"ဒီ လူ ကို ကျွန်တော်တို့ သဘောမကျဘူး၊ မဆက်ဆံချင်ဘူး၊ ဒါပေမယ့် မခေါ်လို့ကလည်း မဖြစ်ဘူး၊ သူနဲ့ ရိုဟင်ဂျာ တွေ ကိစ္စ ပြောဖို့ ရှိနေတယ်"
ထိုကဲ့သို့ ထုတ်မပြောသော်လည်း၊ အလားတူ သဘောထား မျိုး နှင့် ဒုက္ခသည် အရေး ဖြေရှင်းရန် မြန်မာဘက်နှင့် မဖြစ်မနေ ဆက်သွယ်ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း ကာကွယ်ပြောဆိုထားသည်။
ဤသည်ကား ထိုကဲ့သို့ သဘောထား မှတ်ချက်မျိူး နှင့် ပထမဦးဆုံး သွားရမည့် ပြည်ပ ခရီးလည်း ဖြစ်နေသည်။
ထိုကဲ့သို့ အပြောအဆိုမျိုး နှင့် ဖိတ်ခေါ် လိုက်သည်ကို ပုံမှန် စိတ် ရှိသူ ဆိုပါက ထိုခရီးစဉ်ကို လားလား မှပင် သွားဖို့ စိတ်ကူးမည်မဟုတ်၊ သို့သော် မင်းအောင်လှိုင်က တော့ ပြုံးဖြီးဖြီး နှင့် သွားပေဦးတော့မည်သာ ဖြစ်သည်။
ထိုသို့ ဖြစ်လာရန်လည်း ရိုဟင်ဂျာ ၅,၀၀၀ ကို လက်ခံပါမည်ဟု အလဲအလှယ် လုပ်ခဲ့ပြီး ဖြစ်သည်။ မလေးရှားအစိုးရသည် စက်တင်ဘာ ၂၉ ရက် က ပထမသုတ် အဖြစ် ရိုဟင်ဂျာ ၁,၅၀၀ နီးပါးကို စစ်အုပ်စု မှ စေလွှတ်သော မုတ္တမ၊ ဆင်ဖြူရှင်၊ သံလွင် စစ်သင်္ဘော ၃ စီးဖြင့် တင်ပို့ပေးလိုက်ပြီ ဖြစ်သည်။
ထို ဒုက္ခသည်များကို မြန်မာ ၏ မည်သည့် ဆိပ်ကမ်းတွင် ဆိုက်ကပ်မည် ဆိုသည်ကို ယခုထိ သတင်း အစအန မရသေးပဲ ရှိနေဆဲ ဖြစ်သည်။
ဒုတိယအဆင့်အနေဖြင့် ကျန်ရှိသော ရိုဟင်ဂျာ ၃,၅၂၄ ဦးကို ထပ်မံစေလွှတ်ရန် မလေးရှားဘက်က ပြင်ဆင်နေသည်။
ကုလသမဂ္ဂ နှင့် ကြက်ခြေနီ အဖွဲ့အစည်းများ၊ အင်ဂျီအို အဖွဲ့ များက အဆိုပါ ဒုက္ခသည်များက ၎င်းတို့၏ သဘောဆန္ဒ အလျှောက် ပြန်ရန် ဆန္ဒပြုခဲ့သည် ဆိုသော မလေးရှား၏ အပြောကို ပယ်ချခဲ့ကြပြီး လက်ရှောင်နေကြသည်။
မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က ဒုက္ခသည်များ နေရပ်ပြန်လည်ပို့ဆောင်ရာတွင် လုံခြုံရေးနှင့် မည်သို့ ထားရှိ ပံ့ပိုး ပေးသွားမည့် ကိစ္စများများ သေချာစေရန် မြန်မာဘက်နှင့် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
သို့သော် ၎င်းတို့၏ မူရင်း ဒေသတွင်တော့ လေကြောင်းရန်သည် အရင် နှစ်များကလို တခါတရံမှ ကြုံရသည့် တိုက်ခိုက်ခံရခြင်း မျိုး မဟုတ်တော့ဘဲ မိုးပြာ ရောင်ကောင်းကင်ပြင် ကျယ်သည် သေမင်းတမန် လို ဖြစ်လာသည့် အမြဲ လို သတိရှိရမည့် ဘေးအန္တရာယ်တခု အဖြစ် ရောက်ရှိ နေပြီ ဖြစ်သည်ဟု နိုင်ငံတကာ သတင်းများက ရည်ညွှန်း ပြောဆို လျက် ရှိနေသည်။
မလေးရှား ဝန်ကြီးချုပ် အဖို့ မျက်နှာ ပျက်စရာ ဖြစ်သွားခဲ့ရသည်က ၎င်း ကော်ဇော်နီ ခင်း၍ နိုင်ငံတော် အခမ်းအနား နှင့် ကြိုရမည့် ပုဂ္ဂိုလ်သည် ကျောက်တော်မြို့ ရှိ လူစည်ကားရာဈေးကြီးအား ၎င်း၏ လေတပ်က လူပေါင်း ၅၀ ကျော် အထိ အသေအပျောက် ရှိအောင် ရက်ရက်စက်စက် တိုက်ခိုက်ခဲ့၍ လူ့အခွင့်အ ရေး အဖွဲ့အစည်းများ၊ နိုင်ငံခြားအစိုးရများနှင့် ကုလသမဂ္ဂ လူ့အခွင့် အရေး အကြီးအကဲ အပါအဝင် ကုလ အေဂျင်စီများက ဝိုင်းဝန်း ရှုတ်ချကန့်ကွက်ခံနေရချိန် နှင့် တိုက်ဆိုင်နေ၍ ဖြစ်သည်။
ဦးခိုင်သုခ မှ ဧရာဝတီ သတင်းဌာန နှင့် အင်တာဗျူး ရာတွင် ယခုလို ပြောသွားခဲ့သည်။
စစ်အုပ်စု က ရက္ခိုင့်တပ်တော် ကို ထောက်ခံသူမှန်သမျှသည် အမြစ်ပြတ်ချေမှုန်းရန် လိုအပ်သည့် ရန်သူများအဖြစ် မြင်ကြသည်။ ဤစိတ်နေသဘောထားသည် မြန်မာ စစ်တပ် ၏ လူမဆန်ပြီး ဖက်ဆစ်ဆန်သော သရုပ်ကို ထင်ဟပ်ဖော်ပြနေခြင်း ဖြစ်ကြောင်း။
စစ်မျက်နှာ ပေါင်းစုံတွင် ၎င်းတို့၏ ထိုးစစ်များသည်အကျအဆုံးများစွာ ဖြင့် တပ်လန်ကုန်ကြပြီး အချို့ဒေသများတွင် ထိုးစစ်မှ ခံစစ် အဖြစ်သို့ ကူးပြောင်းကုန်ကြရ ကြောင်း။ ဆုံးရှုံးမှုများ မြင့်တက်လာသည့်အခါ ၎င်းတို့၏ လုပ်နေကျ ပုံစံအတိုင်း အရပ်သားများကို ပစ်မှတ်ထားတိုက်ခိုက်ကြခြင်း ဖြစ်သည်။ ဤသည်မှာ ထင်ရှား လှသောလူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုတခု ဖြစ် ကြောင်း။
ထိုကဲ့သို့ သတ်ဖြတ် နေမှု များသည် တရားမျှတမှုအတွက် တိုက်ပွဲဝင်နေကြသည့် ရခိုင်ပြည်သူများ၏ စိတ်ဓာတ်ကို မည်သည့်အခါမျှ အနိုင်ယူ ချိုးနှိမ်နိုင်မည်မဟုတ်သည့် အပြင် မိမိတို့၏ စည်းလုံးညီညွတ်မှုနှင့် ဆုံးဖြတ်ချက်ခိုင်မာမှုကို ပိုမိုအားကောင်းလာစေမည် ဖြစ် ကြောင်း။
၎င်းတို့ မတရားမှုများ ကျုးလွန်လေ လေ မိမိတို့၏ တော်လှန်ရေးသည် ပို၍ပင် လုပ်သင့်လုပ်ထိုက်မှု အဖြစ် တရားဝင်လာရုံသာမက မလွှဲမသွေ လိုအပ်လာကြောင်း သိလာကြမည် သာ ဖြစ် ကြောင်း ပြောဆို သွားခဲ့သည်။
"We must speak. We must take sides. For neutrality helps the oppressor, never the victim.
Elie Wiesel
ကျွနုပ်တို့ ပြောမှ ဆိုမှ ဖြစ်မည်။ ဘက် လိုက်ကို လိုက်ရမည်၊ ကြားနေခြင်းသည် ဖိနှိပ်သူကိုသာ အားပေးကူညီရာရောက်ပြီး၊ ခံရသူ များကို တစုံတရာမျှ ကူညီနိုင်မည် မဟုတ် သော ကြောင့် ဖြစ်သည်။
— အယ်လီ ဝီဇယ်
အယ်လီ ဝီဇယ် သည် ဟိုလိုကို့စ် ဟုခေါ်သော နာဇီဂျာမနီတို့၏ ဂျုး လူမျိုး များအား အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုမှ အသက်ရှင်လွတ်မြောက်လာခဲ့သူ ရိုမေးနီယား ဖွား နာမည်ကျော် အမေရိကန် စာရေးဆရာ၊ ပညာရှင်၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူနှင့် ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် (၁၉၈၆) တဦးပင် ဖြစ်သည်။
အထက်ပါ စကားသည် လူ့အခွင့်အရေးနှင့် တရားမျှတ ရေး လှုပ်ရှားမှုများတွင် လွန်စွာမှ ထင်ရှားခဲ့ပေသည်။
ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!