အမေရိကန် တို့ စကားပြောလာမှု ၏ နောက်ကွယ်

by Hla Soewai - Oct 12 2026

အမေရိကန်နိုင်ငံသားတဦး လွတ်မြောက်လာရေးအတွက် ကူညီဆောင်ရွက်ရန်ဟု အပေါ်ယံအားဖြင့် ရည်ရွယ်ထားသည့် နေပြည်တော်ခရီးစဉ်အတွင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထောက်လှမ်းရေးနှင့် သုတေသနဆိုင်ရာ လက်ထောက်ဝန်ကြီး မိုက်ကယ် ဗန့်စ် (ပုံတွင် တွေ့ရသူ) သည် မြန်မာစစ်တပ်၏ ထိပ်တန်းဗိုလ်ချုပ်ကြီးများနှင့် တိုက်ရိုက်ဆွေးနွေးမှုများကို စတင်ခဲ့သည်။

 

ရိုက်တာသတင်းဌာန၏ နောက်ဆက်တွဲဖော်ပြချက်အရ ဗန့်စ်သည် မြန်မာစစ်ဗိုလ်ချုပ်များနှင့် အဆက်အသွယ်တည်ဆောက်ရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ ထို့ပြင် ၎င်း၏ မြန်မာနိုင်ငံခရီးစဉ်မတိုင်မီကပင် အမေရိကန်အရာရှိများသည် ဂျပန်နိုင်ငံတွင် မြန်မာအရာရှိများနှင့် လျှို့ဝှက်တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိခဲ့ရသည်။

 

ဤနေရာတွင် ကျွန်တော့် အနေဖြဂ့် အချက်သုံးချက်ကို ခွဲခြားကြည့်ဖို့ လိုသည်ဟု ယူဆမိသည်။ အမေရိကန်၏ မဟာဗျူဟာအကျိုးစီးပွား၊ စစ်အစိုးရ၏ နိုင်ငံတကာတရားဝင်မှုနှင့် မြန်မာနိုင်ငံအတွင်းရှိ စစ်ရေးနိုင်ငံရေးအင်အားချိန်ခွင်လျှာ တို့ဖြစ်သည်။

 

အမေရိကန်က စစ်အုပ်စု နှင့် စကား ပြောလာခြင်း တခုတည်း ဖြင့် မြန်မာ့ဒီမိုကရေစီအရေးကို လုံးဝစွန့်လွှတ်လိုက်ပြီဟု ကောက်ချက်ချရန် စောလွန်း နေသေးသည်။ သို့သော် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီရေးကို ဦးစားပေးသော ချဉ်းကပ်မှုထက် လက်တွေ့အကျိုးစီးပွားကို ဦးစားပေးသော ဆက်ဆံရေးဘက်သို့ ရွေ့လျားလာသည့် လက္ခဏာ ဟု တော့ သုံးသပ်နိုင် ပေသည်။

 

အမေရိကန်က အဘယ့်ကြောင့် စစ်အစိုးရနှင့် ဆက်ဆံလိုသနည်း။

 

ပထမ အချက်က အမေရိကန်နိုင်ငံသားများအပေါ် ထိခိုက်နေသည့် အွန်လိုင်းငွေလိမ်လုပ်ငန်းများကို တားဆီးရန် ဖြစ်သည်၊ ယခုလို ဆွေးနွေး ခြင်းဖြင့် စစ်အုပ်စု ဖက်က အမှန်တကယ် ထိရောက်စွာ နှိမ်နင်းနိုင်မည်လားဆိုသည်ကို ရှင်းရှင်းလင်းလင်း သိလာနိုင်မည် ဖြစ်သည်။

 

ဒုတိယ အချက်က ရှားပါးမြေသတ္တုများ ရရှိရေး ပင် ဖြစ်သည်။ ဆောင်းပါး တွင် ရေးသားထားသလို ထရမ့်၏ အီရန်စစ်ပွဲကြောင့် လျော့နည်းကုန်ခန်းသွားခဲ့သော လက်နက် များကို ပြန်လည်ဖြည့်တင်းရန် အပူတပြင်း လိုအပ် လာနေ၍ ဟု အမေရိကန် နိုင်ငံခြားဆက်ဆံ‌ ရေး ကောင်စီ ဝက်ဆိုက်ဒ် တွင် ရေးသားထားသည်ကိုလည်း ဖတ်ရှု ရပေသည်။ တရုတ်က ရှားပါးမြေသတ္တု အများစုကို ထိန်းချုပ်ထားသောကြောင့် ဝါရှင်တန်အနေဖြင့် ယင်းသတ္တုများ ရရှိနိုင်မည့် နေရာမှန်သမျှကို ရှာဖွေနေခြင်းမှာ အံ့ဩစရာမဟုတ်ပေ။

 

အမေရိကန်က စစ်အုပ်စုနှင့် ထိုသတ္တုများ ရရှိနိုင်မည့် လမ်းကြောင်းကို တီးခေါက်ကြည့်ချင် နေသည်။ သို့သော် နယ်မြေထိန်းချုပ်မှု၊ လုံခြုံရေး၊ တရုတ်၏ စီးပွားရေးလွှမ်းမိုးမှုနှင့် စစ်ရေးအခြေအနေတို့က အဓိက အတားအဆီးများ ဖြစ်နေသည်။

 

တတိယ အချက်က တရုတ်နှင့် မဟာဗျူဟာပြိုင်ဆိုင်မှု ပင်ဖြစ်သည်။ ဤအချက်သည် အရေးအကြီးဆုံး ဖြစ်နိုင်သည်။ အမေရိကန်သည် မြန်မာနိုင်ငံအပေါ် မူဝါဒကို ပြန်လည်ပြင်ဆင်ရာတွင် မြန်မာပြည်တွင်းနိုင်ငံရေးကိုသာ ကြည့်နေခြင်းမဟုတ်ဘဲ တရုတ်၏ ဒေသတွင်းသြဇာကိုပါ ထည့်သွင်းစဉ်းစားလာနိုင်သည်။

 

သို့သော် ထို မဟာဗျူဟာတွင် ဆန့်ကျင်ဘက်အခြေအနေတခု ရှိ နေပြန်သည်။ အမေရိကန်က ရှားပါးမြေသတ္တုများ ရရှိရန် မြန်မာစစ်အုပ်စု နှင့် ပူးပေါင်းလိုသော်လည်း၊ ထိုသတ္တုများ တည်ရှိရာ နယ်မြေများနှင့် တင်ပို့မှုကွင်းဆက်အပေါ် တရုတ်က လွှမ်းမိုးထားသည်။ အမေရိကန် တို့ ထို နယ် မြေကို ခြေချ လာသည် နှင့် ဘီဂျင်းသည် ၁၀၂၇ စစ်ဆင်ရေးမျိုး နောက်တကြိမ် ထပ် ဖန်တီး ပေးလာတော့မည်သာ ဖြစ်သည်။

 

စစ်အုပ်စု အတွက်က ရှားပါး မြေသား သတ္တုများ ပေးနိုင်ဖို့ထက် (ပေးချင်‌ သော်မှ ပေးနိုင်စွမ်းမရှိ) အမေရိကန်နှင့် ဆက်ဆံရေး ပြန်လည်ဖွင့်လှစ်လာခြင်း၏ အရေးအကြီးဆုံး အကျိုးကျေးဇူးမှာ နိုင်ငံတကာအသိအမှတ်ပြုမှုနှင့် နိုင်ငံရေးတရားဝင်မှု ရရှိလာပြီဟု ကြွေးကြော်နိုင်ပြီ ဖြစ်သည်။

 

သို့ရာတွင် အမေရိကန် အရာရှိများနှင့် ဆွေးနွေးခြင်း၊ သံတမန်ဆက်ဆံရေး ပြန်လည်ဖွင့်လှစ်ခြင်းနှင့် စစ်အုပ်စုကို တရားဝင်အသိအမှတ်ပြုခြင်းတို့သည် အဓိပ္ပာယ်တူညီသည့် အရာများ မဟုတ်။ အမေရိကန်က ဆက်ဆံရေးစတင်ခြင်း တခုတည်းကြောင့် ပိတ်ဆို့အရေးယူမှုအားလုံးကို ဖယ်ရှား တော့မည် ဟုလည်း ကောက်ချက်ချ၍ မရပေ။

 

အမေရိကန်၏ ဆက်ဆံရေးပြောင်းလဲမှုကြောင့် စစ်အုပ်စုသည် နိုင်ငံတကာဖိအား လျော့နည်းသွားပြီဟု ဆိုကာ အဘယ်အတွက် ကြောင့် အရပ်သားများအပေါ် အကြမ်းဖက်မှုများ လျှော့ချဖို လိုပေတော့မည်နည်းဟု ယူဆလာနိုင်သည်။ အဒမ် ကာစတီလို ကို ပြန်လွှတ်ပြီး ၁၂ ရက် အကြာတွင် ကျောက်တော် ဈေးကြီးကို လက်ရဲဇက်ရဲ ဗုံးကြဲ တိုက်ခိုက်လာ၍ ပြည်သူ ငါးဆယ်ကျော် အသက်ဆုံးရှုံးသွားခဲ့ရသည်။ အမေရိကန် နိုင်ငံခြားဆက်ဆံ‌ ရေး ကောင်စီ၏ အဆိုအရ လေကြောင်းတိုက်ခိုက်မှုများကြောင့် နေ့စဉ်ပျမ်းမျှ အရပ်သား လေးဦးခန့် သေဆုံးခြင်း သို့မဟုတ် ဒဏ်ရာရခြင်းများ ဖြစ်ပွားနေသည်။

 

လယးတဖက် တွင် အမေရိကန်က ဆက်ဆံရေးကို စစ်တပ်၏ အကြမ်းဖက်မှုများ လျှော့ချရေး၊ လူသားချင်းစာနာမှုအကူအညီ ဝင်ရောက်ခွင့်၊ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးနှင့် အားလုံးပါဝင်နိုင်သည့် နိုင်ငံရေးဆွေးနွေးမှုတို့အတွက် ဖိအားပေးကိရိယာအဖြစ် အသုံးချနိုင်လျှင် အကျိုးရှိလာနိုင်သည်။

 

အမေရိကန်၏ လုပ်ရပ်ကို အောက်ပါအချက်များနှင့် စောင့်ကြည့်ရမည် ဖြစ်သည်။

 

(၁) စစ်ခေါင်းဆောင်များအပေါ် ချမှတ်ထားသည့် ကန့်သတ်ချက်များကို ဆက်လက်ထိန်းသိမ်းမည်လား၊ ပြောင်းလဲမည်လား။

(၂) စစ်အစိုးရ အပေါ် လေကြောင်းတိုက်ခိုက်မှုနှင့် အခြားအကြမ်းဖက်မှုများ လျှော့ချရန် တိကျသည့် အရေးယူဆောင်ရွက်မှုများ ရှိလာမလား။

(၃) လူသားချင်းစာနာမှုအကူအညီများကို လိုအပ်နေသူများထံ လုံခြုံစွာ ရောက်ရှိစေရန် အမေရိကန်က ဖိအားပေးနိုင်မလား။

(၄) ဒီမိုကရေစီအင်အားစုများနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကိုပါ ဆက်လက်ထိတွေ့ဆက်ဆံမလား။ ရိုက်တာသတင်းအရ အမေရိကန်အရာရှိများသည် အတိုက်အခံအင်အားစုများနှင့်လည်း ဆက်သွယ်ခဲ့ကြောင်း သိရသည်။

(၅)စစ်အုပ်စု နှင့် သဘောတူညီချက်များ ရရှိရေးကို ဦးစားပေးမည်လား၊ သို့မဟုတ် လူ့အခွင့်အရေးနှင့် ပတ်သက်သည့် အခြေအနေများနှင့် ပါ ချိတ်ဆက်သတ်မှတ်မည်လား။

 

အထက်ပါ အချက်များက အမေရိကန်၏ မူဝါဒသည် လက်တွေ့ကျသည့် သံတမန်ရေးနည်းလမ်းလား၊ သို့မဟုတ် စစ်အုပ်စု ကို နိုင်ငံတကာဖိအားမှ လွတ်မြောက်စေသည့် အပြောင်းအလဲတခုလားဆိုသည်ကို အဖြေပေးသွားမည် ဖြစ်သည်။

 

အရေးကြီးဆုံး အချက်မှာ အမေရိကန်က စစ်အုပ်စု နှင့် စကားပြောနေခြင်း ရှိ၊ မရှိ ထက် ထိုဆက်ဆံရေးကြောင့် မြန်မာပြည်သူများ၏ လုံခြုံရေးနှင့် လူသားချင်းစာနာမှုအခြေအနေ တိုးတက်လာသလား၊ စစ်အုပ်စု၏ အကြမ်းဖက်မှုများကို ထိန်းချုပ်နိုင်မည်လား၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးပြဿနာကို ရေရှည်ဖြေရှင်းနိုင်မည့် လမ်း ပွင့် လာမလား ဆိုသည့် ရလဒ်များသာ ဖြစ်သည်။

 

ဆရာ ဗန်းမော် တင်အောင်၏ စကားကို ငှားသုံးရလျင် လူဆိုသည်မှာ အတ္တစွဲအား ကြီးသော စိတ္တဗေဒ သတ္တဝါ မျိုးသာ ဖြစ်၏၊ နေအောက်ရှိ အရာခပ်သိမ်းကို အတ္တစွဲ ဖြင့်သာ ကြည့်တတ်၏၊ ထင်တတ်၏၊ အဆုံးအဖြတ်လည်း ပြုလေ့ ရှိသည်။ အတ္တ၏ ရောင့်ရဲခြင်းကိုသာ အစဉ်အမြဲ အလို ရှိတတ်၏၊ အလို မပြည့်လျင် ရှာလေ့ရှိ၏၊ ရှာ၍ မတွေ့လျင် ကြံစည်တတ်၏၊ ရရှိသော အခါ ၎င်း၏ အတ္တလောက အတွင်း၌ နှစ်သိမ့်ကြည်နူး၍ နေတတ်သည်။ နိဗ္ဗာန် ဆိုက်၍ နေတတ်သည်။

 

ထိုသတ္တဝါများ ထဲတွင် ထရမ့် နှင့် မင်းအောင်လှိုင်တို့သည် သူ့နည်းသူ့ဟန် ဖြင့် ပြိုင်ဘက် ကင်းနေကြသူများ ဖြစ်ပေသည် တကား။

 

ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!