ့ ပဲ ရှိသေးတဲ့ အတွက် ပြည်ပ အင်အားကြီး နိုင်ငံတွေ ပါလာပြီး တိုင်းပြည် ပဲ့ပါသွားနိုင်ပါတယ်။ မပါခဲ့ရင်တောင်မှ ကာလုံ ဆိုတာကြီး ပေါ်လာပြီး စစ်အာဏာရှင် စနစ်ဆိုးကြီး ခေါင်းထောင်လာတော့မှာ ဖြစ်ပါတယ်။ It is nothing worse than being thrown to the wolves အမဲဖျက်ခံရမယ့် သဘောမျိုးထက် ထူးမလာပါဘူး။

 

ဤမျှ အထိ ဖြစ်သွားနိုင်သည်ကိုကော မစဉ်းစားကြတော့ဘူးလား။

 

ထိုကဲ့သို့ ဖြစ်မလာနိုင်ဘူးဘဲ ထားပါဦး၊ ပြည်နယ်တခုတွင် အမတ်နေရာ အများစု ရရှိထားသော နိုင်ငံရေး ပါတီ တခု၏ ကိုယ်စားလှယ် အရေ အတွက်သည် တပ်ကိုယ်စားလှယ် အရည်အတွက်ထက် လျော့နည်းနိုင်ပါတယ်။ ဒီအခါမှာ စစ်တပ် အနေနဲ့ ၎င်းတို့ သဘောကျ တိုင်း၊ ပြည်နယ်၊ ကိုယ်စားလှယ်က ဝန်ကြီးချုပ် ဖြစ်သွားနိုင်တဲ့ အထိ တန်ခိုးထွားလာနိုင်ပါတယ်။ ဒီအခါမှာ ဗဟိုအစိုးရရဲ့ ပြည်နယ်၊ တိုင်း ဖွံ့ဖြိုးရေး စီမံကိန်းတွေကို ကန့်လန့်တိုက်လာတော့မှာ ဖြစ်ပြီး နောက်ပိုင်းမှာ အစိုးရသည် တိုင်း၊ ပြည်နယ် ဖွံ့ဖြိုးရေးများ အကောင်အထည် ဖေါ်နိုင်စွမ်း မရှိဆိုကာ မုန့်လုံးစက္ကူကပ် အဖြစ်နဲ့ပဲ သွားနေတော့မှာပါ။

 

၎င်းတို့ အစိုးရ ဖြစ်ခဲ့စဉ်က ထိုအကြောင်းအရာ ကို ယောင်လို့တောင် မစဉ်းစားခဲ့သူများက ယခုအခါ စည်းလုံးညီညွတ်သော ဖက်ဒရယ် ပြည်ထောင်စုကြီး ပေါ်ပေါက်ရေး အတွက် ခိုင်မာတဲ့ အုတ်မြစ်တွေ ချနိုင်အောင် ကြိုးစားနေတဲ့ NLD ကို တိုင်းရင်းသား လူမျိုးစုများ နဲ့ ရန်တိုက်ပေးရုံမက သမိုင်း တရားခံ ဖြစ်အောင် တွန်းပို့ ပေးနေကြတာပဲ ဖြစ်ပါတယ်။

 

မြန်မာ၊ မွန်၊ကရင်၊ ရခိုင်၊ ချင်း၊ ရှမ်း၊ ကချင်၊ ကယား အစရှိသော တိုင်းရင်းသားအားလုံး အဖို့ ယခုအခါ မိမိတို့ နိုင်ငံကို ချက်ကောင်းယူကာ အင်အားကြီး နိုင်ငံများ အားပြိုင်လာမှုမှ တနေ့တခြား ကြီးထွားလာဖို့ ရှိနေတဲ့ အန္တရာယ် အပါအဝင် အဖျက်အမှောင့် လောင်စာများကို ကျောချင်းကပ် ရင်ချင်းကပ် ရှင်းလင်းသုတ်သင်ပြစ်ရဖို့ ရှိနေပါတယ်။ ဒါတွေ အားလုံးကို တိုင်းရင်းသား ပြည်သူတရပ်လုံးက မိမိတို့ ဖာသာ စည်းလုံးညီညွတ်သော အသိစိတ်နဲ့ ရင်ဆိုင်ရတော့မယ် ဆိုတာကလည်း တဖြေးဖြေး နဲ့ ရှင်းလင်းထင်ရှားစွာ သိမြင်လာနေကြပြီလည်း ဖြစ်ပါတယ်။