တရားခွင်ကို စောင့်မျှော်နေကြသည့် လူများသည် စွပ်စွဲခံထားရသူကို ငေးကြည့်နေကြပြီး လက်ရှိ တွေ့မြင်နေရတဲ့ ပုံစံနှင့် ၎င်း ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုကြီးနှင့် ဆက်စပ်တွေးတောဖို့ ခက်ခဲနေကြသည်။ စျေးပေါ ပေါ ကုတ်အင်္ကျီ ကို ဝတ်ဆင်ထားပြီး အိုမင်း ရင့်ရော် နေသည့် အပြင်၊ သွားတုကို အမြဲလိုလို စုပ်နေပြီး နှာခေါင်းကိုလည်း လက်ကိုင်ပုဝါ အဖြူကြီး နှင့် ညှစ်ထုတ်နေသည့် ထိုပုဂ္ဂိုလ်သည် သန်းနှင့် ချီသော လူများကို စိတ်အားထက်သန်စွာ သတ်ဖြတ်နေမှု ကို ကြီးကြပ်ကွပ်ကဲခဲ့ရသည့် အဖွဲ့ ခေါင်းဆောင် ဖြစ်သည် ဆိုသည်ကို ယုံကြည် နိုင်ဖို့ အတော့်ကို ခဲယဉ်း နေကြသည်။
"တယောက်တည်း အထီးကျန်ပြီး ဒုက္ခရောက်နေတဲ့ လူတယောက်အပေါ် သာမန် အားဖြင့် ဖြစ်ပေါ်လာတတ်တဲ့ စိတ်ခံစားမှုကတော့ သနားဂရုဏာ ပါပဲ" လို့ သတင်းထောက် မားသာ ဂယ်ဟွန်း က သူမ၏ မှတ်စုစာအုပ်ထဲတွင် ရေးသားခဲ့သည်။ "ဒါပေမဲ့ တရားခွင်ထဲက ဒီလူကို ကြည့်ပြီးတော့ ဘယ်လိုမှ သနားစိတ် ဖြစ်မလာခဲ့ဘူး၊ တကြိမ်တခါ လောက် တောင် မဖြစ်ခဲ့ဘူး"
"သူ့ရဲ့အသံက နားခါးစရာ ကောင်းတယ်၊ အသံက ဘယ် လောက် ပြင်းလဲဆိုရင် တူနဲ့ဓားကို သတိရစေတဲ့ အသံမျိုး။ အသံ၊ အသံထွက်ဝေါဟာရ ဒါမှမဟုတ် ဝေါဟာရအသုံးအနှုန်း ဘယ်အချက်နဲ့မှလည်း သူဟာ ပညာတတ်လူတန်းစားထဲက မဟုတ်ပါဘူး" ဟု The Atlantic Monthly မဂ္ဂဇင်းအတွက် တရားခွင်ကို သတင်းယူနေသည့် ဂယ်ဟွန်း က ရေးသားခဲ့သည်။
သို့သော် လူအများစု၏ ရွံရှာမုန်းတီးမှုကို ခံရသော်လည်း လူနည်းစုကမူ အိုက်ခမန်းဘက်တွင် ရှိနေကြသည်။ အာဂျင်တီးနားနိုင်ငံမှ သူ့ကို ပြန်ပေးဆွဲသွားသည့် သတင်း ထွက်ပေါ်လာပြီးနောက် တကမ္ဘာလုံးတွင် ဂျူး လူမျိုးများကို မုန်းတီးသည့် အကြမ်းဖက်မှု များ လှိုင်းလုံးကြီးတခု သဖွယ် မြင့်တက် လာခဲ့သည်။ အစ္စရေးနိုင်ငံသည် ၎င်း၏ ရန်လိုသော အပြုအမူကြောင့် ကမ္ဘာ့သတင်းစာများ၏ ပြင်းထန်သော ဝေဖန်တိုက်ခိုက်မှုကို ခံခဲ့ရပြီး၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကလည်း အိုက်ခမန်းကို ပြန်ပေးဆွဲမှုကို ရှုတ်ချသည့် ဆုံးဖြတ်ချက်တခုကို ချမှတ်ခဲ့သည်။ ဤလုပ်ရပ်အပေါ် အစ္စရေးရှိ လူအများစုကလည်း ဂျုး များကို လူမျိုးရေးအရ မုန်းတီးသည့်လုပ်ရပ်တခုအဖြစ် ရှုမြင်ခဲ့ကြသည်။
အစ္စရေး နိုင်ငံအပေါ် နောက်ထပ် ဝေဖန်မှု တခုကမူ မထင်မှတ်ထားသည့် နေရာမှ ထွက်ပေါ်လာခဲ့သည်။ ၎င်းမှာ အိုက်ခမန်း ကို ဗျူနို အေရိစ်တွင် မော့ဆက် မှ ရှာဖွေတွေ့ရှိရန် ပထမဆုံး အစပြုကူညီပေးခဲ့သူ၊ နာဇီဖက်ဆစ်တို့၏ ဖမ်းဆီးခြင်း ခံခဲ့ရပြီး သေမင်းတမန် အကျဉ်းစခန်း သို့ ပို့ခံရ၍ မျက်စိကွယ်နေသူ လိုသာ ဟာမန် ပင် ဖြစ်သည်။
သူသည် ယခုအခါ ဆင်းရဲမွဲတေစွာ နေထိုင်နေရပြီး အစ္စရေး တို့ ထံမှ ထိုက်တန်သည့် ငွေကြေးဆုလဒ် အထောက်အပံ့ မရရှိခဲ့ခြင်းအပေါ် အလွန်အမင်း စိတ်နာကျေကွဲနေသူလည်း ဖြစ်သည်။
လွန်ခဲ့သော ရက်သတ္တပတ်အနည်းငယ် ၁၉၆၁ ခုနှစ်၊ မတ်လ ၂၃ ရက်နေ့တွင် ဟာမန်သည် အာရုံကြောအားနည်းပြီး စိတ်ဖိစီးမှုလွန်ကဲလာမှု နှင့် အတူ ၎င်း၏ ပုံမှန်မဟုတ်သော အပြုအမူများကြောင့် ရဲစခန်းသို့ ခေါ်ဆောင်သွားခြင်း ခံခဲ့ရသည်။ ရဲစခန်းတွင် ဟာမန်က မိမိကိုယ်ကို ဂျိုးဇက် မန်ဂယ်လီ ဖြစ်သည်ဟု ဝန်ခံပြောဆိုခဲ့ပြီး၊ ထိုကဲ့သို့ ထွက်ဆိုချက်ကြောင့်ပင် သူသည် ချက်ချင်း ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။ အမှန်တရား ပေါ်ပေါက်လာရန်အတွက် ၂၄ နာရီခန့် အချိန်ယူခဲ့ရသော်လည်း ထိုကာလအတွင်းမှာပင် မန်ဂယ်လီ မိသွားပြီဟူသော သတင်းသည် ကမ္ဘာတဝန်းသို့ တောမီးပမာ ပျံ့နှံ့သွားခဲ့လေသည်။
တကယ်တမ်းတွင် 'သေမင်း၏တမန်တော်ကြီး" မန်ဂယ်လိ မှာမူ လွတ်မြောက်နေဆဲပင် ဖြစ်သည်။ တချိန်တည်းမှာပင် အိုက်ခမန်း ကို ဟိုင်ဖာမြို့ရှိ အကျဉ်းထောင်မှ မိုင်တရာအကွာအဝေးရှိ ဂျေရုဆလင်မြို့သို့ လွန်ခဲ့သောတပတ်က တည်းက ခေါ်ဆောင်လာခဲ့သည်။ သူသည် ယခုအခါ ဘိတ် ဟာ အမ် အဆောက်အအုံ၏ အပေါ်ဆုံး ထပ်ရှိ သူ့အတွက် အထူးဆောက်လုပ်ထားသော အကျဉ်းထောင် အခန်းတွင် ရောက်နေပြီ ဖြစ်သည်။ ထိုအဆောက်အအုံကို ၁၀ ပေအမြင့်ရှိ အုတ်တံတိုင်းများ ပတ်ပတ်လည် ကာရံထားသည်။
ထို့အပြင် တရားခွင်သို့ တက်ရောက်လာကြသူ အားလုံးအတွက်လည်း တင်းကျပ်သော လုံခြုံရေး အစီအမံများကို ဟာကွက် မရှိအောင် ချမှတ်ထားသည်- အဆောက်အအုံအတွင်းသို့ ဝင်ရောက်လာသူတိုင်းအား ကိုယ်ထိလက်ရောက် ရှာဖွေစစ်ဆေးမှုခံယူရန် ကွန်ကရစ်ဖြင့် တည်ဆောက်ထားသော လူတရပ်စာခန့်သာ ဝင်ဆံ့သည့် ကျဉ်းမြောင်းသော အကန့်ငယ်လေး တခုတွင်း ဝင်ရမည်ဖြစ်သည်။ တရားခွင်အတွင်းသို့ အိတ်များနှင့် အထုပ်များ ယူဆောင်ခွင့်မပြုပေ။
နောက်ဆုံးတွင် တရားခွင် စတင်တော့သည်။ "ဘိတ် ဟာမိစပါ့သ်" ဟု တရားရုံး စာရေးကြီး ၏ အသံက ကျယ်လောင်စွာ ထွက်ပေါ်လာသည် —အဓိပ္ပါယ်က "တရားမျှတမှု အိမ်တော်ရာ" ဟူ၍ ဖြစ်သည်။ သူသည် ၎င်းစကားရပ်များကို ပြေပြစ် ချောမွေစွာ အော်ပရာ ပြဇာတ် တပိုဒ် အလား ပိုင်ပိုင်နိုင်နိုင်ဖြင့် ဟစ်ကြွေးပြောဆိုတတ်သည့် သက်ကြီးရွယ်အို တဦး ဖြစ်သည်။
အစ္စရေးတို့အနေဖြင့် ပြဇာတ်ဆန်ဆန် ဟန်ဆောင်တရားခွင်တခု ဟု အထင်ရောက်မည့် အခြေအနေမျိုးကို ရှောင်ရှားရန် အထူး သတိထား ဆောင်ရွက်ခဲ့ကြသည်၊ ထိုအဖွင့်စကားများ၏ အရှိန်အဝါက အဒေါ့ဖ် အိုင်ခမန်း အဖို့ ဤတရားရုံးသည် နျူရင်ဘတ် တရားခွင်များနှင့် လုံးဝဥဿုံ ကွာခြား နေလိမ့်မည်ဆိုသည်ကို မလွှဲမသွေ သတိပေးနေသလို ဖြစ်လာစေခဲ့သည်။
နျူရင်ဘတ် တွင် လူမျိုးတုံးသတ်ဖြတ်မှုများအပါအဝင် ဂျူးလူမျိုးများအပေါ် ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများသည် စစ်ရာဇဝတ်မှု တရားစွဲဆိုမှုများ၏ တစိတ်တပိုင်းမျှသာ ဖြစ်ခဲ့သည်။ ယခု အိုက်ခမန်း၏ တရားခွင်တွင်မူ ၎င်း၏ ရက်စက်ကြမ်းကြုတ်မှုများကိုသာ အဓိကထား စစ်ဆေးသွားမည်ဖြစ်ပြီး "စားပွဲခုံနောက်ကွယ်မှ လူသတ်သမား" ၏ ကံကြမ္မာကို ဆုံးဖြတ်မည့်သူများမှာ ဂျူးလူမျိုးများပင် ဖြစ်ကြသည်။
အစ္စရေး တရားသူကြီး သုံးဦးစလုံးသည် အနက်ရောင် ဝတ်ရုံများကို ဝတ်ဆင်လျက် ဘယ်ဖက် တံခါးပေါက်မှတဆင့် တရားခွင်အတွင်းသို့ ဝင်ရောက်လာကြရာ ပရိသတ် ၇၅၆ ဦးစလုံး မတ်တပ်ရပ်လိုက်ကြသည်။ တရားသူကြီးများသည် အိုက်ခမန်း ၏ အနီးရှိ စင်မြင့်ထက်တွင် နေရာယူကြပြီး ၎င်းတို့၏ အောက်ဘက်တွင်မူ တရားရုံးလက်ရေးတို လက်နှိပ်စက် စာရေးများနှင့် ဘာသာပြန်မည့်သူ နှစ်ဦး ထိုင်နေကြသည်။
"ခင်ဗျားဟာ အဒေါ့ဖ် အီခ်မန်းရဲ့ သား အဒေါ့ဖ် ဟုတ်ပါသလား" ဟု တရားသူကြီးချုပ် မိုရှယ် လန်ဒေါက တည်ကြည်လေးနက်သော မျက်နှာထားဖြင့် မေးမြန်းလိုက်သည်။
"ဟုတ်ပါတယ်!" ဟု တရားခံဖြစ်သူက မတ်မတ်ရပ်လျက် ပြန် ဖြေသည်။ "ခင်ဗျားကို ဒီတရားရုံးမှာ ပုဒ်မ ၁၅ ခုပါဝင်တဲ့ စွဲချက်တင်လွှာနဲ့ တရားစွဲဆိုထားပါတယ်။ အစိုးရရှေ့နေကိုယ်စား ဒီစွဲချက် တွေကို ကျွန်တော် ဖတ်ပြမယ်၊ ပြီးတော့ ဂျာမန်ဘာသာနဲ့လည်း ဘာသာပြန်ပေးလိမ့်မယ်" ဟု တရားသူကြီးက ဆက်ပြောသည်။
အိုက်ခမန်းသည် စွဲချက်များကို ဖတ်ကြားနေစဉ်အတွင်း ဆက်၍ မတ်တပ်ရပ်နေဆဲပင် ဖြစ်သည်။ အခန်းတဖက်ခြမ်းရှိ ခုံတန်းမှနေ၍ သူ့အား ခုခံကာကွယ်မည့် ဂျာမန်ရှေ့နေ ရောဘတ် ဆာဗာတီယပ်စ် ကလည်း နားထောင်နေသည်။
ဆာဗာတီယပ်စ်သည် ဒုတိယကမ္ဘာစစ်အတွင်းက ဂျာမန်စစ်တပ်တွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်ပြီး၊ သူ၏ ရှေ့နေခကို အစ္စရေးအစိုးရက ကျခံပေးနေခြင်း ဖြစ်သည်။ သူသည် ကိုလုံးမြို့မှ လှပ ကျော့ရှင်း သော ရွှေဝါရောင် ဆံပင်ပိုင်ရှင် အတွင်းရေးမှူးကိုပါ ခေါ်ဆောင်လာခဲ့ပြီး၊ သူမသည် ဆာဗာတီယပ်စ်၏ ဘယ်ဘက်ခြမ်းတွင် ထိုင်နေသည်။
တရားသူကြီး လန်ဒေါက ပုဒ်မ ၁၅ ခုစလုံးကို တခုချင်းစီ အသေးစိတ် အချက်အလက်များနှင့်တကွ အကျယ်တဝင့် ဖတ်ပြခဲ့ရာ စုစုပေါင်း မိနစ် ကိုးဆယ်ခန့် ကြာမြင့်ခဲ့လေသည်။
************